ဟိုယခင်အလယ်တန်းကျောင်း သင်ခန်းစာများမှ ကမ္ဘာ့ပထဝီဝင် သင်ယူရစဉ်က မက်ဆိုပိုတေးမီးယား လွင်ပြင်အကြောင်း၊ ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ်တို့ အကြောင်းကို ဖတ်ခဲ့ရဖူးသည်။ သမိုင်းသင်ခန်းစာများမှာလည်း ကမ္ဘာ့အနောက်ပိုင်း၌ ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈)ခုနှစ် စတင်ဖြစ်ပွားချိန်တွင် ဗြိတိသျှကိုလိုနီ လက်အောက်ခံ နိုင်ငံသားများက မက်ဆိုပိုတေးမီးယား စစ်မြေပြင်ရှိ ဗြိတိသျှတပ်များတွင် သွားရောက်တာဝန် ထမ်းဆောင်ရန်
ဆင့်ခေါ်ချက်အရ သခင်ဖိုးလှကြီးအပါအဝင် မြန်မာနိုင်ငံသားများ အင်အားဖြည့်ပေးရကြောင်း မှတ်သားရဖူးသည်။ ၁၉ ရာစုနှစ်ဦးပိုင်းက မက်ဆိုပိုတေးမီးယား လွင်ပြင်သည် ယနေ့အီရန်နှင့် အီရတ်နိုင်ငံတို့ တည်ရှိသော နေရာဖြစ်ကြောင်းလည်း သိရသည်။
အီရန်နှင့်အီရတ်နိုင်ငံတို့သည် ဆဟာရသဲကန္တာရ တစ်ပိုင်းနိုင်ငံများဖြစ်ပြီး ရွှေမည်းဟု ခေါ်ကြသော ရေနံကြွယ်ဝသည့် နိုင်ငံများဖြစ်သော်လည်း သောက်သုံးရေရှားပါးသည့် ဒေသများဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ်များက ပင်လယ်ရေကြောင်း ကူးသန်းသွားလာရေး ဖွံ့ဖြိုးချိန်တွင် အီတလီနိုင်ငံရှိ ဗင်းနစ်မြို့သည် အရောင်းအဝယ် စည်ကားသဖြင့် ဗင်းနစ်မြို့သူမြို့သားများ ချမ်းသာကြွယ်ဝကြသည်ကို အစွဲပြု၍ အီရတ်နိုင်ငံ တောင်ပိုင်းရှိ ဘာစရာမြို့ကိုလည်း အရှေ့တိုင်း၏ ဗင်းနစ်မြို့ဟု တင်စားခေါ်ဝေါ်ကြသည်။ အီရတ်နိုင်ငံ၏ အဓိကမြစ်နှစ်မြွှာဖြစ်သော ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ်တို့ကြားတွင် တည်ရှိသည့် ဘာစရာမြို့သို့ တူးမြောင်းများ ဖောက်လုပ်၍ ရေကြောင်းသွားလာရေးနှင့် သောက်သုံးရေ ရရှိရေးအတွက် လုံလောက်အောင် အသုံးပြုနိုင်ရန် ဖန်တီးထားသည်။ မြစ်နှစ်မြွှာ၏ အထက်အညာတွင် တည်ရှိသော တူရကီ၊ ဆီးရီးယားနှင့် အီရန်နိုင်ငံတို့က ဆည်တမံများ တည်ဆောက်ခြင်းကြောင့် အီရတ်နိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းရာတွင် ရေအရင်းအမြစ် ရရှိနိုင်မှု နည်းပါးသွားသည်။ အကျိုးဆက်အနေဖြင့် ဥတုရာသီတောကိုမှီ၏ ဆိုထားသည်နှင့်အညီ မြစ်နှစ်မြွှာမှ ရေရရှိမှုနည်းပါးသော ဘာစရာမြို့တည်ရှိရာ ဒေသတွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် စိုက်ပျိုးမြေများမှာ ဆားပွင့်အနေအထား ရောက်ရှိပြီး သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလွန်ခက်ခဲနေကြောင်း သြဂုတ် ၂ ရက်က BBC သတင်းဖော်ပြချက်အရ သိရသည်။
ယနေ့ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးခေါင်ရေရှားခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း စသည့် သဘာဝဘေးအန္တရာယ် များကြောင့် ဂေဟစနစ်များ ပျက်စီးဆုံးရှုံးနေသဖြင့် ကမ္ဘာ့ပြည်သူများအတွက် ရိက္ခာထုတ်လုပ်မှုများ ကျဆင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မုတ်သုံမိုးရွာသွန်းမှု များပြားခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမြေပြိုမှုများ ဖြစ်ပွားလျက်ရှိရာ သီးနှံစိုက်ပျိုးမြေများ ပျက်စီးခြင်း၊ လူနေအိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာကျောင်းများ ပျက်စီးခြင်းတို့ ဖြစ်နေချိန်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့်လည်း လူနေအိမ်များ ပျက်စီးမှုရှိကြောင်း သိရသည်။
ရထားလမ်း၊ ကားလမ်းများရေကျော်နေသဖြင့် ခရီးစဉ်များ ခေတ္တရပ်နားထားရသည်။ ယနေ့အချိန်တွင် အချို့ဒေသများ၌ ရေကျသွားသဖြင့် ရထားလမ်း၊ ကားလမ်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ပြီး ယာယီရေဘေး ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ခိုလှုံနေကြရသော ပြည်သူအချို့ မိမိတို့နေအိမ်များသို့ ပြန်လည်နေထိုင်ကြပြီ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ဇူလိုင်တတိယရက်သတ္တပတ်က ရွာသွန်းသောမိုးကြောင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်မရောမြို့နယ်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။ အဆက်မပြတ် ရွာသွန်းသည့်မိုးနှင့် တောင်ကျချောင်းရေ တို့ကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအများအပြား ရေကြီးနစ်မြုပ်ခဲ့ပြီး လူဦးရေ ၁၃ဝဝဝ နီးပါးမှာ ကယ်ဆယ်ရေးစခန်း ၄၃ ခုတွင် ပြောင်းရွှေ့ခိုလှုံနေကြရသည်။ ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၁ဝ၂၂ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၃ဝ ရက်က တိုင်းထွာချက်အရ ၉၈၇ စင်တီမီတာသို့ ကျဆင်းသွားပြီဖြစ်သည်။ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသူများမှာ မြစ်ရေကျသွားသဖြင့် မိမိတို့နေအိမ်သို့ပြန်လိုလျက် အပြန်ခက်နေကြသော အကြောင်းများမှာ နေအိမ်ပျက်စီးမှု ရှိ၊ မရှိ မသိရသေးခြင်း၊ သောက်ရေအခက်အခဲနှင့် အထူးသဖြင့် သန့်ရှင်းသော သောက်သုံးရေ အခက်အခဲရှိခြင်းတို့ဖြစ်သည်။
ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် ဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှု လျော့နည်းသက်သာစေရန် ရာသီဥတုကို ထိန်းညှိပေးသော သစ်တောသစ်ပင်များ စိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ရေးတို့ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ဆောင်ရွက်နေကြရာ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ဇွန်၊ ဇူလိုင်လများတွင် သစ်ပင်စိုက်ပျိုးရေးကို တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီး၌ အလေးထား ဆောင်ရွက်နေကြသည်။ တပ်မတော်သည် ရာသီဥတု ထိန်းညှိရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးတို့အတွက် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေးကို တစ်တပ်တစ်အား ဆောင်ရွက်လျက်ရှိသည်။ နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊ လေ) မိသားစုများ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် သြဂုတ် ၃ ရက်အထိ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်များ အပါအဝင် စုစုပေါင်း ၁၂၇၂၆၃ ပင်အား စိုက်ပျိုးထားပြီးဖြစ်သည်။ အလားတူ သြဂုတ် ၃ ရက်တွင် တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို တစ်ပြိုင်တည်း ကျင်းပစိုက်ပျိုးကြရာ တပ်မတော်တစ်ရပ်လုံး အနေဖြင့် စိုက်ပျိုးသည့် အပင်စုစုပေါင်း ၃၇၇၅ဝ၄ ပင်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ တောတောင်ခြောက်ခန်း လယ်ယာနွမ်းမဖြစ်စေရန် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးအတွက် ကြီးမားသော အထောက်အကူပေးသည့် သစ်ပင်များစိုက်ပျိုး၍ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းရေးကို ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု မျှတကောင်းမွန်မှုရလဒ်၏ အကျိုးဆက်များကို ပြည်သူတို့ ရရှိကြမည်ဖြစ်ကြောင်း အလေးအနက်ထားကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။