SJ WorldNews - шаблон joomla Авто

ကမ္ဘာရွာကြီးမှ အလင်းတန်းတစ်ခုကို ဖော်ဆောင်ခဲ့သည်

Thursday, 09 August 2018 09:02 font size decrease font size decrease font size increase font size increase font size

ယခင်ကာလများတွင် ကမ္ဘာကြီးသည် အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူသော အကန့်အသတ် အတားအဆီးများဖြင့် တည်ရှိခဲ့ရာမှ ယနေ့အချိန်၌ ကမ္ဘာရွာကြီးအဖြစ် ပြောင်းလဲရောက်ရှိခဲ့ပြီ ဖြစ်သည်။ ရွာကြီးတစ်ရွာအသွင်သို့ ပြောင်းလဲလာခြင်းကြောင့် နိုင်ငံအချင်းချင်း ဆက်ဆံရေးသည်လည်း ပို၍နီးကပ်ပြီး ကမ္ဘာ့ပြည်သူများ အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် အသီးသီး တိုးတက်လာကြသည်။

ကမ္ဘာ့ပြည်သူများအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ အဖြာဖြာတို့ ပါဝင်ကြပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်ကိုလည်း မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြရသည်။မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးလျက် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှု၍ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုများကို စောင့်ထိန်းသော နိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးတွင် နိုင်ငံတော်အစိုးရ အချင်းချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်း ဆက်ဆံရေး၊ တပ်မတော် အချင်းချင်း ဆက်ဆံရေးတို့ကို တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။

ကမ္ဘာ့နိုင်ငံများနှင့် တပ်မတော်အချင်းချင်း ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်လျက် ရှိရာတွင် တပ်မတော်သား တစ်ဦးချင်းစီ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်ရေး ဆောင်ရွက်မှုအနေဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာကွယ်ရေး ဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပပြုလုပ်သည့်  International Army Games-2018 ပြိုင်ပွဲသို့ မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့၊ ဆေးတပ်ဖွဲ့နှင့် လက်ဖြောင့်သေနတ်ပစ် တပ်ဖွဲ့တို့မှ ဝင်ရောက်ယှဉ်ပြိုင် နေကြသည့်အပြင် ယင်းပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ကလည်း ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲတွင် ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပသည့် Tank Biathlon တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲသို့ မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၁ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင်နိုင်ငံ ၂၂ နိုင်ငံအနက် နိုင်ငံအလိုက် အဆင့် (၁၆) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။ မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့သည် ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၉ ရက်အထိ ကျင်းပသည့် ပစ္စတိုနှင့် AK 74 M မောင်းပြန်ရိုင်ဖယ် ပစ်ခတ်စဉ်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၊  အမျိုးသား/ အမျိုးသမီး  အထူးစွမ်းရည်ပြိုင်ပွဲ၊ ယာဉ်မောင်း စွမ်းရည်ပြိုင်ပွဲ၊ ဆေးမှူးအမျိုးသား/ အမျိုးသမီး အရေးပေါ်ဆေးရုံပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး အဖွဲ့လိုက် စွမ်းရည်ပြိုင်ပွဲ စုစုပေါင်းပြိုင်ပွဲ အမျိုးအစား ၁ဝ မျိုးသို့ ဆေးမှူး၊ သူနာပြုနှင့် ယာဉ်မောင်းအဖွဲ့ဝင် ၁၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်ကိုးနိုင်ငံမှ ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းယှဉ်ပြိုင်ကြသည့်အနက် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့က အဆင့်(၆)နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ဆေးမှူးအမျိုးသား/ အမျိုးသမီး အရေးပေါ်ဆေးရုံ ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆေးမှူးအမျိုးသား ပြိုင်ပွဲတွင် အဆင့်(၄)နှင့် ဆေးမှူးအမျိုးသမီး ပြိုင်ပွဲတွင် အဆင့်(၅) အသီးသီး ရပ်တည်နိုင်ကြသည်။

မြန်မာ့တပ်မတော် လက်ဖြောင့်သေနတ်ပစ် တပ်ဖွဲ့သည် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၁ ရက်အထိ ကျင်းပသည့် လက်ဖြောင့်သေနတ် ပစ်ခတ်ခြင်း ပြိုင်ပွဲသို့ အဖွဲ့ဝင်ကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပွဲစဉ်သုံးမျိုး၌ ပြိုင်ပွဲဝင် ၁၈ နိုင်ငံရှိသည့်အနက် မြန်မာ့တပ်မတော် လက်ဖြောင့်သေနတ်ပစ် တပ်ဖွဲ့က ပွဲစဉ်(၁)ပစ်ခတ်စဉ်တွင် နိုင်ငံအလိုက်အဆင့်(၁၁)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

 International Army Games-2018 ပြိုင်ပွဲ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သြဂုတ် ၁ ရက်မှ ၁၂ ရက်အထိ Creative Competition ပြိုင်ပွဲ၊ House of  Friendship ပြိုင်ပွဲနှင့် Tea Ceremony ပြပွဲတို့အား ကျင်းပလျက်ရှိသည်။ မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် Creative Competition ပွဲစဉ်(၁)ပြိုင်ပွဲ၌ ပြိုင်ပွဲဝင် ခြောက်နိုင်ငံအနက် နိုင်ငံအလိုက် အဆင့်(၂)နေရာတွင် ရပ်တည်လျက်ရှိသည်။

International Army Games-2018 ပြိုင်ပွဲကို နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် စစ်ဘက်တပ်ဖွဲ့ဝင်များ အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရရှိစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၃၃ နိုင်ငံတို့က ပြိုင်ပွဲအမျိုးအစား ၂၈ မျိုးကို ဝင်ရောက် ယှဉ်ပြိုင်နေကြသည်။ မြန်မာနိုင်ငံ အပါအဝင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဆူဒန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များမှာ ယခုတစ်ကြိမ် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များသည် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သော်လည်း ပြိုင်ပွဲအမျိုးအစား အလိုက် ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ရလဒ်ကောင်း တစ်ခုတွင် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် တပ်မတော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ ရရှိခဲ့ကြသည်မှာ ကမ္ဘာရွာကြီးမှ မြန်မာတို့၏ အနာဂတ် အလင်းတန်းတစ်ခုကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။   

Read 59 times Last modified on Thursday, 09 August 2018 09:03