SJ WorldNews - шаблон joomla Авто

ပြည်သူအကျိုးပြု မီဒီယာကဏ္ဍ ရှင်သန်ဖြစ်ထွန်းရေး

Friday, 10 August 2018 09:21 font size decrease font size decrease font size increase font size increase font size

မီဒီယာယဉ်ကျေးမှု တစ်ခေတ်ဆန်းသစ်လာသော  မျက်မှောက်ကာလတွင်  တပ်မတော်သည် ပြည်သူအကျိုးပြု မီဒီယာများဖြစ်သည့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု အစီအစဉ်၊ ရေဒီယိုအသံလွှင့် အစီအစဉ်နှင့် စာနယ်ဇင်း ပုံနှိပ်ထုတ်ဝေမှုတို့ကို ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့ဝင်များသည် အမှတ်(၁)တပ်မတော် အသံလွှင့်တပ်၊ သဇင်အသံလွှင့် စက်ရုံသို့ သြဂုတ် ၇ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။ သဇင်အသံလွှင့်စက်ရုံသို့ သွားရောက်စစ်ဆေးစဉ် အသံလွှင့်တပ်မှူး၏ ရှင်းလင်းတင်ပြချက်များ အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာ၌ ''အသံလွှင့်လုပ်ငန်းများ ဆောင်ရွက်ရခြင်းမှာ ပြည်သူများအား ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်နှင့် ပညာပေးရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ထုတ်လွှင့်ပေးနေခြင်းဖြစ်ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက် ရှိသဖြင့် တိုင်းရင်းသားပြည်သူများ အနေဖြင့် ဒီမိုကရေစီစနစ်ကို နားလည်သိရှိနိုင်စေရန်၊ ပြည်ထောင်စု

စိတ်ဓာတ်ဖြစ်ပေါ်စေရန်နှင့် ဒို့တာဝန် အရေးသုံးပါးကို  စောင့်ထိန်းလိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်စေရန်၊ မိမိတို့အားလုံးသည် မြန်မာဖြစ်သည် (We all are Myanmar) ဆိုသည့် စိတ်ဓာတ်ဖြစ်ပေါ်စေရန်အတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ထက်သန်စေမည့် အစီအစဉ်များ ထုတ်လွှင့်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ အခြေခံမူများကို သိရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားများအလိုက် ကဏ္ဍများ တိုးချဲ့ထုတ်လွှင့်ရန် လိုအပ်ကြောင်း'' မှာကြားသည်။

နိုင်ငံတော်၏ အခြေခံမူများကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁)၌ ပုဒ်မ ၁ မှ  ၄၈ အထိ ပြဋ္ဌာန်းထားသည်။ အခြေခံမူများ ပုဒ်မ ၆ ပုဒ်မခွဲ(က၊ ခ၊ ဂ၊ ဃ၊ င၊ စ )တို့၌ နိုင်ငံတော်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူသော ပြဋ္ဌာန်းချက်များကို အစဉ်အတိုင်း အသီးသီးဖော်ပြထားသည်။

နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၊ အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာတို့နှင့် စပ်လျဉ်း၍ နိုင်ငံတော် အခြေခံမူများပုဒ်မ ၈ တွင် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်။ ပုဒ်မ ၁ဝ ၌ နိုင်ငံတော်တွင် ပါဝင်သည့်  တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ။ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)၌ နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်။ ပုဒ်မခွဲ(ခ) ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော် အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည် ဟူ၍ အသီးသီး ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော နိုင်ငံတော်အတွင်း နေထိုင်ကြသော နိုင်ငံသားတို့အတွင်း ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထွန်းကားရေးသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထွန်းကားရေးကို မီဒီယာတို့က အလေးအနက် ဆောင်ကြဉ်း

ကြရမည်ဖြစ်သည်။ တိုင်းရင်းသား လူမျိုးတစ်မျိုးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ အားလုံးနေထိုင်ကြသည်မဟုတ်ဘဲ နေရာဒေသအနှံ့တွင် ပူးပေါင်းနေထိုင်လျက် ရှိကြသည်။ ထိုသို့တိုင်းရင်းသား လူမျိုးများ ပူးပေါင်းနေထိုင်လျက် ရှိကြသော တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများသို့ နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာကို တတ်နိုင်သမျှ ခွဲဝေပေးထားကြောင်း တွေ့ရသည်။ မြန်မာဟူသော ဝေါဟာရသည် ပြည်ထောင်စုကြီးအတွင်း ရှေးအစဉ်အဆက်ကပင် ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့ကြသော တိုင်းရင်းသားပြည်သူ အားလုံးတို့အား ကိုယ်စားပြုကြောင်း မြန်မာသိ ကမ္ဘာသိ ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာ၌ ပြည်သူများအတွက် အကျိုးရှိသော သတင်းများကို အချိန်နှင့်တစ်ပြေးညီ ကဏ္ဍအလိုက် ထုတ်လွှင့်ရန် ပြောကြားပြီး ''သတင်းအစီအစဉ် တင်ဆက်သူများအနေဖြင့် စကားသံ၊ လေယူလေသိမ်း ပီပီသသရှိရန်၊ ပြောဆိုတင်ဆက်မှုများအား စနစ်တကျ ဆောင်ရွက်ရန်၊ အစီအစဉ်များ ထုတ်လွှင့်ရာတွင် ခေတ်မီရန် လိုအပ်သော်လည်း မိမိတို့နိုင်ငံ၏ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်စေရေး အလေးထားထိန်းသိမ်း ဆောင်ရွက်ရန်'' တို့ကို အလေးအနက် မှာကြားသည်။

အချို့အသံလွှင့် ဌာနများ၏ သတင်းတင်ဆက်မှု အစီအစဉ်များက ထုတ်လွှင့်သော သတင်းများကို နားထောင်စဉ် တနင်္သာရီတိုင်းဒေသကြီး၌ ရေကြီးသည့်ဖြစ်စဉ် ကြေညာရာတွင် ထားဝယ်မြို့၏ အသံထွက် ဒဝယ်မြို့ဟု ဖတ်ရမည့်အစား ထားဝယ်မြို့ဟု ကြေညာသံကြားလိုက်ရသည်။ အရေးနှင့်အပြော မရောနှောစေရအောင် အသံလွှင့်တင်ဆက်သူများ သတိပြုကြရန် လိုပေသည်။

မီဒီယာယဉ်ကျေးမှု ရှင်သန်ဖြစ်ထွန်းရေး၏ ရည်ရွယ်ချက်သည် နိုင်ငံသားများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားရေးအတွက် တာဝန်သိ၊ တာဝန်ယူမှုရှိကြစေရန် ပြန်ကြားပေးရေး၊ ပညာပေးရေးနှင့် ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝတို့၌ လောကပါလတရား ထွန်းကားစေရန် ဖြစ်သည့်အားလျော်စွာ တပ်မတော်အနေဖြင့် ပြည်သူအကျိုးပြု မီဒီယာကဏ္ဍ ရှင်သန်ဖြစ်ထွန်းရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက် ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။    

Read 117 times Last modified on Friday, 10 August 2018 09:22