SJ WorldNews - шаблон joomla Авто

ချွေတာစုဆောင်း တိုးပွားကြောင်း နည်းလမ်း ကောင်းကိုရှာ

Wednesday, 15 August 2018 09:55 font size decrease font size decrease font size increase font size increase font size

လူမှုဆက်ဆံရေး နယ်ပယ်၌ မိမိအဖြစ်ကို မိမိသိရှိသူ သာလျှင် လောကလူရေး လူမှုအတွက် ခိုင်လုံစေသော အကြောင်းအချက်ကို ပိုင်ဆိုင်သူ ဖြစ်သည်။ ဆင်းရဲသူနှင့် ချမ်းသာသူ တို့သည် ဥစ္စာပစ္စည်းနှင့် ငွေကြေးပိုင်ဆိုင်မှု မည်မျှကွာခြား ကြစေကာမူ ဆင်းရဲသူသည် မိမိဆင်းရဲသည့် အဖြစ်၊ ချမ်းသာသူသည် မိမိချမ်းသာသည့် အဖြစ်ကို လေးလေးနက်နက် နှလုံးသွင်း မိကြလျှင် လောကလူရေး လူမှုအတွက် ခိုင်လုံစေသော အကြောင်းအချက် ပိုင်ဆိုင်မှုတွင် ကွဲပြားခြားနားခြင်း မရှိနိုင်တော့ပေ။

ချမ်းသာသူက မိမိအင်အားအလျောက် နေထိုင်စားသောက် သုံးစွဲလျက် ဆင်းရဲသူကလည်း မိမိနှင့် ထိုက်တန်သည့် အတိုင်းအတာဖြင့် နေထိုင် စားသောက်ကြလျှင် ထိုသူနှစ်ဦးတို့၏ ပိုင်ဆိုင်မှုနှင့် သုံးစွဲသည့် ပမာဏအနည်းအများ ကွာခြားကြသော်လည်း လူရေးလူမှုအတွက် ခိုင်လုံစေသော အကြောင်းအချက် ပိုင်ဆိုင်မှုမှာ ကွဲပြားခြားနားခြင်း မရှိတော့ဘဲ တူညီနေကြမည် ဖြစ်သည်။ ဆင်းရဲသူက မိမိအဖြစ်ကို ကောင်းစွာမသိ၊ မိမိအခြေအနေ ကိုမချိန်ဆဘဲ ချမ်းသာသူက ထိုမျှသုံးစွဲသည်၊ မိမိကလည်း ထိုနည်းအတူ သုံးစွဲမည်ဟူသော စိတ်ဖြင့် တုပြိုင်အားကျလျှင် လူရေးလူမှုအတွက် ခိုင်လုံစေသော အကြောင်းအချက် ပိုင်ဆိုင်မှု ပျက်ပြားရသည်။ ထိုအခါ ချမ်းသာသူက ငွေကျပ်တစ်သိန်း သုံး၍ အခြေအနေ မပျက်သော် လည်း ဆင်းရဲသူက ငွေကျပ်တစ်ထောင်သုံး မိသဖြင့် အခက်အခဲနှင့် ကြုံတွေ့ရတော့သည်။ ချမ်းသာသူမှာလည်း မိမိချမ်းသာသည့် အဖြစ်ကို လျစ်လျူရှု၍ ဆင်းရဲသူနှင့် တုပြိုင်နေထိုင် စားသောက်ကြလျှင် အခြားသူများ၏ ကဲ့ရဲ့ခြင်းကို ခံရပေမည်။ တစ်ဖန် အတိုင်းအဆမရှိ သုံးစွဲပါကလည်း ကုန်ဆုံးနစ်မွန်း၍ လူရေးလူမှုအတွက် ခိုင်လုံသော အကြောင်းအချက် ပျက်ပြားသွားမည် ဖြစ်သည်။

ထို့ကြောင့် လောက၌ ပညာရှိသူနှင့် ပညာမဲ့သူ၊ ပစ္စည်းဥစ္စာ ငွေကြေးချမ်းသာသူဖြစ်စေ၊ ဆင်းရဲသူဖြစ်စေ မည်သူမဆို မိမိ၏ အခြေအနေမှန်ကို ကောင်းစွာ မသိဘဲ မိမိအင်အားကို ချင့်ချိန်နှိုင်းဆမှု မရှိကြလျှင် လူရေးလူမှုအတွက် ခိုင်လုံစေသော အကြောင်းအချက် ပျက်ပြားကြရသည် ချည်းဖြစ်သောကြောင့် မည်သည့်အမှု၊ မည်သည့်ကိစ္စမျိုး၌ မဆို မိမိ၏ အခြေအနေမှန်ကို ကောင်းစွာ ထောက်ချင့်သိရှိရန် အရေးကြီးကြောင်း ပညာရှိများ မှာကြားထားကြသည်။

ချွေတာရေးနှင့် စပ်လျဉ်း၍ ငွေကြေးသုံးစွဲမှု ချွေတာရေး၊ အသုံးအဆောင်ပစ္စည်း သုံးစွဲမှု ချွေတာရေး၊ အချိန်ချွေတာရေး ဟူသော သုံးမျိုးရှိကြောင်း ခွဲခြားထားပြီး ချွေတာရေး ဟူသည် အလွန်အမင်း ခြိုးခြံချွေတာရန် မဟုတ်ဘဲ အသုံးနှင့်အဖြုန်းကို ခွဲခြားသိမြင်၍ မကုန် သင့်သည်ကို မကုန်အောင် စနစ်တကျ စီမံခန့်ခွဲခြင်း ဖြစ်ကြောင်း ရှင်းပြထားသည်။ ဝန်နှင့်အား လေးနှင့်မြား ဆိုထားသည့်အတိုင်း မိမိအဖြစ်ကို မိမိသိအောင် ဆန်းစစ်၍ ချွေတာရေး သုံးမျိုးကို အလျဉ်းသင့်သလို အသုံးချတတ်ကြလျှင် လူပင်ဆင်းရဲစေကာမူ စိတ်ဆင်းရဲမှု လျော့နည်းနိုင်ကြမည် ဖြစ်သည်။

ယနေ့ကာလ လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားတို့ လျှောက်လှမ်းနေကြရသော ဘဝခရီးလမ်းတွင် အဆင်းခက်ခက် အတက်ကြမ်းကြမ်း ကုန်ဈေးနှုန်းကို လက်လှမ်းမမီ ဖြစ်နေကြရာ ချွေတာရေးမူ သုံးမျိုးကို အလျဉ်းသင့်သလို လက်တွေ့ကျင့်သုံးကြရန် လိုသည်။ ကုန်ဈေးနှုန်းကို လက်လှမ်းမီအောင် ကြိုးစားကြရာတွင် မိမိမရထိုက်သည်ကို ရယူလိုသော စိတ်ဓာတ်၊ မိမိမပိုင်ဆိုင် ထိုက်သည်ကို ပိုင်ဆိုင်လိုသော စိတ်ဓာတ်တို့သည် မိမိတွင်ရှိပြီးသော လူရေးလူမှုအတွက် ခိုင်လုံစေသော အကြောင်းတရားတို့ကို ဖျက်ဆီးသည့် မရိုးသားမှု ဖြစ်သည်။ ထို့ကြောင့် မရိုးသားမှုကို ရှောင်၍ ရိုးသားကြိုးစားမှုဖြင့် ဘဝတည်ဆောက်ရန် ဖြစ်သည်။

နိုင်ငံတော် အစိုးရသည် ၂ဝ၁၇ ခုနှစ်မှစ၍ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် မှတစ်ဆင့် ချေးငွေများ ထုတ်ပေးထားသည်။ ယခု ၂ဝ၁၈ ခုနှစ်တွင် ထုတ်ချေးပေးမည့် အစီအစဉ်မှာ အခြေခံ လစာကျပ် ၁၂ဝဝဝဝ မှစ၍ လစာ၏ ငါးဆ ထုတ်ချေးပေးပြီး အတိုး ၁၂ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ယခင်နှစ်က ထုတ်ချေးပေးထားသည့် ဝန်ထမ်းများမှ ချေးငွေ ပေးဆပ်ရမည့် ကာလမပြည့်သေးသဖြင့် အကျေပေးဆပ်ရန် ကျန်သူ ၂ဝ ရာခိုင်နှုန်းခန့် ရှိနေ သေးသောကြောင့် ယခုနှစ် ဒီဇင်ဘာလကုန် လောက်တွင်မှ ထပ်မံ ထုတ်ချေးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ချေးငွေ ထုတ်ပေးရာတွင် သက်ဆိုင်ရာရုံး၊ ဌာနများသို့ ဘဏ်ဝန်ထမ်းများ ကိုယ်တိုင်သွားရောက် ထုတ်ပေးမည် ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လွယ်လွယ်ရ၊ လွယ်လွယ်သုံးသည့် ဓလေ့နှင့် ပေါပေါရှိလျှင် ပေါပေါသုံးချင်သော လူတို့သဘောကို ရှောင်ကြဉ်၍ ရရှိသည့် ချေးငွေကို အကျိုးရှိအောင် သုံးသင့်သည်ကိုသာ သုံးခြင်းဖြင့် ကြွေးမြီဝန်ထုပ်ဝန်ပိုး ဖိစီးမှု လျော့နည်းပြီး ကြွက်သေတစ်ခု အရင်းပြု ဆိုရိုးစကားအရ သင့်တင့်သော အနေအထားဖြင့် လုပ်ကိုင် တတ်သူများ အဖို့ ပိုမိုအကျိုးရှိနိုင်မည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 261 times Last modified on Wednesday, 15 August 2018 09:56