SJ WorldNews - шаблон joomla Авто

မိုးရွာရေတက် စိတ်မပျက် ဆက်လက် ထူထောင် ကြရမည်

Friday, 14 September 2018 08:21 font size decrease font size decrease font size increase font size increase font size

မြန်မာပြက္ခဒိန်မှ ဆယ့်နှစ်လရာသီ အလီလီ ပြောင်းခဲ့သည်မှာ ရင်းမာပန်းတို့ ပွင့်လန်းကြသည့် တော်သလင်း လသို့ ရောက်ခဲ့လေပြီ။ ပညာရှိ ဥက္ကာပျံ ရေးဖွဲ့သော ဆယ့်နှစ်လ ရာသီဥတုတွင် တော်သလင်း လမြင်ကွင်းကို ဖွဲ့ဆိုရာ၌ ''ဝါခေါင်ကုန်လျှင်း၊ တော်သလင်းလည်း၊ ထွန်းဝင်းလျာ၊ မိုးကြွင်းရွာသာချေမှု၊ တောင်မြင့်ခေါင်ခေါင်၊ ခဖောင်ဖောင်သည်၊ ယာတောင် လုပ်သောသူတို့၊ ကြည့်ချေမှု ပျော်ဖွေတိ (တည့်)''ဟူ၍ သဘာဝအမြင်၊ ရာသီဥတုအမြင်၊ ဘဝအမြင် တို့ဖြင့် ဖွဲ့ဆိုထားရာ တောင်သူလယ်သမားတို့ ဘဝကို မေ့မထားကြောင်း တွေ့ရသည်။

တောင်မြင့်ခေါင်ခေါင်၊ ခဖောင်ဖောင်သည် စာဆို နှင့်အညီ ရှမ်းကုန်းပြင်မြင့် မြောက်ဘက်ပိုင်းမှ လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် နားမခေါ်ကွက်သစ်၌ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ထိုးဆင်းလာသဖြင့် ချောင်းရေလျှံပြီး မန္တလေး-လားရှိုးသွား ကားလမ်းမကြီးနှင့် ချောင်းတစ်လျှောက်ရှိ နေအိမ် များအတွင်း ရေဝင် ရောက်ခဲ့ကြောင်း တော်သလင်းလဆန်း ၁ ရက်က ထုတ်ဝေသော နေ့စဉ်သတင်းစာ တစ်စောင်၌ တွေ့ရသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှပေ ၄ဝဝဝ မြင့်သော ရှမ်းကုန်းပြင်မြင့်တွင် စိုက်ပျိုးထားသော အစေ့ထုတ် ပြောင်းစိုက်ခင်း များမှာလည်း မုတ်သုံ မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ပူတာအိုမြို့ ဟိုခိုရပ်ကွက်အတွင်း စက်တင်ဘာ ၆ ရက် ညပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ခမ်းထီ ချောင်းရေကြီးပြီး ရေကာတာကို တိုက်စားသွားသည်။ ချောင်းရေ တိုက်စားမှုကြောင့် စက်တင်ဘာ ၇ ရက် နံနက် ၆ နာရီခန့်တွင် ဟိုခိုရပ်ကွက်နှင့် မာလဲကျေးရွာသွား ကတ္တရာလမ်းအနီး မြေသားများကို အရှည်ပေ ၁၂ဝ၊ အကျယ် ၁၅ ပေခန့် တိုက်စားသွားသည်။ ရေတိုက်စား ပျက်စီးသွားသည့် မြေနေရာ များကို ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက လိုအပ်သော ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ မြေသားပြုပြင်ခြင်း လုပ်ငန်းများနှင့် မြေထိန်းနံရံများ ဆောင်ရွက် ပေးခဲ့ကြသည်။

ပြည်ထောင်စုကြီး၏ မြောက်ဘက်ဖျားမှ သွေးချင်းမောင်နှမတွေ နေထိုင်ကြသော ဒေသများ၌ ရေကြီးရေလျှံ ဖြစ်နေကြချိန်မှာပင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဆွာချောင်း ပင်မရေပိုလွှဲ တံခါးကျိုးပေါက်၍ ရေတာရှည် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ရေကြီးနစ်မြုပ်မှု ဒဏ်ခံကြရသည်။ ရေကြီးနစ်မြုပ်မှု ဒဏ်ခံကြရသော ပြည်သူများအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ရေပိုလွှဲ တံခါးကျိုးပေါက်သည့် သြဂုတ် ၂၉ ရက် နံနက်ခင်းမှာပင် စတင် ဆောင်ရွက်ပေးကြသည်။ ဆွာချောင်း ရေလှောင်တမံ ကျိုးပေါက်မှုကြောင့် မန္တလေး-ရန်ကုန် အစုန်၊ အဆန် မီးရထားလမ်းများ ပျက်စီးသွားသဖြင့် တပ်မတော်သားများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ ပူးပေါင်း၍ ကျောက်ဖို့ခြင်း၊ ပျက်စီးသွားသော ဇလီဖားတုံးများအား အစားထိုးပြုပြင် ဆောင်ရွက်ပေးကြပြီး အစုန်၊ အဆန် ရထားများဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တပ်မတော်မှCity Bus မော်တော်ယာဉ် ၁ဝ စီးတို့ဖြင့် ဆွာဘူတာနှင့် ရေတာရှည်ဘူတာသို့ ပို့ဆောင် ပေးကြရာမှ စက်တင်ဘာ ၁၁ ရက်တွင် မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင် ပေးခဲ့သည်။

ထို့ပြင် ရေတာရှည်မြို့နယ် ထောက်ကြန့်ကွင်း ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းအား ကာရံထားသော အုတ်တံတိုင်း အရှည်ပေ ၁၂ဝဝ ခန့် ပြိုလဲ ပျက်စီးသွားသည်ကို စက်တင်ဘာ ၁၁ ရက်တွင် ရေတာရှည် တပ်နယ်မှ တပ်မတော်သားများက အပျက်အစီး များကို ရှင်းလင်း ဖယ်ရှားပေးပြီး ပြန်လည် အသုံးပြုနိုင်သည့် အုတ်များအား ဆယ်တင်ပေးကြသည်။ တစ်ချိန်တည်းမှာပင် ထောက်ကြန့်ကွင်း ကျေးရွာအတွင်းရှိ လူနေအိမ်များ ပြန်လည် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် များကြောင့် နိုင်ငံတစ်ဝန်း သီးနှံမျိုးစုံဧက ခြောက်သိန်းကျော် ပျက်စီးဆုံးရှုံး ရာတွင် မိုးစပါးသီးနှံဧက လေးသိန်းနီးပါး ပါဝင် သွားကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် ပျက်စီးသွားသည့် လယ်ယာ မြေများ အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာ စခန်းများမှ ထွန်စက် များဖြင့် ကန်သင်း ပြန်လည်ဖော်ခြင်း၊ မြေညှိပြုပြင်ခြင်း၊ သဲဖုံးလယ်ယာမြေ များတွင် သဲနုန်း ဖယ်ရှားခြင်း၊ ရွှံ့ညွန်များ ထူထပ်စွာ ဖုံးလွှမ်းခံရပြီး ထွန်ရေး ဝင်မရလောက်အောင် မြေကျွံ သွားသည့် စိုက်ပျိုးမြေများကို ပြန်လည် ဖော်ထုတ်ခြင်း၊ ထွန်ယက်မြေပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး မျိုးစပါး လိုအပ်ချက်ကိုလည်း စုဆောင်း ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်တွင် ထုတ်ပြန်ပြီး ဖြစ်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော သဘာဝ ဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံး ထိခိုက်နစ်နာမှု များအတွက် ကူညီထောက်ပံ့ ပေးမှုများကို အတတ်နိုင်ဆုံး အထောက်အကူပြု ပံ့ပိုးပေးရန်ဟု အတိအလင်းပြ ဋ္ဌာန်းထားသည် နှင့်အညီ နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကတို့က ပူးပေါင်း ဆောင်ရွက် ပေးကြမည် ဟူသော မင်္ဂလာ သတင်းကြား သိရသည်မှာ ပြည်သူများ ဝမ်းမြောက်ဖွယ် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း၍ သတင်းကောင်းပါး လိုက်ရပါသည်။ ။

Read 23 times