SJ WorldNews - шаблон joomla Авто

ပုလဲရတု အမှတ်တရ မိုင်းယန်းဒေသ

Wednesday, 19 September 2018 09:34 font size decrease font size decrease font size increase font size increase font size

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် အရာရှိကြီးများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တွေ့ဆုံနှုတ်ဆက်ကြသည်။ ဤသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာ၌ ''ပြည်တွင်း စည်းလုံးညီညွတ်မှုရှိသော နိုင်ငံများသည် နိုင်ငံကြီး/ငယ်မဟူ အင်အား တောင့်တင်း ခိုင်မာသော နိုင်ငံများအဖြစ် ကမ္ဘာ၌ ရပ်တည်နိုင်ကြောင်း၊ ''စည်းလုံးခြင်းသည် အင်အား'' ဆိုသည့်အတိုင်း မိမိတို့နိုင်ငံ၏ တိုင်းရင်းသားပြည်သူလူထုအားလုံးစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း''အလေးအနက် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက် ပြောကြားရာ၌ ''လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် မိမိတို့ တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားချိန်တွင် လွတ်လပ်ရေး မဆုံးရှုံးအောင် ဆောင်ရွက် ခဲ့ရကြောင်း၊ ၁၉၅၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အား ခေတ္တထိန်းသိမ်းပြီး သစ္စာရှိစွာဖြင့် ရွေးကောက်ပွဲ ပြုလုပ်၍ အစိုးရသို့ အာဏာပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုအချိန်တွင် တိုင်းရင်းသားရေး၊ အယူဝါဒရေးနှင့် အုပ်ချုပ်ရေးအပိုင်းများတွင် တောင်းဆို မှုများကြောင့် နိုင်ငံမတည်မငြိမ်မှု ဖြစ်ခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီမှ တာဝန်ယူ ခဲ့ရကြောင်း၊ ၁၉၈၈ ခုနှစ်တွင် နိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ် ခဲ့ရသဖြင့် တပ်မတော်မှ နိုင်ငံတော်တာဝန် အရပ်ရပ်ကို ယူခဲ့ရပြီး ပြည်သူများမှ လိုလားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ရကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများ လက်ထက်တွင်လည်း တပ်မတော်သည် နိုင်ငံရေးအရ တည်ငြိမ်အောင်၊ လုံခြုံရေးအရ တည်ငြိမ်အောင် ဆောင်ရွက် ခဲ့ကြောင်း'' ရှင်းလင်း ပြောကြားသည်။

တပ်မတော်သည် ခေတ်အဆက်ဆက် အစိုးရများလက်ထက် နိုင်ငံရေးနှင့် လုံခြုံရေး တည်ငြိမ်အောင် ဆောင်ရွက်ခဲ့သည်များမှ ၁၉၈၈ ခုနှစ်က နိုင်ငံအတွင်း မတည်မငြိမ်မှု ဖြစ်နေစဉ် သပိတ်စုံသူပုန်ထ၊ တောကို အခြေခံမြို့ကိုဝိုင်း စသည့်တစ်ခေတ်တစ်ခါက သူတို့ကြွေးကြော် ထားကြသည့်အတိုင်း ထင်ရာစိုင်း လိုက်ကြသည်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် လူ ၅၅ ဦးကို ဥပဒေမဲ့ ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ခံကြရသည်။

မီးမွှေးပေးသူများ၊ လောင်စာလောင်းပေးသူများက မီးဘေးကြောက်၍ ဘယ်နေရာ ရောက်နေမှန်းမသိ ပြည်သူတွေသာ အတိဒုက္ခ ရောက်နေကြရတော့သည့် မင်းမဲ့စရိုက်များ ကြီးစိုး နေကြသည်မှာ တောရောမြို့ပါ အသက်ကို ဖက်နှင့်ထုပ်ထားရသော ပြည်သူတို့ ဘဝအခြေအနေ ဖြစ်သည်။ ကိုးတောင်ပြည့်ကျားကို အစိမ်းလိုက် ဝါးစားမည်၊ အတောင် နှစ်ဆယ်မိကျောင်း ချောင်းထဲမှာပဲနေ ကုန်းပေါ်တက်လျှင် အရေခွံဆုတ်ခံရမည် ကြိမ်းမောင်းကြသူ လူမိုက်လူရမ်းကားတို့ကို အပြစ်မဲ့ ပြည်သူများက ကြောက်နေ ကြရသည့်ဘဝ သိမီလိုက်သော ပြည်သူများ မှတ်မိကြသည်။ နံနက်မိုးမလင်းမီ အဝစား၍ မိုးလင်းချိန်တွင် အပြင်ထွက် တစ်နေကုန်အစာငတ်ခံဆန္ဒပြ

သည်ကို မြင်ရသည်။ ကျွန်မမေတ္တာအလျော်ပြန်ပေး ကလေးလိုချွဲဆိုသည့် စိတ်ကူးယဉ် တေးသံကို သဘောကျဟန်တူ သူတို့ကလည်း ရုပ်ဝတ္ထုပစ္စည်းလို ရော့-အင့် ပေးမရသော ဒီမိုကရေစီကို ချက်ချင်းပေးရန် လမ်းပေါ်ထွက် တောင်းဆိုကြရာတွင် ရရ၊ မရရချဟူသော အသံများလည်း ကြားရသည်။

မြို့ပြနှင့်ကျေးလက်များတွင် မင်းမဲ့စရိုက်များ ကြီးစိုး၍ အခြေအနေ ရှုပ်ထွေးနေချိန် တစ်နည်းအားဖြင့် သပိတ်စုံသူပုန်ထ နေချိန်တွင် သံလွင်အရှေ့ခြမ်းမှ မိုင်းယန်းဒေသသို့ အခွင့်ကောင်းယူ လှုပ်ရှားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်များကို တပ်မတော်က ချေမှုန်းနေကြသည်။ စက်တင်ဘာ ၁၂ ရက်မှစ၍ မိုင်းယန်းဒေသသို့ ဝင်ရောက်လာသော ဗကပအင်အား စုစုပေါင်း ၂ဝဝဝ ကျော်ခန့် ရှိကြောင်း အထက်ဌာနက ချပြသော သတင်းအရ တပ်မတော် စစ်ကြောင်းတစ်ကြောင်းက မိုင်းယန်းဝန်းကျင်နယ်မြေအတွင်း သတင်း ထောက်လှမ်းစဉ် ဝမ်ရှို-ယန်းခိုင်ရွာ ရောက်ရှိသည့် စက်တင်ဘာ ၁၄ ရက်တွင် ဗကပနှင့် စတင် တွေ့ဆုံတိုက်ပွဲ ဖြစ်သည်။ ထိုနေ့တွင် ဗကပက တပ်မတော်စခန်းကုန်းများ ဖြစ်သည့် အောင်မြေ၊ အောင်သပြေကုန်းတို့ကို လက်နက်ကြီး ပစ်ကူဖြင့် သာလွန်အင်အားသုံး၍ တိုက်သော်လည်း တပ်မတော်သားများက ခြင်္သေ့စိတ်ဓာတ်ဖြင့် အနိုင်မခံ အရှုံးမပေး ပြန်လည် တိုက်ခိုက်ကြသဖြင့် မှောင်ရီပျိုးချိန်တွင် ဗကပများပြန်လည် ဆုတ်ခွာသွားကြသည်။

ဗကပတို့သည် မိုင်းယန်းကို သိမ်းပိုက်ရန် ဖြတ်ကျော်ရမည့် ဘုရားကုန်း၊ လမင်းကုန်း၊ အောင်တံခွန်ကုန်းတို့ကို စက်တင်ဘာ ၂၃ ရက်၊ ၂၄ ရက်တို့တွင် လက်နက်ကြီးပစ်ကူအင်အား အလုံးအရင်းဖြင့် အပြင်းအထန် တိုက်ခိုက်ကြသော်လည်း နိုင်ငံတော်အတွက်ဆို အသက်နှင့် လဲလို့ပျော်ကြသော မြေပြင်မှ တပ်မတော်သားတို့၏ ရဲဝံ့စွန့်စားသော စိတ်ဓာတ်အင်အားနှင့် ဝေဟင်မှ တပ်မတော်(လေ)၏ လေကြောင်းပစ်ကူဒဏ်ကို မခံနိုင်တော့သော ဗကပများ ပြန်လည်ဆုတ်ခွာ သွားကြသည်။ မိုင်းယန်းဒေသသို့ ထိုးဖောက် ဝင်ရောက်ခြေကုပ်ယူရန် ကြိုးစားလာသော ဗကပတို့ အကြံကို လက်မခံ စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ် ရှိကြသော ဒေသခံပြည်သူများ၊ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့တို့သည် တပ်မတော်စစ်ကြောင်းများအား ရန်သူအတိုက်မခံရရေးနှင့် လိုအပ်သော အထောက်အကူ ပြုမှုများဖြင့် ကူညီပေးခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်းသုံးဆယ်ပြည့်၍ ပုလဲရတုသို့ ရောက်ခဲ့လေပြီ။ ထို့အတူ တစ်တိုင်းတစ်ပြည်လုံး မင်းမဲ့စရိုက်များ ကြီးစိုး၍ ပြည်သူတို့ ဘဝမှာ ခြိမ်းခြောက်မှု အမျိုးမျိုး ကြုံတွေ့ နေကြရခြင်းကြောင့် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတော်၏ ယိုယွင်းနေသော အခြေအနေအရပ်ရပ်ကို တပ်မတော်က တာဝန်ယူ ထိန်းသိမ်း လိုက်ရသည်မှာလည်း ပုလဲရတုသို့ ရောက်ခဲ့လေပြီ။

ခေတ်အဆက်ဆက် အစိုးရများ လက်ထက်တွင် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ခဲ့သော တပ်မတော်သည် ၂ဝ၁၁ ခုနှစ်မှစ၍ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်နေသော ဒီမိုကရေစီနိုင်ငံအသွင် ကူးပြောင်းတည်ဆောက်ရေးတွင် နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ပြည်သူတို့နှင့် တစ်သားတည်းရှိသော တပ်မတော်ဖြစ်ကြောင်း နှောင်းဘဝ နိုင်ငံတော် ခရီးလမ်းမှ ပုလဲရတုကာလ သာဓကကို သက်သေတည်၍ မြဝတီက တင်ပြလိုက်ရပါသည်။ ။

Read 216 times Last modified on Wednesday, 19 September 2018 10:39