SJ WorldNews - шаблон joomla Авто

မြောက်လေရစ်သန်း နှင်းကဖျန်း လျှပ်ပန်းမြူးသလို

Tuesday, 22 January 2019 10:00 font size decrease font size decrease font size increase font size increase font size

အညွန့်အဖူးစိုစို ပန်းခွာညိုတို့ပွင့်ကြသည့် ရာသီမကရပြာသိုလတွင် မင်္ဂလာသတင်းကြားရသည်မှာ ကေကေအိုခွဲထွက် စောကျော်သက် အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသော စောဖိုးငယ် ဦးစီးအင်အား ၁၁ ဦးသည် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး သာမန်ပြည်သူများအဖြစ် အေးချမ်းစွာ နေထိုင်လိုခြင်း၊ ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်၍ ၄င်းတို့ မိသားစု ဘဝတိုးတက်အောင် ဆောင်ရွက်လိုခြင်းကြောင့် လက်နက်မျိုးစုံ ၁၃ လက်၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့ရှိ နယ်မြေခံတပ်ရင်းသို့ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ကာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသည်။ စောဖိုးငယ် ဦးစီးအင်အား ၁၁ ဦးတို့အား သင်္ဃန်းညီနောင်တပ်နယ်မှ ဗိုလ်မှူးကြီးနိုင်အောင်နှင့် တပ်မတော်အရာရှိများက ကြိုဆိုနှုတ်ဆက် စကားပြောကြားပြီး လက်နက်နှင့် ပစ္စည်းများကို လက်ခံယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြသည်မှာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုသဖွယ် ကြည်နူးချမ်းမြေ့ဖွယ် ကြားသိရသောသတင်း ဖြစ်သည်။

လမ်းမှန်ကိုမြင်၍ လမ်းမှားကို စွန့်ခွာခြင်းသည် မင်္ဂလာတရားတော်နှင့် ကိုက်ညီ ဆီလျော်သည့် သိက္ခာရှိသော လုပ်ရပ်ဖြစ်သည်။ လမ်းမှားကိုသာ ဆက်လျှောက်နေခြင်းသည် လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးသုခကို ရရှိနိုင်မည်မဟုတ်ဘဲ အမှားသံသရာမှာသာ တဝဲလည်လည် ဖြစ်နေပေမည်။ ယနေ့အချိန်အခါသည် နိုင်ငံတော်ကို တည်ဆောက်ကာကွယ်ရန် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲ၍ မိမိတို့ တာဝန်ယူကြရသော ကဏ္ဍအလိုက် ဟန်ချက်ညီ ထမ်းဆောင်နေကြသည့်ကာလဖြစ်သည်။ မိမိတို့ကဏ္ဍအလိုက် ဟန်ချက်ညီ တာဝန်ထမ်းဆောင်ကြရာတွင် ဟန်ချက်မလွဲအောင် စောင့်ရှောက်ရေးနှင့်ပတ်သက်၍ မဟာဝဂ္ဂ၊ သတိပဋ္ဌာနသံယုတ်၊ နာလန္ဒဝဂ်၊ ဒေသကသုတ်၌ ဂေါတမမြတ်စွာဘုရား ဟောကြားတော်မူထားသည်ကို တင်ပြလိုသည်။ ရှေးအခါက ဝါးတိုင်တက်သော ဆရာတစ်ဦးသည် ရှည်လျားသော ဝါးလုံးကိုစိုက်ထူ၍ ထိပ်ဖျားသို့ ရောက်အောင်တက်ပြီး လူအများကြည့်ရှုချင်စဖွယ် အမျိုးမျိုးအဖုံဖုံ သရုပ်ဆောင်ပြသည်။ ဝါးလုံးထိပ်ဖျား၌ ခြေတစ်ဖက်တည်း ရပ်တည်လျက် လှည့်ပတ်၍ပြသည်။ လက်တစ်ဖက်တည်းရပ်ကာ လှည့်ပတ်၍ပြသည်။

ဦးခေါင်းကို စိုက်လျက်တည်ကာ လှည့်ပတ်၍ပြသည်။ တစ်ဖန် မြေပေါ်မှ ဝါးတိုင်ထက်သို့ ဦးစောက်ပြောင်းပြန် ပြု၍တက်ပြီး ဦးစောက်ပြောင်းပြန် ဆင်းပြသည်။ ထိုမှတစ်ဖန် တပည့်ဖြစ်သူကို ပခုံးပေါ်၌ ရပ်တည်စေကာ ဝါးလုံးထိပ်၌ လှည့်ပတ်၍ပြပြီး ထိုအတိုင်းပင် ဝါးလုံးခြေရင်းသို့ ဆင်းပြသည်။

ထိုဝါးတိုင်တက်ဆရာသည် သူ့အစွမ်းကိုမပြမီ တပည့်ကိုပြောသည်မှာ အမောင်တပည့် ငါသည် သင့်ကို စောင့်ရှောက်မည်။ သင်လွဲချော်၍ မကျစေရန် စောင့်ရှောက်မည်။ သင်ကလည်း ငါ့ကိုစောင့်ရှောက်ပါ။ ငါ၏ ခြေလက်တို့ လွဲချော်တိမ်းစောင်းခြင်း မဖြစ်အောင် စောင့်ရှောက်ပါလေ။ သို့မှသာလျှင် ငါတို့ဝါးတိုင်တက်ပွဲသည် အောင်ကြလျက် ငွေကြေးများစွာ ရပေလိမ့်မည်ဟုပြောသည်။ တပည့်ဖြစ်သူက ပြန်ပြောသည်မှာ ဆရာဤသို့မဟုတ်ပါ။ ဤသို့မဖြစ်သင့်ပါ။ ဆရာ့ကိုယ်ဆရာ မလွဲချော်အောင် စောင့်ရှောက်ပါ။ ကျွန်ုပ်ကိုယ်ကျွန်ုပ်လည်း ဟန်ချက်မလွဲချော်အောင် စောင့်ရှောက်ပါမည်။ ဆရာ့ကိုယ်ဆရာ စောင့်ရှောက်လျှင် ကျွန်ုပ်ကိုလည်း စောင့်ရှောက်ပြီး ဖြစ်ပါသည်။ ကျွန်ုပ်ကိုယ် ကျွန်ုပ်စောင့်ရှောက်လျှင်လည်း ဆရာ့ကိုပါ စောင့်ရှောက်ပြီး ဖြစ်ပါသည်ဟု ပြန်ပြောသည်။ မြတ်ဗုဒ္ဓက ''ရဟန်းတို့ ဤသည်ကား ဥပမာပေတည်း။ ဤဥပမာ၏ အနက်သဘောကို သင်တို့သည် ကောင်းစွာ နှလုံးသွင်းကြကုန်လော့''ဟု မိန့်ကြားတော်မူထားသည်။

ဝါးတိုင်တက်သောဆရာ တပည့်တို့ ဥပမာအတိုင်း လူတစ်ဦးချင်းစီက စောင့်ထိန်းအပ်သော ကျင့်ဝတ်စည်းကမ်းကို စောင့်ထိန်း လိုက်နာကြလျှင် မိသားစု စိတ်ချမ်းသာပျော်ရွှင်မှုနှင့် ပြည့်စုံ၍ နေချင်စဖွယ် အိမ်ထောင်စုကို တည်ဆောက် နိုင်ကြမည်ဖြစ်သည်။ လူတစ်ဦးချင်းမှသည် မိသားစုတစ်စု၊ မိသားစုတစ်စုမှသည် ရပ်ကွက်ကျေးရွာ၊ ရပ်ကွက်ကျေးရွာ မှသည် မြို့နယ်တို့ကို ပေါင်းစုလိုက်သောအခါ တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရခြင်းကြောင့် လူတစ်ဦးချင်းစီ၏ အရေးကိစ္စသည်ပင် နိုင်ငံရေး၏ အဓိပ္ပာယ် ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးဗိသုကာ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့ ဖူးသည်မှာလည်း ''ရဲဘော်က နိုင်ငံရေးကို မေ့ထားပေမယ့် နိုင်ငံရေးက ရဲဘော်ကို ပစ်မထားဘူး''ဟူ၍ လူနှင့်နိုင်ငံရေး တွဲလျက်ရှိကြောင်း ပြောကြားထားသည်။

ထို့ကြောင့် နိုင်ငံသား တစ်ဦးချင်းက နိုင်ငံတော်တည်ဆောက် ကာကွယ်ရေးတွင် မိမိကျရာကဏ္ဍမှ စွမ်းနိုင်သမျှ ပါဝင်ကြရမည် ဖြစ်ရာ မင်္ဂလာတရားတော် နှင့်အညီ လမ်းမှန်ကိုမြင်၍ လမ်းမှားကို စွန့်ခွာပြီး ဥပဒေဘောင်အတွင်း ဝင်ရောက် လာကြသူတို့၏ သတင်းမှန်ကြား သိရသည်မှာ မြောက်လေရစ်သန်း နှင်းဖျန်းသော ပြာသိုလတွင် လျှပ်ပန်းမြူးသလို အမှောင်မှအလင်းကို မြင်တွေ့ရသည့်ပမာ မြဝတီက ကြည်နူး ဝမ်းမြောက်ရပါသည်။ ။

Read 71 times Last modified on Tuesday, 22 January 2019 10:01