SJ WorldNews - шаблон joomla Авто

ဖြူနီဝါပြာငွေတိမ်လွှာ လေမှာလွင့် ပျောက်တတ်ပါသည်

Wednesday, 23 January 2019 10:12 font size decrease font size decrease font size increase font size increase font size

ဆောင်းနှင်းမြူ ဖွေးဖွေးတို့ ကျနေချိန်တွင် ဝမ်းရေးအတွက် လှုပ်လှုပ်ရှားရှား သွားလာနေသူတွေအားလုံး အတွေးကိုယ်စီ ရှိကြမည် ဖြစ်သော်လည်း မိုးကိုမမျှော် မော်၍မကြည့် ပကတိ မြေပြင်ကိုသာ အာရုံစူးစိုက်ထား ကြသည်မှာ သေချာသည်။ ကောင်းကင်မှာ ဖြူနီဝါပြာ ငွေတိမ်လွှာတွေ ဆောင်းလေနှင့်အတူ အသွင်အမျိုးမျိုးဖြင့် တရွေ့ရွေ့ သွားနေကြသည်ကို မူကား သတိထားမိသူ အနည်းငယ်သာ ရှိနိုင်သည်။

အပင်မပေါက်သော မြေကြီး၊ အသီးမသီးသော သစ်ပင်ကို လူတို့မခင်တွယ်ဟု ဆိုထားကြလေငြား တကယ်စဉ်းစားလျှင် သူ့တန်ဖိုးနှင့် သူရှိကြသည်သာ။ အပေါ်ယံမြေဆီလွှာသည် စိုက်ပျိုးရေး မဖြစ်ထွန်းသည့်တိုင်အောင် အတွင်းမြေလွှာ၌ အဖိုးတန် သယံဇာတများ ရှိတတ်သည်။ အသီးမသီးသော သစ်ပင်သည် အနည်းဆုံးအားဖြင့် လူတို့အတွက်နေဒဏ်၊ မိုးလေဒဏ်ကို အကာအကွယ် ပေးနိုင်သည်။ အချို့ဆေးဖက်ဝင် အပင်ဆိုလျှင် အရွက်၊ အပွင့်၊ အဖူး၊ အငုံ၊ အကိုင်းအခက်၊ အခေါက်၊ အမြစ်တို့က တန်ဖိုးရှိကြလေရာ အသီးသီးသော အပင်ထက်ပို၍ ခင်တွယ်ဖွယ်ကောင်းသည်။ ထို့ကြောင့် အရာရာတိုင်းကို အမှုမဲ့အမှတ်မဲ့ သဘောမထားဘဲ စေ့ငုသေချာ လေ့လာမှတ်သားထားလျှင် သူ့တန်ဖိုးနှင့်သူ လူတို့အတွက် အကျိုးပြုကြောင်း တွေ့နိုင်သည်။ မြွေဆိပ်ပင်ဖြစ်လင့်ကစား မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာ တွင် အခြားပစ္စည်းများနှင့် မြွေဆိပ် ပေါင်းစပ်ထုတ်လုပ်ထားသည်ကို ကြည့်လျှင် အထင်အရှား သိနိုင်မည် ဖြစ်သည်။

ဤသို့မြေပြင်၊ ရေပြင်၊ ဝေဟင်တို့သည် သူ့တန်ဖိုးနှင့်သူ လူတို့အတွက် ကောင်းကျိုးပြုကြခြင်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ နိုင်ငံသားတို့က မိမိတို့ နိုင်ငံပိုင်နက်နယ်မြေကို အမြတ်တနိုး တန်ဖိုးထားကြပြီး စွန့်လွှတ်စွန့်စား ကာကွယ်နေကြခြင်း ဖြစ်သည်။ ယနေ့မျက်မှောက်ကာလ ကမ္ဘာကြီးသည် ကပ်ဘေးအမျိုးမျိုး ဆိုက်ရောက်လျက်ရှိရာ ရွှေ့ပြောင်းအခြေချ နေထိုင်ကြသူများ ပြဿနာကြောင့် မဟာဗျူဟာမိတ်ဖက် နိုင်ငံအချင်းချင်း ဆက်ဆံရေး၌ အဖုအထစ်များ ကြုံတွေ့နေကြရာတွင် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးများ ပါဝင်ကြောင်း ကြားသိနေကြရသည်။ စစ်ရေးဖြင့် ကျူးကျော်သူ မဟုတ်ဘဲ စားဝတ်နေရေးအတွက် ခိုလှုံခွင့်ပေးပါရန် ကယ်ပါယူပါ တစာစာဖြင့် တောင်းပန်တိုးလျှိုးသူများ ကိုပင် အဝင်မခံ ခြံစည်းရိုးခတ် တားဆီးထားသည့်အပြင် တပ်မတော်ကိုပါ စေလွှတ်တားဆီး ပိတ်ပင်နေကြသည်မှာ ဒီမို

ကရေစီနှင့် လူ့အခွင့်အရေးသည် မိမိတို့ နိုင်ငံသားများ အတွက်သာ ရည်ရွယ်သည့် သဘောပေါ်လွင် နေသည် သာမကဘဲ ကမ္ဘာပြုမှု ဖြစ်စဉ်ဆိုသည်မှာလည်း မိမိတို့ အကျိုးစီးပွားသာ ပထမဆိုသည်ကို အထင်အရှား ကြားသိမြင်တွေ့ နေရသည်။

လသာတုန်းဗိုင်းငင် ဆိုသော မြန်မာစကားသည် ရှေးခေတ်မြန်မာတို့ ရက်ကန်းရက်သော အတတ်ပညာမှ ဆင်းသက် လာသော စကားဖြစ်သည်။ ယနေ့ခေတ်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် လူတို့တီထွင်မှုကြောင့် အီကွေတာနှင့် နီးသော ဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းသော ဝါစိုက်ပျိုးရေးကို နေမဝင်ရေပြင်ခဲသော မြောက်ဝင်ရိုးစွန်း နိုင်ငံသို့ ပညာတော်သင် စေလွှတ်ပြီး စိုက်ပျိုးနည်းယူ နေကြရသည်။ သဲကန္တာရနိုင်ငံ အစ္စရေးသို့ ပညာတော်သင် စေလွှတ်ပြီး သီးနှံစိုက်ပျိုးနည်း ယူနေကြရသည်ကို အားလုံးသိကြပြီးဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးပွားလာသော်လည်း ကမ္ဘာမြေ အကျယ်အဝန်းက တိုးမလာသည့်အပြင် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုကြောင့် ကျွန်းနိုင်ငံများ ပျောက်ကွယ်သွားနိုင်သည့် အရေးကိုပင် တွေးပူနေကြရသည်ကို မမေ့အပ်ပေ။ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်နီးချင်း နိုင်ငံများ၏ လူဦးရေကို နှိုင်းယှဉ်ကြည့်သော် အရှေ့ဘက်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ စတုရန်းတစ်မိုင်အတွင်း ပျံ့နှံ့မှု ၃၆၈ ဦး၊ အနောက်ဘက် အိန္ဒိယသမ္မတနိုင်ငံ၌ ၉၅၃ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၂၄၉၇ ဦး အသီးသီးရှိကြပြီး ၂ဝ၁၄ ခုနှစ်က ကောက်ယူခဲ့သော လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၌ စတုရန်း တစ်မိုင်လျှင် ၁၇၆ ဦးသာရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကျယ်အဝန်းသည် မြန်မာနိုင်ငံ အကျယ်အဝန်းထက် သေးငယ်ကြောင်း တွေ့ရသည်။

အပြောင်းလဲမြန်သော မျက်မှောက်ခေတ် နိုင်ငံတကာ အခြေအနေကြောင့် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်သော အစိုးရသည် ရှေးခေတ်ကလို ရွှေဘုန်းတော်တိုးပါလို့ နေမျိုးသခင်ဘုရား ဟူသော ကြောက်ဖားတို့၏ မြှောက်စကားကို နားဝင်ပီယံ ဖြစ်ရမည့် ခေတ်မဟုတ်တော့ဘဲ ပြတ်သားရမည့် အချိန်ဖြစ်ကြောင်း အားလုံးက နားလည်ကြရန်လိုသည်။ လာဘ်လာဘမရွှင်လန်းသဖြင့် ရယူခန်း ပျောက်သွားသူတို့ကလည်း နောက်ဆုတ်နေခြင်းငှာ မသင့်တော်ပါ။ နောက်ပါ ကျွန်ကျေးဝတ်ရေးစားပုံ လှီကြုံလျော့ပါးသူတို့ အနေဖြင့်လည်း လက်ပိုက်ကြည့်နေရုံမျှဖြင့် မရနိုင်တော့ပါ။ နိုင်ငံသားတစ်ဦးချင်း စိတ်ဓာတ်မပြောင်းသရွေ့ မြန်မာတို့ ဇာတိမာန်သည် သင်္ကြန်အမြောက်အသံဖြင့် ခြောက်သည့်အလား ဖြူနီဝါပြာ ငွေတိမ်လွှာများလို လေမှာပင်လွင့်ပျောက်သွားမည့် အရေး မြော်တွေးထားကြရန် လိုကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 47 times Last modified on Wednesday, 23 January 2019 10:13