SJ WorldNews - шаблон joomla Авто

စိတ်နှလုံးကောင်းရှိသူ အမှန်တရားကို သိမြင်၏

Friday, 25 January 2019 09:11 font size decrease font size decrease font size increase font size increase font size

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာအထူးကိုယ်စားလှယ် H.E.Mr.Sun Guoxiang အား ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရနှင့် တပ်မတော်မှ ဆောင်ရွက်နေမှုများနှင့် တရုတ်နိုင်ငံမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တပ်မတော်မှ ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံက ထောက်ခံသည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက နယ်ခြားစောင့် ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့ခြင်းသည် လက်မခံနိုင်စရာ တာဝန်မဲ့ လုပ်ရပ်ဖြစ်၍ တရုတ်နိုင်ငံမှ ပြင်းထန်စွာ ရှုတ်ချသည့် အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

အိမ်နီးချင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသားများမှာ ဟန်တရုတ် ၉၁ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး တိဗက်၊ မွန်ဂို၊ ကိုရီးယား၊ မန်ချူးနှင့် အခြားမျိုးနွယ်စုများ နေထိုင်ကြသည်။ နိုင်ငံသားများ ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားများမှာ ဗုဒ္ဓဘာသာ၊ တာအိုဘာသာတို့အပြင် မွတ်စလင်ဘာသာနှင့် ခရစ်ယာန်ဘာသာဝင် အချို့ရှိကြောင်း သိရသည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ဧရိယာအကျယ်အဝန်းသည် စတုရန်းမိုင်ပေါင်း ၃၇ဝ၅၄ဝဝ ကျယ်ဝန်းပြီး အာရှတိုက်၏ အရှေ့ဘက်ပိုင်းတွင် ဒေသအများစု တည်ရှိသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့သည် ကုန်းမြေနယ်နိမိတ် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အပြင် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို တက်ကြွစွာ ဆောင်ရွက်နေကြသော နိုင်ငံများ ဖြစ်သည်။ အိမ်နီးချင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု နိုင်ငံများက ဖိအားပေးမှုများအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရေးကိုလည်း အားပေးခဲ့သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ညင်သာစွာ ကူးပြောင်းခဲ့ပြီး ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှ ယနေ့အချိန်အထိ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အားပေး ထောက်ခံလျက်ရှိရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင်ဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူများက နယ်ခြားစောင့်ရဲကင်း စခန်းများအား တိုက်ခိုက်ခဲ့ခြင်းသည် လက်မခံနိုင်စရာ တာဝန်မဲ့ လုပ်ရပ်ဖြစ်၍ တရုတ်နိုင်ငံမှ ပြင်းထန်စွာ ရှုတ်ချခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တောင်ဘက်ပိုင်း ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ ရခိုင်တိုင်းရင်းသူ တစ်ဦးအား ဘင်္ဂါလီလူငယ်သုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ပစ္စည်းများပါ လုယက်သည့် ၂ဝ၁၂ ခုနှစ် မေ၂၈ ရက်ဖြစ်စဉ် မှစသော နှစ်ဖက် လူ့အဖွဲ့အစည်းအကြားတွင် ၂ဝ၁၂ ခုနှစ် အောက်တိုဘာအထိ ပဋိပက္ခများ ဖြစ်ခဲ့ရသည်။ ပဋိပက္ခ ဖြစ်စဉ်များကြောင့် ရခိုင်လူမျိုး ၅၈ ဦးသေဆုံးပြီး ၁၄၈ ဦးဒဏ်ရာ ရသည့်အပြင် လူနေအိမ် ၁၁၉၂ လုံး ဆုံးရှုံးသွားသည်။ မောင်တောမြို့နယ်ဖြစ်စဉ်များတွင် ဘင်္ဂါလီများသည် ရခိုင်တိုင်းရင်းသားပိုင် ပစ္စည်းများသာမက နိုင်ငံတော်ပိုင်၊ ဘာသာရေးနှင့် အများနှင့် သက်ဆိုင်သည့် အဆောက်အအုံများကိုပါ ဖျက်ဆီးခဲ့ကြရာ မီးစက်ရုံခုနစ်ရုံ၊ ဆေးပေးခန်းနှစ်ခု၊ အခြေခံပညာ ကျောင်းလေးကျောင်း၊ ရဲကင်းစခန်းနှစ်ခု၊ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ဆုံးရှုံးသွားသည်။ ရခိုင်တိုင်းရင်းသား တို့က နိုင်ငံပိုင် အဆောက်အအုံများကို ဖျက်ဆီးခြင်း မရှိကြောင်း သိရသည်။ ပဋိပက္ခဖြစ်ပွားစဉ် ကာလအတွင်း ၂ဝ၁၂ ခုနှစ် စက်တင်ဘာ၂၉ ရက်နှင့် ၃ဝ ရက်များအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရခိုင်လူမျိုးများနှင့် ဘုန်းတော်ကြီးများ၊ ရခိုင်နေအိမ်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းများကို အစွန်းရောက် ဘင်္ဂါလီများက တိုက်ခိုက်ခဲ့ကြသဖြင့် ဘုန်းတော်ကြီးကျောင်း အပါအဝင် လူများသေကျေ ဒဏ်ရာရခဲ့ကြပြီး လူနေအိမ်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံများ၊ ဘုရားပုထိုးများ ပျက်စီးသွားသည်။ ဤသို့ ပဋိပက္ခများ ဖြစ်ပွားနေစဉ် တပ်မတော်အနေဖြင့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်းများကို စစ်တွေလေဆိပ်မှ မောင်တောမြို့နယ်သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးပြီး အကြမ်းဖက်ဆူပူမှု ဖြစ်ပွားသည့်နေရာဝန်းကျင် ကျေးရွာနေပြည်သူများအား တပ်မတော်ဆေးတပ်ဖွဲ့မှ ပါရဂူများနှင့် ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်ကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုအချိန်မှစ၍ ရခိုင်ပြည်နယ်လုံခြုံရေးကို နိုင်ငံတော် အစိုးရက အထူးအလေးထား ဆောင်ရွက်နေစဉ်မှာပင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် မောင်တောခရိုင် အတွင်းရှိ နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဌာနချုပ်ကို အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်ကြသည့် ဖြစ်စဉ်နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ ရဲကင်းစခန်း ၃ဝ နှင့် တောင်ဘဇာရှိ တပ်မတော် တပ်ရင်းဌာနချုပ် တို့ကို ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့က ဝင်ရောက် တိုက်ခိုက်ကြသည့် ဖြစ်စဉ်များ ရှိခဲ့သည်။ မျက်မှောက်ကာလ အခြေအနေ များအရ ရခိုင်ပြည်နယ် လုံခြုံရေးကို အမျိုးသားရေး တာဝန်အဖြစ် မြန်မာနိုင်ငံသား အားလုံးက သတ်မှတ်ထားချိန်တွင် AA အကြမ်းဖက် သောင်းကျန်းသူများက နယ်ခြားစောင့်ရဲကင်းစခန်းများအား တိုက်ခိုက်ခြင်းသည် တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော မိမိတို့ မျိုးနွယ်စုများ ကံကြမ္မာဆိုးနှင့် ကြုံတွေ့စေရန် တွန်းပို့ခြင်း ဖြစ်ကြောင်း စိတ်နှလုံးကောင်း ရှိသူတိုင်း သိကြမည် ဖြစ်ပါသည်။ ။

Read 58 times Last modified on Friday, 25 January 2019 09:12