SJ WorldNews - шаблон joomla Авто

သဇင်ပွင့်၍ ဝင့်ထည်နိုင်ကြပါစေ

Sunday, 27 January 2019 11:09 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ရေမြေတောတောင် သဘာဝအလျောက် ပေါက်ရောက်သော အပင်နှင့် စိုက်ပျိုးသော အပင်တို့သည် ဒေသအလိုက် အမျိုးမျိုးရှိရာ မြေပြန့်ဒေသ၌ ပိတောက်ပန်းတို့ လန်းကြသည့်နည်းတူ တောင်ပေါ် ဒေသများတွင် ထင်းရှူးနှင့် ချယ်ရီတွေ ပွင့်ကြသည်။ ဒေသအလိုက် ရေမြေတောတောင် သဘာဝကွာခြားမှုရှိသော်လည်း စာရေးဆရာတို့ ရေးသော စာများတွင် ကယားသဇင်နှင့် ရခိုင်သဇင်တို့ အလှချင်း ပြိုင်ကြသည်ကို ရေးဖွဲ့ထားကြောင်း တွေ့ရဖူးသည်။

ရေမြေတောတောင် သဘာဝလှပ ကောင်းမွန်၍ သယံဇာတကြွယ်ဝသော ကယားပြည်နယ်၏ ယနေ့အခြေအနေသည်  တည်ငြိမ်အေးချမ်းမှု ရှိခြင်းကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူတို့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေကြသည်။ အထူးသဖြင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်သည့် အခြေအနေသည် ဒေသခံပြည်သူတို့အတွက် တစ်မူထူးခြားသော ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်သည်။ ကယားပြည်နယ်အတွင်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းကို ၂ဝ၁၄ ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့ရာမှ နှစ်စဉ်တိုးတက်လာသော ခရီးသွား ဦးရေသည် ၂ဝ၁၈ ခုနှစ်တွင် ၄ဝဝဝ ကျော်အထိ ရှိကြောင်း သိရသည်။ ကယားပြည်နယ်အတွင်း ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးအတွက် နိုင်ငံတော် အစိုးရနှင့်ပြည်နယ် အစိုးရအဖွဲ့တို့က လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသဖြင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းဖြစ်သော ပို့ဆောင်ရေးလုပ်ငန်း၊ အစားအသောက်နှင့် ဝန်ဆောင်မှု၊ ရိုးရာလက်ဆောင်ပစ္စည်း ရောင်းချမှု၊ ရပ်ရွာအခြေပြု ဧည့်လမ်းညွှန် စသည့်လုပ်ငန်းများ ဖွံ့ဖြိုးလာကြသည်။ ပဒေါင်ဟု လူသိများသော ကယန်းတိုင်းရင်းသူတို့ ရိုးရာဖြစ်သော လည်ပင်းတွင် ဆင်ယင်ထားသည့် ကြေးကွင်းများကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာမှတ်တမ်း တင်ပြခြင်းကြောင့် ကယန်းတိုင်းရင်းသူ တို့အတွက် ကြေးမှငွေဖြစ်အောင် ဖန်တီးပေးသည်ဟု ဆိုနိုင်သည်။

ကယားပြည်နယ်ကဲ့သို့ ရေမြေတောတောင် သဘာဝ ကောင်းမွန်ပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိသည့်အပြင် ငပလီကဲ့သို့သော အပန်းဖြေနားနေစရာ ရှုခင်းသာရှိသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းလျှင် ခရီးသွားလုပ်ငန်းအတွက် အလှပေါ်အယဉ်ဆင့်၍ အသွင်တင့်မည်မှာ အထူးပြောဖွယ် မလိုတော့ပေ။ သို့တစေ မျိုးကောင်းသရက်ပင်ကို ညောင်ပင်မျိုသည့် ကိန်းဆိုက်နေသော အခြေအနေကြောင့် ရခိုင်တိုင်းရင်းသား ပြည်သူအပေါင်းတို့မှာ ဒုက္ခပင်လယ်ဝေသူဝေ၊ အနေအစားကျပ်သူကျပ် ကြုံတွေ့နေကြရသည့် သတင်းကြား သိရသည်။ တစ်ချိန်တည်းမှာပင် ဇာတိချက်ကြွေ သံတွဲမြေမှ ကဗျာဆရာတစ်ဦး ရေးခဲ့ဖူးသော ''ညောင်ပင်မျိုသည့်၊ စိမ်းစိုသစ်လွင်၊ သရက်ပင်သည်၊ အသွင်မဖြိုး၊ အသွင်ညှိုးခဲ့၊ ပိုးခြအိမ်တက်၊ သီးပွင့်ပျက်ခဲ့၊ ရက်လရှည် ကြာမြင့်ခဲ့ပြီ''ဟူသည့် ကဗျာစာပိုဒ်ကို ပြန်လည်တွေးမိသည်။ ကဗျာရေးဖွဲ့သူ၏ ခံစားချက်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၂ ခုနှစ်ဆီသို့ ပြန်လည်ရည်ညွှန်းထားခြင်း ဖြစ်မည်ဟု မှန်းဆရသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်မှ ဘင်္ဂါလီများအား ရခိုင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ စေခိုင်းရန် ဗြိတိသျှ အစိုးရက ခွင့်ပြု ခေါ်ယူခဲ့ရာမှ အခြေချနေထိုင်ကြသော ဘင်္ဂါလီဦးရေ တိုးပွားလာသည်။ ၄င်းဘင်္ဂါလီများက ဒေသခံ တိုင်းရင်းသားများကို မောင်းထုတ်၍ ဘူးသီးတောင်၊ မောင်တောဒေသကို အပိုင်စီးရန် ကြံကြခြင်းကြောင့် ရခိုင်-ဘင်္ဂါလီပဋိပက္ခဖြစ်ပွားသည့် ၁၉၄၂ ခုနှစ်တွင် အလယ်သံကျော် ကျေးရွာအရေးအခင်းတွင် ရခိုင်တိုင်းရင်းသား ကျေးရွာပေါင်း ၁၅၂ ရွာ ဖျက်ဆီးခံရပြီး လူ၂ဝဝဝဝ ကျော် အသက်ဆုံးရှုံးရသည် သာမက ရခိုင်တိုင်းရင်းသား တစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မူဂျာဟစ်လက်နက်ကိုင် သောင်းကျန်းသူများနှင့် ရိုဟင်ဂျာ အမျိုးသား လွတ်မြောက်ရေးပါတီတို့ စတင် ပေါ်ပေါက်လာပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နယ်မြေများအား အာကစ္စတန်(Arkistan)နိုင်ငံ၊ ရိုဟင်ဂျာပြည်နယ် စသည်ဖြင့် ထူထောင်ရန် ကြိုးပမ်းခဲ့ကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရခိုင်တိုင်းရင်းသားတို့ နေထိုင်ကြသော ကျေးရွာများကို ဘင်္ဂါလီတို့က အပိုင်စီးထားကြရုံ မျှမကသေးဘဲ ရခိုင်ပြည်နယ်တွင်း စည်ကားသော မြို့များမှာလည်း ဘင်္ဂါလီတို့သာ ကြီးပွားနေကြသည်ကို မြင်တွေ့ရသော ကဗျာဆရာက ယခင်က စိမ်းစိုသော သရက်ပင်ကို ညောင်ပင်မျိုသည့်အတွက် အသွင်ညှိုးခဲ့ပြီဟု ရေးဖွဲ့ထားခြင်း ဖြစ်သည်။

သရက်ပင်ရှင်သန်၍ သီးပွင့်ဝေဆာစေရန် ညောင်ပင်ကို ဖယ်ရှားရမည် ဖြစ်ကြောင်း နှိုးဆော်ရာ၌ ''အကယ်၍မူ၊ သတိယူ၍၊ လူသူအပေါင်း၊ ရာထောင်သောင်းက၊ မျိုးကောင်းသရက်၊ ပြည်ညောင်ဖျက်ဟု၊ အခက်ကိုသင်၊ အပင်ကိုခုတ်၊ အမြစ်နုတ်၍၊ အငုတ်မကျန်၊ ပြည်ညောင်ရန်ကို၊ တွန်းလှန်လိုက်လျှင်၊ သရက်ပင်သည်၊ လေဝင်ယိမ်းထိုး၊ အားသစ်ပျိုး၍၊သီးဖြိုးဝေဆာပေလိမ့်မည်''ဟူသော ကဗျာဆရာ၏ စေတနာ ဝေဖြာမှုကို ဖော်ညွှန်းသည့်''အားသစ်ပျိုးချိန်''ကဗျာ အဆုံးသတ်ထားသည်။

မြန်မာမှုနယ်ပယ်မှ ယာဂုနဲ့ထမနဲ အခေါ်သာကွဲ အတူတူပဲ ဆိုရိုးစကားအတိုင်း ယနေ့ခေတ် ARSA ဟူသည်မှာ ယခင်ခေတ်က မူဂျာဟစ်သောင်းကျန်းသူနှင့် အတူတူပင် ဖြစ်သည်ကို မမေ့လျော့ဘဲ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်တို့ လက်တွဲမောင်းထုတ်ကြသော် ကယားသဇင်တွေ တင့်တယ်သလို ရခိုင်သဇင်တို့လည်း ပွင့်လန်း ဝင့်ထည်နိုင်မည် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း ပြောကြားလိုက် ရပါသည်။ ။

Read 64 times Last modified on Sunday, 27 January 2019 11:10