SJ WorldNews - шаблон joomla Авто

ဆွေးစရာဘဝင်မှာ အလွမ်းပင်သာမြင့်တော့သည်

Monday, 28 January 2019 09:46 font size decrease font size decrease font size increase font size increase font size

ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာ အဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၄ ရက်တွင် ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်းရှိ မောင်တောနှင့်ရသေ့တောင် မြို့နယ်သို့ သွားရောက် သတင်းရယူကြပြီး လုံခြုံရေးအခြေအနေ၊ ပြန်လည်လက်ခံရေး အခြေအနေ၊ လတ်တလော တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့် အခြားသိရှိလိုသည်များကို မေးမြန်းကြရာ မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။

လတ်တလော တိုက်ပွဲဖြစ်ပွားမှုအခြေအနေမှာ အမှတ်(၂)နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ်ကို ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင် မောင်တောမြို့နယ် ဝက်ကျိန်းကျေးရွာတံတားအနီး၌ ARSA အကြမ်းဖက်အဖွဲ့ အင်အား ၁ဝ ဦးခန့်က ချောင်းမြောင်းပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရရှိသည်။ ဒဏ်ရာရသွားသော ရဲတပ်ဖွဲ့ဝင်များအား တပ်မတော်ဆေးရုံ(ဘူးသီးတောင်)သို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ရရှိသော အထောက်အထားများအရ ယခုဖြစ်စဉ်မှာ ARSA အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ARSA အကြမ်းဖက်အဖွဲ့သည် မေယုတောင်တန်း၏ အနောက်ဘက်ခြမ်းတွင် လည်းကောင်း၊ AA သောင်းကျန်းသူ အဖွဲ့သည် မေယုတောင်တန်း၏ အရှေ့ဘက်ခြမ်းတွင် လည်းကောင်း နှစ်ဖက်ညှိနှိုင်းချက်ဖြင့် နယ်မြေပိုင်းခြား လှုပ်ရှားနေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ် ရရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ကြားသိရသော သတင်းများအရ တစ်အူထုံ့ဆင်း သွေးသားရင်းချာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အချင်းချင်း နယ်မြေလုရင်း တိုက်ကြခိုက်ကြသည့် ဖြစ်စဉ်များ ရှိနေချိန်တွင် ဘိုးဘွားတို့အသက်၊ သွေးများရင်း ထားခဲ့ကြသော မေယုတောင်ကြော၌ ကိုယ့်သွေးကိုယ့်သား မဟုတ်သူများအား ကြည်ကြည်ဖြူဖြူ လက်ခံထားသည်မှာ အကျည်းတန်သော လုပ်ရပ်သာ ဖြစ်သည်။ ၁၉၄၂ ခုနှစ် မတ် ၂၃ ရက်က ဖြစ်ပွားခဲ့သော ကုလား-ရခိုင် အရေးအခင်း၌ ဘင်္ဂါလီတို့က လူအုပ်စုဖွဲ့ပြီး အလယ်သံကျော် ကျေးရွာမှ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုး ၂ဝဝဝဝ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်သည့် အကြမ်းဖက်လူသတ်မှုကြီးမှာ ကမ္ဘာတစ်ဝန်းကပင် တုန်လှုပ် ချောက်ချားခဲ့ရသည်။ ရခိုင်တိုင်းရင်းသားတို့ အသက်ဆုံးရှုံး ရသည့်အပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် အတွင်းရှိ ရခိုင်ရွာအားလုံးနှင့် ရသေ့တောင်မြို့နယ်မှ ရခိုင်ရွာအချို့ မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။ လူများသေဆုံးသွားသဖြင့် လယ်မြေများကို ပြန်လည် ထူထောင်မည့်သူ မရှိတော့ခြင်းကြောင့် စစ်တကောင်းသား ဘင်္ဂါလီများက အစား ဝင်ရောက် လာကြသည့်အတွက် ရခိုင်တိုင်းရင်းသား တို့၏ ရွာများ ပြန်လည်ထူထောင် မရတော့သည့် အခြေအနေ ဆိုက်ရောက်သွားသည်ကို သင်ခန်းစာ ယူကြရမည် ဖြစ်သည်။ ရခိုင်ဒေသ မြောက်ဘက်ပိုင်းတွင် ရှိသော ကျေးရွာများသို့ ဘင်္ဂါလီတို့က လူလှိုင်းလုံးဖြင့် ဝင်ရောက် အခြေချနေထိုင်မှုကြောင့် ရခိုင်တိုင်းရင်းသား အမြောက်အမြားမှာ မြောက်ဘက်ပိုင်းရှိ ကျေးရွာများကို စွန့်ခွာပြီး တောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့ နေထိုင်ကြရသည်ကို မမေ့အပ်ပေ။ ဘင်္ဂါလီတို့၏ လုပ်ရပ်သည် ယနေ့ခေတ် အပြောများ နေကြသည့် စစ်ရေးမဟုတ်သော အခြားနည်းလမ်းဖြင့် စစ်ဆင်တိုက်ခိုက်ခြင်း (Military operation other than wars)ကို လွန်ခဲ့သော နှစ်ပေါင်း ၇၆ နှစ်ကပင် ကျင့်သုံးခဲ့ကြခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း အခြားဖြစ်စဉ် တစ်ခုမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့၏ နယ်စပ်ခြံ စည်းရိုး အဆင့်မြှင့်တင်မှုအတွက် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် နယ်ခြား မှတ်တိုင်(၄၁) ရဲကင်းစခန်းကို ဇန်နဝါရီ ၂၄ ရက် နံနက် ၇ နာရီ ၄၄ မိနစ်ခန့်တွင် နယ်စပ် ခြံစည်းရိုးနှင့် မီတာ ၂ဝဝ အကွာခန့်နေရာမှ ဗုံးပစ်လောင်ချာ ဗုံးသီးလေးလုံး၊ လက်နက်ငယ် အချက် ၂ဝဝ ခန့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရှေ့တန်းအမှတ်(၅)နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သားတစ်ဦး လက်နက်ငယ်ရှပ်မှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ ရဲတပ်သား တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ နယ်စပ်ခြံစည်းရိုးပြင် အလုပ်သမားတစ်ဦး လက်နက်ကြီး စရှပ်မှန်ဒဏ်ရာ အသီးသီး ရရှိသွားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး အား ခေါ်ယူတွေ့ဆုံကာ အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်ကို အသိပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ရင်းနှီးချစ်ကြည်ပြီး ကောင်းမွန်သော ဆက်ဆံရေး ရှိသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ လုံးဝလက်မခံသည့် မူဝါဒ ချမှတ်ထားကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေကို အသုံးပြု၍ မြန်မာနိုင်ငံအား ထိပါးနှောင့်ယှက် လာသည်ကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ပြောကြားကာ သံတမန်စာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေကို အသိအမှတ်ပြု လေးစားကြရသည်။

နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံ တို့သည် စစ်ရေးလေ့ကျင့်ရာတွင် ဖြစ်စေ၊ သောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးတွင် ဖြစ်စေ တပ်ဖွဲ့ဝင်များ သော်လည်းကောင်း၊ ကျည်ဆန် သော်လည်းကောင်း တစ်ဖက်နိုင်ငံပိုင်နက်နယ်မြေ အတွင်းသို့ မှားယွင်း ရောက်ရှိသွားလျှင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းညှိနှိုင်းကြရသည့် အတွေ့အကြုံများ ရှိခဲ့ဖူးသည်။ စစ်ရေးစစ်ရာ မဆိုထားဘိ သာမန်ရွှေ့ပြောင်း လုပ်သားများ၊ ပင်လယ်ပြင်တွင် ငါးဖမ်းနေစဉ် စက်လှေပျက်၍ မျောပါသွားသူများ၊ မုန်တိုင်းကြောင့် မျောပါသွားသူများအား သက်ဆိုင်ရာ နိုင်ငံက ထောင်ဒဏ်ချမှတ်ခံရသည့် ဖြစ်စဉ်များကို တွေ့ရသည်။ ဝေဟင်ပိုင်နက်နှင့် စပ်လျဉ်း၍ ၂ဝ၁၇ ခုနှစ် သြဂုတ်လအတွင်းတွင် မြန်မာနိုင်ငံမှ ရဟတ်ယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ကျော်လွန်ပျံသန်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ စက်တင်ဘာ ၁ ရက်တွင် ကန့်ကွက် စာတစ်စောင် ပေးပို့ခဲ့ဖူးသည်။ ရဟတ်ယာဉ်လေသူရဲ၏ GPS Track Log ကို စစ်ဆေးကြည့်ရာ နယ်နိမိတ်မျဉ်းကို ကျော်လွန်ပျံသန်းကြောင်းမတွေ့ရသည်ကို သံတမန် နည်းလမ်းအရ ဖြေရှင်းခဲ့ရသည်။

ဤသို့လျှင် ၁၉၄၂ ခုနှစ် အလယ်သံကျော်ကျေးရွာ အကြမ်းဖက် ခံရသည်မှစ၍ ယနေ့ မေယုတောင်တန်းမှ ဖြစ်စဉ်အထိ အတွေးစ အမျှင်တန်း သည်ကြောင့် ဆွေးစရာဘဝင်မှာ အလွမ်းပင်သာ မြင့်ရပါတော့ကြောင်း မြဝတီက ထပ်လောင်း ပြောကြားလိုက်ရပါသည်။ ။

Read 59 times Last modified on Monday, 28 January 2019 09:47