SJ WorldNews - шаблон joomla Авто

ဆွစ်ဇာလန် နိုင်ငံမှ ကမ္ဘာ့စီးပွားရေးဖိုရမ်

Tuesday, 29 January 2019 11:32 font size decrease font size decrease font size increase font size increase font size

ဆွစ်ဇာလန် နိုင်ငံအတွင်း မြို့ကြီးပြကြီး မနီးသော အယ့်လ်ပ်တောင်တန်း ဒေသ၌ တည်ရှိသည့် ဒါဗို့စ်မြို့ကလေး၌ ကမ္ဘာ့စီးပွားရေး ဖိုရမ်ညီလာခံကြီးကို ဇန်နဝါရီ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရာ နိုင်ငံခေါင်းဆောင်များ၊ ဓနဥစ္စာ ကြွယ်ဝသော လုပ်ငန်းရှင်များ၊ အသိပညာရှင်နှင့် အတတ်ပညာရှင်များ စသည့်နယ်ပယ်မျိုးစုံမှ သြဇာတိက္က မရှိသူများ အပါအဝင် စုစုပေါင်းလူ ၃ဝဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)ကို တစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိရာ ယခုနှစ်အတွက် ''စတုတ္ထ စက်မှုတော်လှန်ရေး ခေတ်ကို ဖော်ဆောင်ဖို့ တစ်ကမ္ဘာလုံး ပါဝင် ဆောင်ရွက် ကြပါစို့''ဟူသော ဆောင်ပုဒ် ချမှတ်ထားသည့်အတိုင်း စီးပွားရေး၏ ဖွားဖက်တော် နိုင်ငံရေး၊ လူမှုရေး၊ စစ်ရေး စသည်တို့ကို ထည့်သွင်း ဆွေးနွေးသံများကြား သိရသည်။

ကမ္ဘာကြီးဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကျင်းပလေတိုင်း ပမာနှိုင်းရသော် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ဟု ဆိုရမည့် ရာသီဥတု ထိန်းညှိရေး ဆောင်ရွက်ဖွယ် နည်းလမ်း အသွယ် သွယ် တို့ ရှေ့တန်းမှ ပါဝင်လာရသည်။ ရာသီဥတု ထိန်းညှိရေးအတွက် သွက်သွက် လက်လက် ဆောင်ရွက်ရမည့် နည်းလမ်းများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အီလက်ထရွန်နစ် အမှိုက်ပြဿနာ ဖြေရှင်းရေး၊ စွန့်ပစ် ပလတ်စတစ် အမှိုက်ပြဿနာ လျော့နည်းရေး၊ အပူပိုင်းသစ်တောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး ဦးစားပေး ဆောင်ရွက်ကြရမည့် လုပ်ငန်းများ ပါဝင်ကြသည်။ ရာသီဥတု ထိန်းညှိရေး ဆောင်ရွက်ကြရာတွင် နိုင်ငံတစ်နိုင်ငံ ချင်းအနေဖြင့် ဆောင်ရွက် နိုင်သော လုပ်ငန်းများ ပါဝင်သကဲ့သို့ ကမ္ဘာ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ကြရမည့် လုပ်ငန်းများလည်း ပါဝင် လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများ အသီးသီးတို့တွင် အစွန်းရောက် ရာသီဥတုဒဏ်ကို ခံစားနေကြရသည် များအနက် သြစတြေးလျ နိုင်ငံတောင်ဘက်ပိုင်းမှ သဲကန္တာရနှင့် တောရိုင်း တိရစ္ဆာန်များ ကျက်စားရာ ဒေသများ၌ အပူချိန် ၄၉ ဒသမ ၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်လာပြီး သြစတြေးလျနိုင်ငံတစ်ဝန်း အပူချိန် အလွန်အမင်း မြင့်တက်နေခြင်းကြောင့် တောမီးလောင် နိုင်သည့် အန္တရာယ်ရှိကြောင်း အရေးပေါ် ဌာနများက နှိုးဆော်ထားသည်။ သြစတြေးလျ နိုင်ငံတွင် အပူချိန် အလွန်အမင်း မြင့်တက်နေသည့်ဒဏ်ကို တောရိုင်းတိရစ္ဆာန်များ ခံစားနေကြရရာ New South Wale ပြည်နယ်၌ လင်းနို့များ အစုအပြုံလိုက် သေဆုံးကြောင်း တွေ့ရသည့်အပြင် မြစ်ကမ်းများတွင်လည်း ငါးအကောင်ရေသန်း နှင့်ချီ၍ သေဆုံးနေကြောင်း တွေ့ရသည်။ ထို့ပြင် သြစတြေးလျနိုင်ငံ မြောက်ဘက်ပိုင်းဒေသ၌ ရေခန်းခြောက်နေသည့် ရေအိုင် တစ်ခုအတွင်း သေဆုံးနေသည့် မြင်းရိုင်းများနှင့် ရေဓာတ်ခန်းခြောက်ပြီး သေလုမျောပါး ဖြစ်နေသည့် မြင်းရိုင်းများကို တွေ့ရကြောင်း နိုင်ငံတကာ သတင်းများ၌ တွေ့ရသည်။

ဂျပန်နိုင်ငံမှ ဂျီဆုမြို့နှင့် နီအီကာတာစီရင်စု တို့တွင် လေအေးတိုက်ခတ်မှုကြောင့် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းလျက်ရှိရာ နှင်းထုသည် ၁ ဒသမ ၅ မီတာ အထိရှိပြီး နာဂါနိုစီရင်စုတွင် ၁ ဒသမ ၁၅ မီတာ အထိရှိကြောင်း ဂျပန်မိုးလေဝသဌာနက ကြေညာထားသည်။

ဂျပန်နိုင်ငံ အလယ်ပိုင်း၌ ရှိသော နာဂါနိုစီရင်စုတွင် လာမည့် ၂၄ နာရီအတွင်း နှင်းထု၈ဝ စင်တီမီတာအထိ ကျရောက်နိုင်ကြောင်းနှင့် နီအီကာတာ စီရင်စုတွင် ၁ မီတာအထိ ထပ်မံ ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပြီး ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် နှင်းထု ၁ဝ စင်တီမီတာမှ ၂ဝ စင်တီမီတာအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးတွင် နှင်းထူထပ်စွာ ကျဆင်း နိုင်သောကြောင့် ရေခဲဖုံးလွှမ်းနေသော လမ်းများ၊ ဆီးနှင်း ပြိုကျမှု များနှင့်အတူ အခြားဆက်စပ်နေသော အကြောင်းများကြောင့် မတော်တဆမှုများ ဖြစ်ပွားနိုင်ကြောင်း ဂျပန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ NHK သတင်းဌာနက ဇန်နဝါရီ ၂၆ ရက်တွင် ပြည်သူများအား သတိပေးထားသည်။

အမေရိကန် ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသ၌ အအေးဓာတ်လွန်ကဲသော အာတိတ်လေအေး တိုက်ခတ်မှုကြောင့် ကျောင်းများ ပိတ်ထားရမည့်အပြင် ပို့ဆောင်ရေး ခရီးစဉ်များပါ ပိတ်ထားရနိုင်ကြောင်း ရာသီဥတုဆိုင်ရာ အမျိုးသားရေးဌာနက ဇန်နဝါရီ ၂၅ ရက်တွင် ခန့်မှန်းထားပြီး ကနေဒါနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒါကိုတာ ပြည်နယ် မြောက်ဘက်ပိုင်း၌ လေအေးကြောင်း တိုက်ခတ်မှုကြောင့် -၃ဝ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းနေကြောင်း AFP သတင်းက ဖော်ပြထားသည်။

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘာ့နိုင်ငံများ၏ ရာသီဥတု အခြေအနေကို ကြည့်လျှင် အီကွေတာ၏ တောင်ဘက်တွင်ရှိသော သြစတြေးလျ နိုင်ငံ၌ အပူချိန်လွန်ကဲလျက် ရှိနေစဉ် အီကွေတာ၏ မြောက်ဘက်တွင် ရှိသော ဂျပန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၌ အအေးလွန်ကဲလျက် ရှိကြောင်း တွေ့ရသည်။ တစ်နည်းအားဖြင့် ကမ္ဘာ့မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်း တို့တွင် တည်ရှိသော နိုင်ငံများ၏ အခြေအနေချင်း မတူညီကြခြင်းကြောင့် ဒါဗို့စ်၌ ကျင်းပသော ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ ထွက်ပေါ်လာသော အဖြေတို့သည် နိုင်ငံ  အားလုံးအတွက် အကျိုးရှိစေမည် ဟူ၍ ယူဆရန် ခက်ခဲနိုင်သဖြင့် ဥစ္စာရင်လို ဥစ္စာရင်ခဲခြင်း သည်သာ သွက်လက် ထိရောက်မည် ဖြစ်ကြောင်း မြဝတီက သုံးသပ်ရပါသည်။ ။

Read 56 times Last modified on Tuesday, 29 January 2019 11:33