SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်စီးလျှင် ဦးထုပ် ယာဉ်မောင်းလျှင် ခါးပတ်

Friday, 01 February 2019 09:46 font size decrease font size decrease font size increase font size increase font size

မော်တော်ဆိုင်ကယ် စီးသူများနှင့် မော်တော်ယာဉ် မောင်းသူများ၊ ခြေကျင်လျှောက်သူများ အန္တရာယ် ကင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး အစီအစဉ်များ၊ စစ်ဆေး အရေးယူမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေကြသည့် တိုင်အောင် ယာဉ်မတော်တဆ ဖြစ်မှုများ လျော့နည်းမသွားကြောင်း တွေ့ရသည်။

ယာဉ်တိုက်မှု ဖြစ်ရသည့် အကြောင်းရင်းများတွင် မော်တော်ယာဉ် အချင်းချင်းတိုက်မှု၊ မော်တော်ယာဉ် တစ်စီးတည်းဖြင့် မတော်တဆဖြစ်မှု၊ မော်တော်ယာဉ်နှင့် ခြေကျင်လျှောက် သူတိုက်မှု၊ မော်တော်ယာဉ်နှင့် အနှေးယာဉ်တိုက်မှု၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မှု၊ မော်တော်ဆိုင်ကယ် အချင်းချင်းတိုက်မိမှု၊ မော်တော်ဆိုင်ကယ် တစ်စီးတည်းဖြင့် မတော်တဆ ဖြစ်မှု၊ မော်တော်ဆိုင်ကယ်နှင့် ခြေကျင်လျှောက်သူတိုက်မှု၊ မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်တိုက်မှု၊ မော်တော်ယာဉ် သို့မဟုတ် မော်တော်ဆိုင်ကယ် ပေါ်မှ ခရီးသည်လိမ့်ကျမှု၊ မော်တော်ယာဉ်ပေါ်မှ အရာဝတ္ထုပြုတ်ကျမှု၊ စက်တပ်ယာဉ် သို့မဟုတ် ရထားနှင့် တိုက်မိမှု စသည့်အဖြစ် မျိုးစုံကြောင်း တွေ့ရသည်။

မော်တော်ယာဉ် အချင်းချင်း တိုက်မိသည့် ဖြစ်စဉ်များမှာ ယာဉ်အသွားအလာများသဖြင့် ယာဉ်ကြောကျပ်သော မြို့ကြီးများတွင်သာ တွေ့ရသည်မဟုတ်ဘဲ နယ်ဘက်လမ်းကြောင်း များတွင်လည်း တွေ့ရတတ်သည်။

ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့နယ်အတွင်း ဓနုဖြူ-ရန်ကုန် ကားလမ်းမိုင်တိုင် အမှတ်(၁၅/၆)နှင့် (၁၅/၇)ကြား ပေါက်တော ကျေးရွာအနီး၌ ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီတွင် ယာဉ်သုံးစီးဆင့် တိုက်မှုဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဓနုဖြူ-ရန်ကုန်ကားလမ်း အတိုင်း စက္ကော့ကျေးရွာဘက်မှ ဓနုဖြူဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် မှန်လုံယာဉ်သည် ၄င်း၏ရှေ့မှ လားရာတူဘက်သို့ မောင်းနှင်နေသော 3J/---- FORLAND မြေသယ်ယာဉ်ကို ကျော်တက်စဉ် ရှေ့မျက်နှာချင်းဆိုင်ဘက်မှ မောင်းလာသော ကုန်တင်ယာဉ်နှင့် မတိုက်မိစေရန် လမ်းယာဘက်သို့ ရုတ်တရက်ချိုးကွေ့ပြီး အရှိန်သတ် လိုက်သည်။ 3J/---- FORLAND မြေသယ်ယာဉ်က မှန်လုံယာဉ်ကို မတိုက်မိစေရန် တစ်ဖက်ယာဉ်ကြောသို့ တိမ်းရှောင်လိုက်စဉ် မျက်နှာချင်းဆိုင်မှ လာသော အခြားကုန်တင်ယာဉ်၏ ရှေ့ဝဲဘက်ခြမ်းအား တိုက်မိရာမှ ယာဉ်သုံးစီးဆင့် တိုက်မိကြခြင်း ဖြစ်သည်။ ဖြစ်စဉ်ကြောင့် ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ တစ်ဦးနှင့် မြေသယ်ယာဉ်ပေါ်မှ နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပုသိမ်-မော်တင်သွား မော်တော်ကားလမ်း၌ ဇန်နဝါရီ ၂၅ ရက် ညနေ ၅ နာရီခွဲတွင် ငါးပြေမကျေးရွာဘက်မှ မရမ်းကွင်းကျေးရွာဘက်သို့ စက်ချွတ် ယွင်းနေသည့် မော်တော်ဆိုင်ကယ်ကို ရှေ့မှဆိုင်ကယ်တစ်စီးက ကြိုးဖြင့်ဆွဲ၍ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် (၈၃)အနီး ရောက်ရှိချိန်တွင် မျက်နှာချင်းဆိုင်မှ လာနေသော ထော်လာဂျီနှင့် ကြိုးဖြင့်ဆွဲလာသော ဆိုင်ကယ်တို့ တိုက်မိရာ ဆိုင်ကယ်စီးလာသူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်။ ဒဏ်ရာရရှိသွားသော အမျိုးသမီးကို ကျောက်ချောင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ပေပင်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ် (၃၄၇/၇) နှင့် (၃၄၈/ဝ)ကြား၌ ဇန်နဝါရီ ၂၇ ရက် ည ၁ဝ နာရီ ၁၅ မိနစ်တွင် အရှိန်မထိန်း နိုင်သော မော်တော်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိသဖြင့် လူနှစ်ဦးထိခိုက် ဒဏ်ရာရသွားကြောင်း သိရသည်။ မွန်ပြည်နယ် မုဒုံမြို့နယ် လက်တက်ကျေးရွာ မြပုံတော်လမ်း၌ လက်တက်ကျေးရွာမှ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းသို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးသည် ဝင်းကမော့ကျေးရွာ ဂုံညင်းတန်း ရပ်ကွက်မှ လမ်းကူးနေသော ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအား ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီခွဲတွင် ဝင်တိုက်မိသည်။ ယာဉ်တိုက်ခံရသောကလေးမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ နားသွေးထွက်၊ ပါးစပ်သွေးထွက်ဒဏ်ရာများ ရရှိသဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၅ဝ/၆)နှင့် (၅ဝ/၇)ကြားတွင် ရန်ကုန်ဘက်မှ နေပြည်တော်သို့ မောင်းနှင်လာသော ယာဉ်အမှတ် BGO 6P/1----Porter II ယာဉ်သည် နောက်ယာဘက်ဘီးပြုတ်၍ အရှိန်မထိန်းနိုင်ဘဲ မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်သွားရာ ယာဉ်ပေါ်လိုက်ပါလာသူ ရှစ်ဦးဒဏ်ရာရ သွားကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များတွင် ယာဉ်ချွတ်ယွင်းချက်၊ ယာဉ်မောင်းသူတို့၏ အားနည်းချက်၊ ညအချိန် လမ်းဖြတ်ကူးသူတို့၏ ပေါ့ဆမှုတို့ကို တွေ့ရသည်။ ယာဉ်မတော်တဆမှု ဖြစ်ရပ်အများဆုံးသည် ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ မော်တော်ယာဉ်မောင်းနေစဉ် ခါးပတ်မပတ်ခြင်း၊ အရက်သောက်ပြီး ကားမောင်းခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်း စသည့် အကြောင်းတရား များကြောင့် ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် လူတိုင်းကြိုတင် ကာကွယ်နိုင်သည့် နည်းလမ်းမှာ မော်တော်ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်နှင့် မော်တော်ယာဉ် မောင်းနေစဉ် ခါးပတ်ပတ်ထားကြရန် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော်လိုက် ရပါသည်။ ။

Read 113 times Last modified on Friday, 01 February 2019 09:47