SJ WorldNews - шаблон joomla Авто

စိတ်ကူးအိပ်မက်နှင့်ဘဝအခြေ

Saturday, 02 February 2019 10:19 font size decrease font size decrease font size increase font size increase font size

လူနေချုံကြား စိတ်နေဘုံဖျား ဆိုရိုးစကားသည် မြန်မာမှုနယ်ပယ်၌ အသုံးများကြသည်။  လူတို့ဘဝသည်   မျှော်လင့်ချက်များနှင့် အသက်ရှင်နေကြသည့် အားလျော်စွာ ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း၊ ကြွယ်ဝ ချမ်းသာ အောင်မြင် ကျော်ကြားလိုခြင်း စိတ်ဆန္ဒ အသီးသီး ရှိကြသည်။ ဘဝနှင့် ဆန္ဒသဟဇာတ ဖြစ်စေရန်မှာ ဆန္ဒ ရှိနေရုံမျှနှင့် မရနိုင်ဘဲ အခြေအနေ အချိန်အခါ အလျောက် ပေါ်ပေါက်လာသော အခွင့်အလမ်းကို အမိအရဆုပ်ကိုင်၍ ရိုးသားကြိုးစားမှုဖြင့် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်သည်။

ယခုရက်ပိုင်း အတွင်းကြားသိရသော   နိုင်ငံတကာ အားကစား သတင်းများတွင် လူနေချုံကြားမှ စိတ်နေဘုံဖျားကို  ရိုးသား ကြိုးစားမှုဖြင့်  လက်တွေ့ တက်လှမ်းခဲ့သော ဘောလုံး အားကစားသမား တစ်ဦးအကြောင်း တစ်ပိုင်းတစ်စ ဖတ်ရသည်။  ၂ဝ၁၇ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ် ဘောလုံးအသင်းမှ  ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသော မိုရာတာသည်   အစောပိုင်း ကာလများတွင်   ခြေစွမ်းပြဂိုးများသွင်း ယူနိုင်ခဲ့သော်လည်း ဆက်လက် ယှဉ်ပြိုင်ရသည့် ပွဲစဉ်များ၌  ဒဏ်ရာပြဿနာနှင့် ခြေစွမ်း ကျဆင်းမှု များကြောင့် အသင်းနှင့် ပရိသတ်တို့ မျှော်မှန်းသလောက်   ခြေစွမ်းပြ သွင်းဂိုး မရရှိကြောင်း သိရသည်။ ယခုဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်တွင်  မိုရာတာသည် ချယ်လ်ဆီး အသင်းမှ အက်သလက်တီကို အသင်းသို့ ၁၈ လ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ရောက်ရှိလာခြင်းဖြစ်သည်။ မိုရာတာသည် ကလေး ဘဝမှစ၍ အက်သလက်တီကို ဘောလုံးအသင်း၌ ဘောလုံးကောက်သည့် အလုပ်ကို သူ့ဖခင်နှင့် အတူလုပ်ကိုင် ပေးခဲ့ရသည်။ ဘောလုံးကောက် အလုပ်ကို လုပ်ကိုင်ရန် ဖခင်နှင့်အတူ ဘောလုံးပွဲ မစမီနှစ်နာရီကြိုတင် ရောက်ရှိနေကြသည်မှာ သူ့ဘဝအတွက် အမှတ်တရဖြစ်ပြီး ထိုအချိန်မှစ၍ အက်သလက်တီကို အသင်း၌ ကစားသမားတစ်ဦးဖြစ်လိုသည့် ဆန္ဒရှိခဲ့ခြင်းကြောင့်  ယခု အပြောင်းအရွှေ့သည် မိမိ၏ ကလေးဘဝ အိပ်မက် တကယ်ဖြစ်လာသည်ဟု မိုရာတာက ဖွင့်ဟ ပြောကြား သည်။

လူတိုင်း စဉ်းစားတတ်သည့် အရွယ်မှစ၍ ဘဝရပ်တည်ရေးနှင့် ဘဝမြင့်မားရေးအတွက် စိတ်ကူးကိုယ်စီ၊ စိတ်ဆန္ဒ ကိုယ်စီရှိကြသည့် သဘာဝတူညီကြသည်။  ဤသို့နေလျှင် ထိုသို့မဖြစ်။ ထို့ကြောင့် ဤသို့မနေမှ ထိုသို့ဖြစ်မည် စသည့်အတွေးဖြင့် ဖြစ်နိုင်ခြေနှင့် မိမိစွမ်းအား အလျောက်ကြိုးစား နေကြသည်။ ပြည်ပနိုင်ငံကြီးသို့ သွား၍ ပါရဂူဘွဲ့ယူရန် ကြိုးစားနေသော မခင်နှင်းဆီကို အားကျနေသူ ကျေးလက် ဒေသ မူလတန်းကျောင်းမှ နေ့စား လပေးဆရာမလေး မစံပယ်တို့ ဘဝအခြေနှစ်ခု မတူကြသော်ငြား ယခုထက် ပိုမိုတိုးတက်လိုသော ဆန္ဒကိုယ်စီရှိကြသည်။ ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှ ရတနာကုန်သည် စိန်မမနှင့် ကျေးလက် ဒေသ လှည်းလမ်းဘေးမှ အကြော်ရောင်းသည့် ဒေါ်နှောင်းတို့ ဘဝအခြေမတူညီကြသော်လည်း မိသားစု စားဝတ်နေရေးအတွက် အမြတ်အစွန်းရလိုသောဆန္ဒကိုယ်စီရှိကြသည်။ မုန့်သည်မသား မုန့်နားစား သို့ဆို စကားအရ ဒေါ်နှောင်း၏ သားသည် အကြော်ဗန်းထဲမှ အစအနများ ကောက်၍ ထမင်းကြမ်းနှင့် နယ်စားပြီး ကျောင်းသွားရန် ပြင်နေချိန်၌ စိတ်ထဲတွင် သူကြီးပြင်း လာလျှင် မည်သို့သော အသက်မွေးဝမ်းကျောင်း ပြုမည်ဆိုသည့် စိတ်ကူး အိပ်မက်ရှိသကဲ့သို့ စိန်မမသားမှာလည်း စိတ်ကူး အိပ်မက်ရှိမည် ဖြစ်သည်။

စကော့တလန်နိုင်ငံတွင် မွေးဖွားပြီး အမေရိကန်နိုင်ငံသား ခံယူထားသူ စီးပွားရေးသတင်းသမား၊ စာရေးဆရာ ဘာတီခြားလ်ဖို့ဘ်စ် သည် ကိုယ်ပိုင် ဖို့ဘ်စ်မဂ္ဂဇင်းတိုက် တည်ထောင်ထားသူ ဖြစ်သည်။ သူ့ ဘဝ အတွေ့အကြုံများအရ အောင်မြင်မှုရကို ရစေရမည်ဟု မျှော်မှန်းထားသောပြိုင်ပွဲတစ်ခုတွင် လျင်မြန်မှုထက်ခံနိုင်ရည်ရှိမှုက ပို၍အရေးကြီးသည်ဟု  ထုတ်ဖော်ပြောကြားထားသည်။(In the race for success, speed is less  important than stamina)သူ၏ဆိုလိုရင်းမှာ လောကဓံကြုံမဖြုံတမ်းဟု အဓိပ္ပာယ်ယူသော်ရနိုင်မည်ထင်သည်။ သို့သော် အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးခြင်းသည် လောကဓံကို ကြံ့ကြံ့ခံခြင်း မဟုတ်ဘဲ အခက်အခဲကို ကျော်လွှားနိုင်ရန် စစ်မှန်သည့် လုံ့လဝီရိယဟု ဆိုအပ်သော ဥာဏ သမ္ပတ္တိ ပြည့်စုံရမည်ဖြစ်သည်။ သို့မှသာ ဖြစ်ချင်သော ဆန္ဒနှင့် ဖြစ်သင့် ဖြစ်ထိုက်သော သဘာဝတို့ကို ပိုင်းခြား ဝေဖန်နိုင်စွမ်း ရှိပြီး နည်းမှန် လမ်းမှန်ဖြင့် အောင်မြင်မှုကို ရရှိနိုင်ကြမည်ဖြစ်သည်။ထို့ကြောင့်  လူတိုင်းလူတိုင်း လက်ရှိ ဘဝအခြေထက် တိုးတက် အောင်မြင်လိုသော စိတ်ကူး အိပ်မက် ကိုယ်စီရှိကြရာ  လောကဓံတရားနှင့် ကြုံတွေ့ရချိန်တွင် ခံနိုင်ရည်ရှိကြရမည်ဖြစ်ပြီး  အခက်အခဲကိုနည်းမှန်လမ်းမှန်ဖြင့်ကျော်လွှားနိုင်အောင် ဥာဏ သမ္ပတ္တိနှင့် ပြည့်စုံရန် လိုသည်ကိုလည်း မမေ့အပ်ကြောင်း   မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။  

Read 69 times