SJ WorldNews - шаблон joomla Авто

သည်ယနေ့ခေတ်သမိုင်းသစ်ဝယ် အတွေးကြွယ်ရမည်

Sunday, 03 February 2019 15:31 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်အား ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကား မြင့်မားစေရန်ရည်ရွယ်၍ မိတ္ထီလာတပ်နယ်တွင် တပ်မတော်(ကြည်း) (လေ)၊ အမြောက်နှင့် သံချပ်ကာတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို ဇန်နဝါရီ၃၁ ရက်က ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုစစ်ဆေးသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ လေ့ကျင့်မှုများ အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ရှိသူများနှင့် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား အမှာစကားပြောကြားရာ၌ ''စစ်၏သဘော တရားမှာ ကြိုတင်ပြင်ဆင်မှုများ ကောင်းမွန်မှသာ စစ်ပွဲကိုအောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ရာတွင် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များ၊ သတင်းရယူခြင်း ကိစ္စရပ်များ ဆောင်ရွက်သကဲ့သို့ လေ့ကျင့်ရေးများ ဆောင်ရွက်ခြင်းသည်လည်း ပါဝင်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင်လည်း တစ်နိုင်ငံတည်း ဆောင်ရွက်သည့် စစ်ရေးလေ့ကျင့်ခန်းများရှိသကဲ့သို့ ဒေသတွင်း နိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်ပူးတွဲ၊ ပူးပေါင်း၍လေ့ကျင့်ခြင်းများလည်း ဆောင်ရွက်ကြကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိရာတွင် ကာကွယ်ရေး ဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရကြောင်း၊ ယခုလေ့ကျင့်ခန်းသည် တပ်မတော်(ကြည်း)ကို အဓိကထားပြီး တိုက်ခိုက်သိမ်းပိုက်ခြင်းပုံစံဖြင့် လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ စစ်၏သဘောတရားတွင် မြေပြင်တပ်ဖွဲ့များသည် အဆုံးအဖြတ်ပေးသည့် မြေသိမ်းတိုက်ပွဲများကိုဆင်နွှဲရကြောင်း၊ အမြောက်နှင့်သံချပ်ကာများ၊ လေယာဉ်များသည် ပစ်အားပေး အဖြစ် ပါဝင်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ပစ်ခတ်သည့် ပစ်မှတ်ပေါ်သို့ ပစ်ခတ်မှုများ ထိရောက်ရန်လိုကြောင်း၊ ယခုပြုလုပ်သည့်လေ့ကျင့်ခန်းတွင် ပစ်မှတ်များပေါ်သို့ တိကျထိရောက် အောင် ပစ်ခတ်နိုင်သည့်အတွက် ကြည်း၊ လေ၊ အမြောက်၊ သံချပ်ကာများ၏ စွမ်းရည်ကို ဂုဏ်ယူ ပါကြောင်း၊ အငိုက်ဖမ်းနိုင်ခြင်းသည် တိုက်ပွဲတွင် ပေးဆပ်မှုအနည်းဆုံးဖြင့် အောင်မြင်မှုကို ရရှိစေ ကြောင်း''ဖြင့် အလေးအနက်ပြောကြားသည်။ ကြိုတင်ပြင်ဆင်မှ အောင်ပွဲရ ဆိုရိုးစကားသည် လူ့အဖွဲ့ အစည်းအတွင်း နယ်ပယ်စုံအကျုံးဝင်အသုံးတည့်သော ဆိုရိုးစကားဖြစ်သည်။ စစ်ရေးစစ်ရာအတွက် ကြိုတင်ပြင်ဆင်မှုများတွင် အုပ်ချုပ်ထောက်ပံ့မှု၊ သတင်းရယူမှုနှင့် လေ့ကျင့်မှုစသည်တို့ကို မလွဲမသွေ ပြုလုပ်ကြရသည်။ အုပ်ချုပ်ထောက်ပံ့မှု (Logistic) ကို အဓိပ္ပာယ်ဖွင့်ဆိုကြရာ၌ လူ့အဖွဲ့အစည်း တစ်ခုအတွက် နေ့စဉ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး လိုအပ်ချက် ဆိုသည်မှာ ပစ္စည်း၊ ငွေကြေး၊ စွမ်းအင်၊ နည်းပညာ၊ ဆေးဝါးကုသမှု၊ ပို့ဆောင်ဆက်သွယ်ရေး တို့ပါဝင်ကြောင်း ဖော်ပြထားသည်။ ဆိုခဲ့သောလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကြိုတင်မြော်တွေးမှု၊ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့်ပူးပေါင်းဆောင်ရွက်မှုရှိရမည်ဖြစ်သည်။

သတင်းရယူမှုအတွက် ပထမကမ္ဘာစစ်(၁၉၁၄-၁၉၁၈)ကာလတွင် ရေဒီယိုနည်းပညာကို စတင် အသုံးပြုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်(၁၉၃၉-၁၉၄၅)တွင် လေကြောင်းစွမ်းအားကို အသုံးပြုကြသည်။ မျက်မှောက်ကာလတွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အသုံးတွင်ကျယ်နေကြရာမှ ဂြိုဟ်တုဖျက် လက်နက်ကိုပင် တီထွင်စမ်းသပ်အောင်မြင်နေပြီဖြစ်ကြောင်း ကမ္ဘာ့စစ်သတင်းများတွင် တွေ့ရသည်။ ဒုံးပျံစနစ်များမှာလည်း တိုက်ချင်းပစ်ဒုံးပျံနှင့် ဒုံးခွင်းဒုံးစနစ်များကို ကျော်လွန်၍ အမြင့်ပျံလေကြောင်း ရန်ကာကွယ်ရေးစနစ် (Terminal High Altitude Area Defense-THAAD)များမှ S-400၊ S-300 တို့ကို အသုံးပြုကြသည်အထိ အီလက်ထရွန်နစ်နည်းပညာ ထွန်းကားနေပြီဖြစ်သည်။ ထို့ပြင် လေကြောင်းအကဲသာမှုအတွက် လေယာဉ်တင်သင်္ဘောပိုင်ဆိုင်ရေးကိုလည်း ဦးစားပေးတည်ဆောက် နေကြသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ''တိုက်ပွဲစွမ်းအားကို မြှင့်တင်ရာတွင် အီလက်ထရွန်နစ်ပစ္စည်းများ ခေတ်မီပြည့်စုံမှုများသည်လည်း အရေးကြီးကြောင်း၊ လေကြောင်းစွမ်းပကားသည် တိုက်ပွဲစွမ်းအားကို များစွာအထောက်အကူ ဖြစ်စေကြောင်း၊ ခေတ်သစ်စစ်ပွဲများတွင် လေကြောင်းစွမ်းပကားနှင့် အီလက်ထရွန်နစ် နည်းပညာ သာလွန်သည့်သူများသာ စစ်ပွဲကိုအောင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ထို့အတူ လေကြောင်းရန်ကာကွယ် ရေးစွမ်းပကားသည်လည်း ခေတ်သစ်စစ်ပွဲများတွင်အရေးပါကြောင်း''တို့ကို ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ဘိုးဘွားတို့အမွေပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် အနာဂတ်လှပစေရန် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြင့်မားစေရန် တပ်မတော်သားများက ''လေ့လာ၊ လေ့ကျင့်၊ လိုက်နာ''ဆောင်ပုဒ်ကို စွဲစွဲမြဲမြဲ ကျင့်သုံးကြရမည်ဖြစ် သကဲ့သို့ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း တပ်မတော်နှင့် တစ်သွေး တည်း တစ်သားတည်း ပူးပေါင်းပါဝင်အားပေး မြှင့်တင်ကြရန်ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 58 times Last modified on Sunday, 03 February 2019 15:32