SJ WorldNews - шаблон joomla Авто

အကြားအမြင် များခြင်းသည် မင်္ဂလာ

Friday, 01 March 2019 09:46 font size decrease font size decrease font size increase font size increase font size

ပွင့်လင်းရာသီ ရောက်ချိန်မှစ၍ မြို့နယ်စာပေနှင့် စာနယ်ဇင်း အဖွဲ့များက ပြည်သူများအတွက် စာပေအသိပညာ ပြန့်ပွားစေရန် စာပေပညာရှင်များကို ဖိတ်ကြားပြီး စာပေဟောပြောပွဲများ ကျင်းပနေကြရာ ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက စာပေဟောပြောပွဲ ကျင်းပကြသည်။ စာပေဟောပြောပွဲသို့ မြစ်ကြီးနား တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ်နှင့် ဘာသာရပ် အသီးသီးမှ ပါမောက္ခ ဌာနမှူးများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ ကချင်ပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်း နာယကနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပထမဦးစွာ တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြောပြီး စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က ''စာပေစကားစာပေများ''ခေါင်းစဉ်ဖြင့် ဟောပြောပြီး စာရေးဆရာ မခင်သန္တာက ''ခေတ်ထဲကရသ'' ခေါင်းစဉ်နှင့် စာရေးဆရာ အကြီးကိုကို (ကသာ)က''စာပေအလင်း တံခါး''ခေါင်းစဉ် တို့ကို အသီးသီး ဟောပြောကြကြောင်း သိရသည်။ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာရှိသည် သာတည်းဟူသော အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရဆုံးမ လမ်းညွှန်ခဲ့သည့် အားလျော်စွာ မြန်မာစာပေ ပညာရှင်ကြီး များနှင့် မိဘဆရာတို့က သားသမီးနှင့် တပည့်တို့ကို အမြဲမပြတ် သွန်သင်ကြသည်။ အချို့စာပေပညာရှင်ကြီး များက မဖတ်အပ်သော စာဟူ၍မရှိ၊ မယူအပ်သော စာသာရှိသည်ဟု မှတ်ချက်ပြုထားသည်ကို မှတ်သားရသည်တွင် စာဖတ်သူက အကြောင်းအကျိုး၊ အကောင်းအဆိုးကို ပိုင်းခြားဝေဖန် တတ်ကြရန်သာ လိုသည်ဟူသော အတွေးဝင်မိသည်။ တစ်ဖန် စာပေပညာရှင်ကြီး တစ်ဦးက အရည်မရ အဖတ်မရ စာပေဖတ်သည့် အလေ့အထကို ရှောင်၍ အရည်ရော အဖတ်ပါ စားရသည့် နို့မလိုင်ကဲ့သို့ သော စာပေမျိုးကို ရွေးချယ်ဖတ်ကြရန် လမ်းညွှန်ထားသည်ကို မှတ်သား ရဖူးသည်။ ယခုမြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပသော စာပေဟောပြောပွဲတွင် ခေတ်ရေစီးကြောင်း အတွင်း လိုက်ပါ နိုင်ကြစေရန် စာအုပ်စာပေ ဖတ်ရှုလေ့လာ မှတ်သားရေး၊ မိမိအကျိုးနှင့် လူ့အဖွဲ့အစည်းအကျိုးကို မျှတအောင် တရားဓမ္မ နှင့်အညီ ဆောင်ရွက်ကြရေး တို့အတွက် စာပေအလင်းတံခါး ဖွင့်ထားသည်ဟု ဆိုအပ်သော၊ ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးရေးကို ဦးတည်သော ခေါင်းစဉ်များဖြင့် စာပေပညာရှင်များက ဟောပြောကြမည်ဟု နားလည်ရသည်။

လူတစ်ဦး တစ်ယောက်၏ တိုးတက်မှုနှင့် ဆုတ်ယုတ်မှု ဟူသည်မှာ ထိုသူ၏ အသိဥာဏ် ကျယ်ပြန့်မှုနှင့် အသိဥာဏ် နည်းပါးမှုအပေါ် မူတည်လျက်ရှိရာ အသိဥာဏ် ကျယ်ပြန့်ရေး အတွက် စာဖတ်ကြရန် လိုသည်။ ဤသဘောသဘာဝနှင့် စပ်လျဉ်း၍ မြန်မာစာပေပညာရှင် ဆရာကြီး ပီမိုးနင်းက စိတ်ကို အသိဥာဏ်က အုပ်စိုး၏။ အသိဥာဏ်ကို ဗဟုသုတက အုပ်စိုး၏။ ဗဟုသုတကို စာပေက အုပ်စိုး၏ ဟူ၍ လမ်းညွှန်ထားသည်မှာ ဘဝအခြေအနေ တိုးတက်လိုသော် အသိဥာဏ်ကျယ်ပြန့်ရန်၊ အသိဥာဏ်ကျယ်ပြန့်ရေးအတွက် အကြားအမြင် ဗဟုသုတရှိရန်၊ အကြားအမြင် ဗဟုသုတ ရရှိရေးအတွက် စာဖတ်ရန်လိုကြောင်း ညွှန်ပြထားခြင်း ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးအသိဥာဏ် ကျယ်ပြန့်ရေးအတွက် စာပေသည် ရေသောက်မြစ် ဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

စာဖတ်ဝါသနာသည် ကောင်းကျိုးပြုတတ်သည့် သဘောတစ်ခုတည်း ရှိသည်ဟု ယတိပြတ် ပြောနိုင်ပြီလား၊ ဆိုးကျိုးမပြုတတ်ဘူးလား စောဒကတက်ရန် အကြောင်းတရားသည် ယခုခေတ် နည်းပညာ ထွန်းကားပြီး ဆက်သွယ်ရေး ကွန်ရက်များ မှိုလိုပေါက် နေချိန်တွင် ပြောရန် အကြောင်းရှိသည်။ ကောင်းမှုကို ဆောင်၍ မကောင်းမှုကို ရှောင်ရန် ဝေခွဲနိုင်သည့် အသိဥာဏ်ရှိသော စာဖတ်သူအပေါ် မူတည်မည် ဖြစ်သည်။ မျက်မှောက်ကာလတွင် ကျောင်း

သင်ခန်းစာနှင့် ပြင်ပဗဟုသုတကို ပေါင်းစပ်၍ အသိအမြင် ကျယ်ပြန့်စေရန် စီစဉ် ဆောင်ရွက် နေကြပြီ ဖြစ်သည်။

စာဖတ်ဝါသနာကို အထောက်အကူပြုသော စာအုပ်စာစောင်များကို စာကြည့်တိုက်များ၌ ငှားရမ်း ဖတ်ရှုနိုင်ခြင်းသည် ငွေကုန်ကြေးကျများရန်မလို၊ စာဖတ်ရန် ဆိတ်ငြိမ်သော နေရာရှာရန် မလိုသည့် အခြေအနေတို့ကို ရရှိကြမည် ဖြစ်သည်။

လူတို့ လောကတွင် သိစရာတွေ စုံလင်များပြား သကဲ့သို့ ဖတ်စရာ စာအုပ်စာစောင် တွေကလည်း အမျိုးမျိုး အဖုံဖုံ ရှိကြခြင်းကြောင့် အလုံးစုံသိအောင် လေ့လာ မှတ်သားခြင်းငှာ စွမ်းသာကြမည်မဟုတ်သော်လည်း အကြားအမြင်များခြင်းသည် မင်္ဂလာဟူသော တရားတော် နှင့်အညီ မိမိတို့နှင့် သက်ဆိုင်မှု ရှိသော စာအုပ်စာစောင်များကို ရနိုင်သရွေ့ရှာဖွေ ဖတ်ရှု လေ့လာ မှတ်သား လိုက်နာကြရမည့် တာဝန်ကိုယ်စီ ရှိကြသည်။ စာအုပ်စာစောင်များကို ဖတ်ရုံ၊ မှတ်ရုံ၊ သိရုံသက်သက်မျှဖြင့် ကျေနပ်မနေဘဲ စာအုပ်စာစောင်ထဲမှ ရရှိအပ်သော ဗဟုသုတများကို တကယ့်လက်တွေ့ လူတို့ လောကအတွက် အကျိုးရှိအောင် အသုံးချ တတ်ကြရန် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း၍ တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

Read 30 times Last modified on Friday, 01 March 2019 09:47