SJ WorldNews - шаблон joomla Авто

ပန်ဆင်လိုသူ အတွက် ပန်းမခက်ပါ

Monday, 04 March 2019 10:15 font size decrease font size decrease font size increase font size increase font size

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပုသိမ်)၌ မတ် ၁ ရက် နံနက် ၈ နာရီတွင် ဟိုတယ်ဝန်ဆောင်မှု သင်တန်းများ ဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှု သင်တန်းအမှတ်စဉ်(၃)စာ တွေ့ပြီးမြောက်မှု၊ အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၈)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲ ကျင်းပသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီးရှိ ချောင်းသာနှင့်ငွေဆောင် ကမ်းခြေတို့တွင် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လာရောက် အပန်းဖြေ တည်းခိုသည့်နေရာ ဖြစ်သည့်အတွက် ဒေသခံ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ ယခုသင်တန်း၌ စာတွေ့သင်တန်းတွင် သုံးလကြာ တက်ရောက်ပြီးသူများသည် ဟိုတယ် အသီးသီး၌ လက်တွေ့ သင်တန်းကာလ သုံးလကြာ ဆက်လက်သင်ယူရဦးမည် ဖြစ်သည်။ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသရှိ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ယခင်ကထက် ပိုမိုရရှိစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အိမ်တွင်းမှု သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်သွားရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များ နှင့်အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နယ်စပ်ဒေသများ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော ဒေသများမှ ဒေသခံ ပြည်သူများအား အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးလျက်ရှိရာတွင် ဟိုတယ် ဝန်ဆောင်မှု သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့် အိမ်တွင်းမှု သင်တန်းကျောင်း (ပုသိမ်နှင့် ပခုက္ကူ)မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများသည် ပုဂံဟိုတယ်ဇုန်၊ မန္တလေးဟိုတယ်ဇုန်၊ မကွေးဟိုတယ်ဇုန်၊ နေပြည်တော် ဟိုတယ်ဇုန်၊ ငွေဆောင် ဟိုတယ်ဇုန်၊ ချောင်းသာဟိုတယ်ဇုန်နှင့် အခြားမြို့နယ်များရှိ ဟိုတယ်များ တွင်လည်း အလုပ်အကိုင် အသီးသီး ရရှိနေကြပြီး ဘဝကို ခိုင်ခိုင်မာမာ ရပ်တည်နေကြသည်။

အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားခဲ့သည့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၅၁)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၇၉) သင်တန်းဆင်းပွဲကို မတ် ၁ ရက်တွင် အဆိုပါ ကျောင်း၌ ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းသူများ ချုပ်လုပ်ထားသော အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများအား လိုက်လံကြည့်ရှု ခဲ့ကြသည်။ တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၅ဝ)နှင့် အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၇၉) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၁ ရက်တွင် အဆိုပါ ကျောင်း၌ ကျင်းပရာ သင်တန်းထူးချွန်ဆု ရရှိသော သင်တန်းသူ နှစ်ဦးအား တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက အပ်ချုပ်စက်တစ်လုံးစီ ပေးအပ်ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ်၌ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်ကျောင်းဖွင့်လှစ်ပြီး လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းများ ကိုလည်း သင်ကြား ပေးလျက်ရှိသဖြင့် ကျေးလက်နေ အခြေခံလူတန်းစား များအနေဖြင့် ခေတ်အလိုက် တိုးတက်လာသော စက်မှုနည်းပညာ သင်ယူလေ့လာခွင့် ရရှိနေကြသည်။ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထွက်ရှိသည့် စားသုံးသီးနှံများကို တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်သော သင်တန်းများကိုလည်း အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ကအခါ အားလျော်စွာ ဖွင့်လှစ်သင်တန်း ပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွင် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ တဖြည်းဖြည်းတိုးပွားလျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လင်းလာချိန်တွင် ကျွမ်းကျင်လုပ်သား လိုအပ်ချက်မြင့်မားလာမည် ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို ဖန်တီးပေးနိုင်သည့် အသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းများသို့ တက်ရောက် သင်ယူခြင်းသည် ပန်ဆင်လိုသူအတွက် ပန်းမခက်သော အခြေအနေ ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 22 times Last modified on Monday, 04 March 2019 10:16