SJ WorldNews - шаблон joomla Авто

ကလိမ်ခြုံ ထိပ်ဖျား ပျံလွှားပမာ မကျင့်ရာ

Wednesday, 06 March 2019 09:41 font size decrease font size decrease font size increase font size increase font size

ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားသော မြန်မာနိုင်ငံသားတို့ စီးပွားရှာကြရာတွင် ကောင်းသော ကုန်သွယ်ခြင်း၊ ကောင်းသော လယ်လုပ်ခြင်း တို့ဖြင့် ရှာကြခြင်းသည်သာ ပစ္စုပ္ပန်သံသရာ နှစ်ဖြာတို့၌ ချမ်းသာအစစ်ကို ရနိုင်မည် ဖြစ်ကြောင်း သူတော်ကောင်းတို့ ဆုံးမသွန်သင် ထားကြရာ လိုက်နာအားထုတ်သူများ ရှိသကဲ့သို့ မလိုက်နာသူများလည်း ရှိကြခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါး အပါအဝင် မလိုလားအပ်သော ပြဿနာမျိုးစုံနှင့် ကြုံတွေ့နေကြရသည်။

တစ်နေရာမှ တစ်နေရာသို့ မူးယစ်ဆေးဝါး သယ်ဆောင်ကြရာတွင် လူမျိုးစုံ၊ ယာဉ်အမျိုးမျိုးနှင့် လျှို့ဝှက်နည်း အဖုံဖုံ တွေ့နေရသည်မှာ မင်းဘူးခရိုင် ငဖဲမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ် (ပျဉ်းဝ)၌ တာဝန်ထမ်းဆောင်နေသော မူးယစ်တပ်ဖွဲ့စု (၁၅)မကွေး (ပဒါန်းလှုပ်ရှား) တပ်ဖွဲ့ဝင်များနှင့် ငဖဲမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော ဒိုင်နာအဖြူရောင်ယာဉ်အား ရပ်တန့် ရှာဖွေစစ်ဆေးရာ ကားကြမ်းခင်းအောက်တွင် သိုဝှက်သယ်ဆောင်လာသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃ သိန်း၊ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၆၅ဝဝဝ ကို ရှာဖွေသိမ်းဆည်း ရမိသဖြင့် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ အမျိုးသားသုံးဦး တို့အား ငဖဲမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေး ဆောင်ရွက်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၃ဝ ရက် ညနေ ၃ နာရီခွဲတွင် ကညင်တော မြောက်ကျေးရွာသို့ အရောက်၌ ဆိုင်ကယ်အနီရောင် စီးနင်းလာသည့် အမျိုးသားတစ်ဦးမှာ ပလတ်စတစ် အထုပ်တစ်ထုပ်အား လမ်းဘေး လယ်ကွင်းစပ်သို့ ပစ်ချထွက်ပြေး သွားသဖြင့် အဆိုပါအိတ်ကို ကညင်တော မြောက်ရွာ တာဝန်ခံရှေ့တွင် ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝဝ ပြား ( ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆ဝ ကျော်) တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ပြင်ဖြူမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သိရသည်။ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာမှ နေအိမ်တစ်အိမ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဖေဖော်ဝါရီ ၁၃ ရက် ည ၁ဝ နာရီခွဲခန့်တွင် သွားရောက် ရှာဖွေရာ အနက်ရောင်အထုပ်တစ်ထုပ် အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၁၆၅ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၈ဝ ကျော်) ဖမ်းဆီး ရမိခဲ့သဖြင့် မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူနိုင်ရန် မောင်တောမြို့မ ရဲစခန်းက ဆက်လက်ဆောင်ရွက်ထားသည်။

မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် နယ်စပ်မှတ်တိုင် ၃၉ ၏ အရှေ့တောင်ဘက် မီတာ ၁၅ဝဝ ခန့်အကွာ ချောင်းအတွင်းသို့ ရောက်ရှိစဉ် ပုဆိုးဖြင့် ထုပ်ထားသည့် အထုပ်သုံးထုပ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၄ဝဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၄ဝဝ ကျော်) အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်။ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား တောင်ပြိုယာ နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။ အလားတူ မောင်တောမြို့နယ်အနီးရှိ နတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၁၆ ဒသမ ၇ မိုင်ခန့် အကွာသို့ အရောက်၌ တစ်ဖက်နိုင်ငံသို့ အထုပ်များနှင့်အတူ သုံးဦးအား တွေ့ရှိသဖြင့် ဖမ်းဆီးရာ ၎င်းတို့သုံးဦးအား WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၂၅ဝ (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၉ဝဝဝ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရမိ လှေနှင့် စိတ်ကြွရူးသွပ် ဆေးပြားများအား မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။

မကွေးတိုင်း ဒေသကြီး ငဖဲမြို့နယ် ပျဉ်းဝကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ် ဝင်/ထွက်မှုများ စစ်ဆေး ဆောင်ရွက်စဉ် မတ် ၂ ရက် ည ၁၁ နာရီခန့်တွင် မောင်တောမြို့နယ် ချီတာကျေးရွာမှ အမျိုးသားသုံးဦး လိုက်ပါလာသည့် ဒိုင်နာခြောက်ဘီးယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း မိုးကာစဇစ်တပ် အိတ်ရှည်များအတွင်း ထည့်၍ တင်ဆောင်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၉၉၄၅ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား ပဒါန်းနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

ပုထုဇဉ်တို့သည် ငွေရှိလျှင် လူရာဝင်ဂုဏ်ရှိသည် ဟူသော သဘောကို တရားသေ စွဲကိုင်ထားကြပြီး တရားသည်၊ မတရားသည်မစဉ်းစား၊ မှန်သည်၊ မှားသည်မဝေခွဲ ငွေနောက်ကိုသာ တဝဲလည်လည် လိုက်နေကြရာမှ ဥပဒေနှင့် ငြိသောအခါ အလွဲလွဲ အချော်ချော် ဖြစ်ရကာ မပျော်နိုင်ကြတော့သည့် အဖြစ်မျိုး ကြုံရတော့သည်။

ထို့ကြောင့် စီးပွားရှာရာ ကိုယ်ချင်းစာတရားထား၍ ကောင်းသော အသက်မွေးမှုဖြင့်သာ ရှင်သန်ကြရန် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော် လိုက်ရပါသည်။ ။

Read 57 times Last modified on Wednesday, 06 March 2019 09:42