SJ WorldNews - шаблон joomla Авто

ရွှေအိုးထမ်းပြီး အိမ်ပြန်နိုင်ကြပါစေ

Thursday, 07 March 2019 09:31 font size decrease font size decrease font size increase font size increase font size

အိမ်နီးချင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လျက်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တစ်ဖက်နိုင်ငံမှ ဖမ်းဆီး၍ မိမိတို့နိုင်ငံသို့ ပြန်လည်ပို့ဆောင်မှု များအပေါ် ဆောင်ရွက်သင့်သည့် အစီအမံများ ရေးဆွဲဖော်ဆောင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ် ၄ ရက် မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားစဉ် တစ်ဖက်နိုင်ငံ၌ သွားရောက် အလုပ်လုပ် ကိုင်နေသည့် မိမိတို့ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံသို့ ပြန်လည် ဝင်ရောက် လာသည့်အခါ ပြန်လည် လက်ခံရေးအတွက် အစီအမံများ ဖော်ထုတ်နိုင်ရန် အစည်းအဝေး ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့တို့တွင် ပြန်လည် ဝင်ရောက်လာခြင်းများ ရှိကြောင်း၊ ယင်းသို့ ဝင်ရောက်လာရာတွင် တစ်ဖက်နိုင်ငံသို့ ပြန်လည် ထွက်ခွာလိုသူ၊ မူးယစ်ဆေးဝါး သုံးစွဲနေသူ၊ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် အမျိုးမျိုးကျခံခဲ့ရသူ၊ ဘဝရပ်တည်ရန် ခက်ခဲသူ၊ နာမကျန်း ဖြစ်နေသူများအပြင် တစ်ဖက် နိုင်ငံတွင် အခြေကျ နေခဲ့သူများလည်း ရောပါလာကြောင်း၊ ယင်းကိစ္စရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့်စီမံချက် ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံသားများ တစ်ဖက်နိုင်ငံ၌ အလုပ်လုပ်ရာတွင် တရားဝင် လုပ်ကိုင်နိုင်ပါက အလုပ်သမား မိသားစုများ အတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်း အလုပ်သမားစုစုပေါင်း ငါးသန်းခန့် ရှိကြရာ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ အများဆုံးရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ မတ် ၂၄ ရက်တွင် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သဖြင့် မလိုလားအပ်သော ပြဿနာ မဖြစ်ပေါ်စေရန် ထိုင်းအလုပ်ရှင် အချို့၏ ခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီ လကုန်ရက်မှစ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အိမ်ပြန်လာကြသည့် ဦးရေသည် မတ် ၂ ရက်နှင့် နောက်နေ့များတွင် နေ့စဉ် ၄ဝဝဝ ကျော်ရှိသည်။ အိမ်ပြန်လာကြ သူများတွင် အချို့ရွှေ့ပြောင်း အလုပ်သမားများက အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပါကြသော်လည်း အချို့က မပါကြောင်း သိရသည်။ ထိုင်းလုပ်ငန်းရှင်များက မြန်မာလုပ်သား များကို ယခုကဲ့သို့ ကြိုတင်ပြန် ခွင့်ပြုပေးခြင်းမှာ ထူးခြားသည့် အခြေအနေဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ ရှိနေသောကြောင့် နိုင်ငံရေး အခြေအနေ မည်သို့ ဆက်ဖြစ်မည်ကို ကြိုတင် မသိနိုင်သည့်အတွက် မြန်မာလုပ်သား များအနေဖြင့် စာရွက်စာတမ်း အထောက်အထား အပြည့်အစုံဖြင့် သတိထားသွားကြရန် လိုကြောင်း စေတနာ စကားသံများကို ကြားသိရသည်။

တစ်ဖက်နိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခြင်းသည် ဥပဒေနှင့်အညီ ရသင့်သော အကျိုးခံစားခွင့်ကို ရရှိသည့်သာဓကမှာ ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့ ဘန်ခွပ်စက်မှုဇုန်ရှိ အများပိုင် ကုမ္ပဏီ၏ သံမဏိစက်ရုံမှ အလုပ်ရပ်စဲ ခံထားရသော မြန်မာလုပ်သား ၂ဝဝ တို့အတွက် အလုပ်ရှင်က လျော်ကြေးငွေအဖြစ် ဘတ် ၁၂ သန်းပေးကြောင်း နေ့စဉ်သတင်းစာ တစ်စောင်က မတ် ၁ ရက်တွင် ဖော်ပြထားသည်။ အဆိုပါ သံမဏိ စက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများသည် ဈေးကွက်ဝယ်လိုအား မရှိခြင်းကြောင့် အလုပ်ရပ်ဆိုင်း ရလုနီးပါး ဖြစ်နေစဉ် မြန်မာအလုပ်သမား ၃ဝဝ နီးပါးကို ယခုနှစ် ဇန်နဝါရီလ မှစ၍ လုပ်အားခ ၇၅ ရာခိုင်နှုန်းပေးပြီး ရက်အကန့်အသတ်မရှိ အလုပ်နားခိုင်းလိုက်သည်။ ယင်းကိစ္စကို မြန်မာအလုပ်သမားများက ဖေဖော်ဝါရီ ၂၆ ရက်တွင် အလုပ်သမား သံအရာရှိရုံးသို့ ဖုန်းဖြင့် ဆက်သွယ် အကူအညီ တောင်းခံကြသည်။ အလုပ်သမား သံအရာရှိများက ထိုင်းအလုပ်သမား ကာကွယ် စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးဌာန (ဆဝါဒီကန်)နှင့် ထိုင်းအလုပ်အကိုင်၊ အလုပ်သမား ရှာဖွေရေးဌာန (ကျဟာငန်)တို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ညှိနှိုင်းချက်အရ ယင်းစက်ရုံရှိ မြန်မာအလုပ်သမား ၃ဝဝ အနက် ၂ဝဝ ကို လုပ်သားအင်အား လျှော့ချသည့် အနေဖြင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲ လုပ်ကိုင်နိုင်ရန် အလုပ်မှ ရပ်စဲပေးပြီး ဥပဒေ နှင့်အညီ နစ်နာကြေးငွေ ပေးလျော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ သာဓက၌ စက်ရုံပိုင်ရှင်သည် အလုပ်သမားများအတွက် အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးခြင်းနှင့် အလုပ်သမား တို့ကလည်း နားလည်မှု ရှိခြင်းတို့ကြောင့် နှစ်ဦးနှစ်ဖက် ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်ကြရသည်။ ပြည်ပနိုင်ငံ အချို့မှ ပြန်လာကြသော မြန်မာနိုင်ငံသား များနှင့်အတူ ငွေစက္ကူ အတုများ ပါလာတတ်သည့် သတင်းကို ကြားသိ နေရခြင်းကြောင့် မြန်မာနိုင်ငံသားများ အိမ်အပြန်လမ်းတွင် သတိထားကြရန်လိုမည် ဖြစ်သည်။ မသိ၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ တရားမဝင်ငွေစက္ကူအတု ကိုင်ဆောင်သူသည် ဥပဒေအရ တာဝန်ရှိသည်။ ထို့ကြောင့် ယခုမဟာသင်္ကြန်ရက် နီးလာချိန်တွင် အိမ်ပြန်လာကြမည့် ရွှေ့ပြောင်းလုပ်သားများ အားလုံး သားရွှေအိုးထမ်း လာသည်ကိုသာ မြင်တွေ့ကြား သိလိုကြောင်း ပြည်သူတို့ ကိုယ်စား မြဝတီက ပန်ကြား လိုက်ရပါသည်။ ။

Read 18 times Last modified on Thursday, 07 March 2019 09:32