SJ WorldNews - шаблон joomla Авто

အရွယ်တင်နုပျိုကျန်းမာလိုကြသော်

Friday, 08 March 2019 09:35 font size decrease font size decrease font size increase font size increase font size

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ရှေးနှစ်ပေါင်း ၂ဝဝဝ ကရှိခဲ့သည့် အုတ်ဂူအတွင်း ဝှက်ထားသော ကြေးအိုးတစ်လုံး၊ အရောင်ခြယ်ထားသော ကြွေအိုးများ၊ ကျောက်စိမ်းထည်များ၊ ကြေးလက်မှု ပစ္စည်းများကို ရှာဖွေတွေ့ရှိထားသည်။ ကြေးအိုးအတွင်း၌ တရုတ်စာပေများတွင် တွေ့ရသည့် ဒဏ္ဍာရီများမှ မသေဆေးကို တွေ့ရကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။ ဟန်မင်းဆက်လက်ထက်တွင် နေထိုင်ခဲ့ကြသော ဆွေကြီးမျိုးကြီး မိသားစု၏ အုတ်ဂူအတွင်းမှ တွေ့ရှိရသော ကြေးအိုးထဲ၌ မသေဆေးဟု ခေါ်ကြသည့်ဆေး အရည် ၃ ဒသမ ၅ လီတာကို ဓာတ်ခွဲ စမ်းသပ်ကြည့်ရာ အဆိပ်မဟုတ်သော ပိုတက်စီယမ် နိုက်ထရိတ်နှင့် အလူနိုက်တို့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး ပိုးသတ်ဆေး၊ မြေသြဇာနှင့် ဒုံးပစ်လွှတ်ရာတွင် ဒုံးမီးစာအဖြစ် အသုံးပြုနိုင်သည်ကို တွေ့ကြရသည်။

ရှေးယခင် ကာလများတွင် တရုတ်နိုင်ငံမှ ချမ်းသာကြွယ်ဝပြီး အာဏာရှိသူများသည် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတရားတို့၏ ဆန့်ကျင်ဘက် မသေဆေးကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ရှာဖွေကြသည်။ တရုတ်ရာဇဝင်များတွင် မင်းဧကရာဇ်များနှင့် မှူးကြီးမတ်ကြီး တို့သည် ယင်းအဆိပ်သင့်သော မသေဆေးကို သောက်သုံးပြီး သေဆုံးသွားကြသူတွေ အများအပြား ရှိကြသည်။

ရှေးနှစ်ပေါင်း များစွာက တရုတ်လူမျိုးတို့ မသေဆေးကို ရှာဖွေခဲ့ကြသကဲ့သို့ ယနေ့ခေတ်တွင် ဆေးပညာရှင်တို့သည် လူ့သက်တမ်း ပိုရှည်ကြာအောင် နေနိုင်သောဆေးကို ရှာဖွေနေကြရာ အရှေ့အင်ဂျလီယာ တက္ကသိုလ်မှ သုတေသီတို့၏ တွေ့ရှိချက်အား အတွေးအမြင်သစ် ဂျာနယ်(The Journal Evolution Letters)၌ ဖော်ပြလိုက်ကြောင်း သိရသည်။ သုတေသီတို့ လေ့လာ စမ်းသပ်မှုမှာ ၁ မီလီမီတာ အရှည်ရှိသော တီကောင်တစ်ကောင်၏ မျိုးဗီဇဆိုင်ရာ ဖြစ်စဉ်ကို ရပ်တန့်အောင် ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာ ကြီးထွားလာမှုအား ကန့်သတ် ထိန်းချုပ်နိုင်မည် ဖြစ်သည်။ သို့သော် အရွယ်ရောက်လာချိန်တွင် မည်သည့် ဆိုးကျိုး သက်ရောက်မှု မျှမရှိဘဲ ဆက်လက်ရှင်သန်နိုင်သည်။ ဤနည်းကိုပင် လူတို့အား ကုစားပေးပါက လူ့သက်တမ်း နှစ်ဆပို၍ ရှည်ကြာအောင် နေနိုင်ကြမည်ဟု သိရသည်။

လူသားတို့အတွက် အရွယ်တင်နုပျို အသက်ရှည်စေရန် ကုစားရမည့် အချိန်သည် ငယ်ရွယ် နုပျိုစဉ်မှ စတင်ရမည် ဖြစ်ပြီး အရွယ်လွန်သွားသူများအတွက် ကုစားနိုင်မည် မဟုတ်ကြောင်း ပညာရှင်တို့က သတိပေးထားကြသည်။ ယခင်က စမ်းသပ်တွေ့ရှိမှု များမှာ အရွယ်တင်နုပျို စေနိုင်သော်လည်း မျိုးဆက်ပွားရန် မဖြစ်နိုင်တော့သော ပြဿနာကြောင့် ရပ်ဆိုင်း လိုက်ကြရသော်လည်း ယခုတစ်ကြိမ် စမ်းသပ်တွေ့ရှိမှုက လူတို့ အသက်ရှည် ကျန်းမာရေးနှင့် မျိုးဆက်ပွားအတွက် ပြဿနာမရှိသော ကုထုံးဖြစ်ကြောင်း သိရသည်။ သုတေသီ ဒေါက်တာအယ်လက်ဇီ မက္ကလာကော့ဗ်က လူတိုင်းတမ်းတ နေကြသည့် အသက်ရှည်ရာ အနာမဲ့ကြောင်းကို လူတိုင်းနားလည်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို လက်တွေ့ လိုက်နာကြရန်က ပို၍ အရေးကြီးပါသည်ဟု ပြောကြားထားသည်။

သုတေသီ မက္ကလာကော့ဗ်၏ ပြောကြားချက်အရ လူတို့ အသက်ရှည်ရာ အနာမဲ့ကြောင်း ရှောင်ရန်များစွာ ရှိကြသည်များမှ အီလက်ထရွန်နစ် မီဒီယာ ထွန်းကားသော ခေတ်တွင် လူလတ်ပိုင်း အသက်အရွယ် များအနေဖြင့် ရုပ်မြင်သံကြား ကြည့်ရှုခြင်းကို အကန့်အသတ် ဖြင့်သာ ကြည့်ရှုသင့်သည်။ ရုပ်မြင်သံကြား ကြည့်ရှုချိန်များလွန်းလျှင် မှတ်ဥာဏ်ချို့တဲ့ တတ်ပြီး အသက် ၅ဝ ပြည့်ပြီး သူများအနေဖြင့် တစ်နေ့တာ ရုပ်မြင်သံကြား ကြည့်ရှုချိန် ၃ နာရီ မိနစ် ၃ဝ ရှိလျှင် စကားတစ်ခွန်း ပြောရန် စဉ်းစားနေရခြင်းကြောင့် လေးတွဲ့ သွားတတ်သည်။

ရုပ်မြင်သံကြား ကြည့်ရှုချိန် အလွန်အမင်း များသူများမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် မှတ်ဥာဏ်စွမ်းရည် အားနည်းပျောက်ဆုံး သွားတတ်သည်။ လန်ဒန်တက္ကသိုလ် ကျန်းမာရေးနှင့် လူမှုရေးစနစ် လေ့လာရေးဌာနမှ သုတေသီများသည် သက်လတ်ပိုင်း အရွယ်လွန်သူ ၃၆ဝဝ ကျော်တို့မှ ခေတ်ပေါ်ဇာတ်လမ်းကို ကြည့်ရှုပြီး အချိန်ကုန်လွန်စေသူများ၊ မှတ်တမ်းမှတ်ရာ ကြည့်ရှု လေ့လာသူများ၊ သတင်းနှင့် အခြားသိမှတ်ဖွယ်ရာတို့ကို အကန့်အသတ်မရှိ ကြည့်ရှုကြသူများမှာ မိမိပြောလိုသော စကားတစ်ခွန်းကို နှုတ်မှပြောထွက်ရန် ပြန်စဉ်းစား နေကြရသည့် အခြေအနေရှိသူ အရေအတွက် ၁ဝ ရာခိုင်နှုန်းထက် ပိုကြောင်း ထုတ်ဖော် ပြောကြား ထားကြသည်။

ရုပ်မြင်သံကြား အစီအစဉ်များကို ကြည့်ရှုခြင်းသည် အပန်းဖြေနားနေနိုင်မှုနှင့် အသိအမြင် တိုးတက်ရေးအတွက် အထောက်အပံ့ ရနိုင်သကဲ့သို့ အချိန်အကန့်အသတ် မထားဘဲ အလွန်အမင်း ကြည့်ရှုသူများအတွက် ကောင်းကျိုးရနိုင်မှုထက် အဆိုးဘက်သို့ ဦးတည် သွားနိုင်ကြောင်း ပညာရှင်တို့က သတိပေးထားကြသည်။

အော်စ်ဖို့တက္ကသိုလ်မှ ပါမောက္ခတစ်ဦးက အသက် ၅ဝ ကျော်သူများ ရုပ်မြင်သံကြား အစီအစဉ် ကြည့်ရှု အချိန်ဖြုန်းခြင်းကို လျှော့ရန်လိုသည်ဟု ထပ်ဆင့် ပြောကြားထားကြောင်း တွေ့ရခြင်းကြောင့် လူငယ်၊ လူလတ်နှင့်လူကြီးပိုင်း အားလုံးတို့အနေဖြင့် ဇရာအိုဘဝကို ရက်တိုတိုဖြင့် မရောက်လိုကြသော် ဆေးဝါးမှီဝဲရန် မလို နေထိုင်သွားလာ လှုပ်ရှား စားသောက်မှု ပုံစံတွင် အလွန်အကျွံ မဖြစ်ဖို့သာ အဓိက ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 40 times Last modified on Friday, 08 March 2019 09:36