SJ WorldNews - шаблон joomla Авто

ဆရာသည်သာ အခရာဖြစ်သည်

Saturday, 09 March 2019 08:54 font size decrease font size decrease font size increase font size increase font size

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသားတို့၏ ပညာရည်မြင့်မားမှု အပေါ်မူတည်လျက်ရှိရာ မြန်မာနိုင်ငံပညာရေး ဝန်ကြီးဌာနသည် အဆင့်မြင့်နှင့် အခြေခံပညာ ကဏ္ဍများဖွံ့ဖြိုးရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ကျောင်းများကို အဆင့်တိုးမြှင့်ပေးခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းအောင် ဆောင်ရွက်ခြင်းတို့အပြင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းသားများ ကျောင်းနေပျော် ၍ စာတော်ရေး၊ ကျောင်းထွက်နှုန်း လျော့နည်းရေး တို့ကိုပါ  ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘတို့  ပူးပေါင်းဆောင်ရွက်ကြရန် အားပေးကူညီလျက် ရှိသည်။

အခြေခံပညာကျောင်းများ၌ ထိရောက်သော သင်ကြားမှုရှိစေရန်နှင့် ပိုမိုကောင်းမွန်သော သင်ယူမှုဝန်းကျင်ရှိစေရန် ဆောင်ရွက်ရာတွင် ဆရာအင်အားနှင့် ကျောင်းသားအင်အား အနီးစပ်ဆုံး အချိုးညီမျှစေရန် ပညာရေးကောလိပ် များက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးနေကြသည်။  ပညာရေး ကောလိပ်များကို  တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ အသီးသီးဖွင့်လှစ်ထားရာ ကချင်ပြည်နယ် မြစ်ကြီးနားပညာရေး ကောလိပ်၏ (၂၁)ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာ အပ်နှင်းပွဲအခမ်းအနားကို မတ် ၆ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပစဉ် သင်တန်းသား၊ သင်တန်းသူ ၂၆၆ ဦး တို့အား ကျောင်းအုပ်ကြီးက ဆရာအတတ်ပညာ ဒီပလိုမာလက်မှတ်များ အပ်နှင်းသည်။

အလားတူ ကယားပြည်နယ် လွိုင်ကော်ပညာရေး ကောလိပ်၏ (၂၁)ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို မတ် ၆ ရက် နံနက်ပိုင်းတွင် လွိုင်ကော်ကွန်ပျူတာ တက္ကသိုလ်ခန်းမ၌ ကျင်းပရာ သင်တန်းသား၊ သင်တန်းသူ ၁၉၅ ဦးတို့အား ပညာရေး ကောလိပ်ကျောင်းအုပ်ကြီးက ဒီပလိုမာ လက်မှတ်များ အပ်နှင်းသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတို့ အခြေချ နေထိုင်လျက်ရှိကြရာ ပထဝီအနေအထား၊ ဒေသဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့စရိုက်များ ကွဲပြားမှုရှိကြသော်လည်း အသီးတစ်ရာ အညှာတစ်ခုပမာ  တစ်မြေတည်းနေ တစ်ခရီးတည်း သွားနေကြသူများသာဖြစ်သည်။မိမိတို့ဒေသ ဖွံ့ဖြိုးရေးသည် ပြည်ထောင်စုကြီး ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်သည်ကို သင်တန်းဆင်း ဆရာ၊ဆရာမများ အနေဖြင့် မိမိကိုယ်တိုင် ယုံကြည်ချက်ရှိပြီး မိမိတာဝန်ကျရာ ဒေသမှ တိုင်းရင်းသားပြည်သူများအား စည်းရုံးပညာပေး ကြရမည်ဖြစ်သကဲ့သို့  မိမိတို့တပည့်များကိုလည်း စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ်ရှိကြရန် သွန်သင်ဆုံးမ ကြရမည်ဖြစ်သည်။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမဟူသော ဆရာတို့ ကျင့်ဝတ်အရ ကျောင်းသင်ခန်းစာ သင်ပေးရုံမျှမက လူရေးလူမှုအစုစုတို့၌ လိမ္မာရေးခြားရှိပြီး ပညာပြည့်ဝနှလုံးလှသော ဆရာကောင်း တပည့်များဖြစ်လာအောင် ဆရာ၊ ဆရာမတို့က ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်ကြားလမ်းညွှန် ပေးရမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက် အဘက်ဘက်မှ အင်အားတောင့်တင်းခိုင်မာလာစေရန် နိုင်ငံသားတို့၏ အသိပညာမြင့်မားမှု၊  အတွေးအခေါ် မှန်ကန်မှုနှင့်ခံယူချက်ပြည့်ဝမှု၊ ကိုယ်နှုတ်နှလုံးသုံးပါး ယဉ်ကျေးပြီး    ကိုယ်ကျင့်တရား စောင့်ထိန်းမှုတို့ရှိကြရမည်ဖြစ်သည်။

ဤသို့သောလိုအပ်ချက် အရည်အသွေးများကို    ပညာရေး အဝန်းအဝိုင်းကသာလျှင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။  ပိုမိုကောင်းမွန်သော သင်ယူမှုဝန်းကျင်ရှိစေရန်ဆိုသည်မှာ ခေတ်မီ သင်ထောက်ကူပစ္စည်းများ ပါဝင်သကဲ့သို့ စိတ်ပိုင်း ဆိုင်ရာ တိုးတက်စေရန် လေ့ကျင့်မှုတို့ပါဝင်သည်။ မြန်မာနိုင်ငံ အခြေခံပညာကဏ္ဍတွင် မြို့ပြနှင့်ကျေးလက် ဒေသများ၌ မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်း၊အလယ်တန်းကျောင်း၊ အလယ်တန်း

ကျောင်းခွဲ၊ အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲတို့ အသီးသီး ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည့်အပြင်  ပုဂ္ဂလိက ကျောင်းများကိုလည်း  နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်သည်။

ပညာသည် လူတစ်ဦး၏ အသိဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ပေးနိုင်သည် မဟုတ်ဘဲ စိတ်နေစိတ်ထားနှင့် အယူအဆတို့ကိုပါ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိခြင်းကြောင့် လူတစ်ဦး၏ ဘဝမြင့်မားရေးကို မြှင့်တင်ပေးရာတွင် အကြီးမားဆုံး အင်အားဟု ဆိုနိုင်ပေသည်။ ပညာဖြင့်အသက်မွေးခြင်းသည် အမြတ်ဆုံးဟူ၍ ဂေါတမမြတ်စွာဘုရားက အာဠာဝက ဘီလူးအား ဟောကြားထားသည်။ ထို့ကြောင့် နိုင်ငံသားတို့ ပညာရည်မြင့်မားရေးကို အားပေးဖော်ဆောင်နေကြသော ဆရာသည်သာ အခရာဖြစ်သည်ဟု ဆရာ့ဂုဏ်ကျေးဇူးကို ဖော်ကျူးထားကြလေရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို ဆရာ၊ ဆရာမများက ဆတက်ထမ်းပိုး တိုး၍သယ်ပိုးနိုင်ကြပါစေကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 46 times Last modified on Saturday, 09 March 2019 08:55