SJ WorldNews - шаблон joomla Авто

မီးဘေးရှောင်မလောင်ခင်တား

Tuesday, 12 March 2019 10:10 font size decrease font size decrease font size increase font size increase font size

နွေချိန်တပေါင်း နေရှိန်ပြောင်းသည်နှင့် ရင်နင့်ဖွယ် သတင်းများကို စတင်ကြားရသည်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာဇုန်(၁) ပန်းလှိုင်ဂေါက်ကွင်းလမ်းရှိ လန်းဆန်းကုန်စုံဆိုင်၌ မတ် ၉ ရက် ညနေ ၅ နာရီတွင် မီးစတင်လောင်ကျွမ်းရာ လှိုင်သာယာမြို့နယ်နှင့် အခြားမြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် ည ၆ နာရီခန့်တွင် မီးညွန့်ကျိုးသွားပြီး ညသန်းခေါင်တွင် လုံးဝငြိမ်းသွားသည်။ ညောင်ရွာကျေးရွာရှိ အိမ်ခြေအားလုံး မီးလောင်ကျွမ်းခံရသဖြင့် အိမ်ထောင်စု ၆ဝ ကျော်မှ လူဦးရေ ၂၅ဝ ခန့်တို့အား ကျေးရွာရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ ခေတ္တနေရာ ချထားကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုကျေးရွာအုပ်စု ဘုရားတောင်ကမ်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ မတ် ၇ ရက် ညပိုင်းတွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာ မှတစ်ဆင့် မီးလောင်ကျွမ်းသွားသဖြင့် မတ် ၈ ရက်တွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ဘုတ်ပြင်းတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အပျက်အစီးများအား ပူးပေါင်းရှင်းလင်းပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြပြီး ကျောင်းပြန်လည် ဆောက်လုပ်ရန်အတွက် အမိုးသွပ်များ လှူဒါန်းခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာ၏ မြောက်ဘက် ၅ မိုင်ခန့်အကွာ ထန်းကိုင်းရေနံမှော်ရှိ ရေနံလက်ယက်တွင်း၌ မတ် ၈ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရေနံနှင့်ဓာတ်ငွေ့များ လျှံထွက်၍ မီးစတင်လောင်ကျွမ်းရာ အနီးရှိ အလျား ၁ဝ ပေ၊ အနံ ၈ ပေရှိသော မြေကျင်းတွင် မိုးကာဖြင့် ထည့်ထားသည့် ရေနံများသို့ မီးကူးစက် လောင်ကျွမ်းသွားသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မြို့တာဝန်ရှိသူများ၊ မြို့နယ်

ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ကြသဖြင့် မီးငြိမ်းသွားပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကန်တော်ကြီးအကွက်(၅)၌ မတ် ၅ ရက် နံနက်ပိုင်းက ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင်မီးမှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်း သဖြင့် စစ်တွေခရိုင် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသွားရောက် ငြှိမ်းသတ်ကြသည်။ မီးလောင်မှုကြောင့် အလျားပေ ၃ဝ၊ အနံပေ ၂ဝ၊ အမြင့် ၁၅ ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းလူနေအိမ်တစ်လုံး ဆုံးရှုံးသွားပြီး လူနှင့်တိရ စ္ဆာန်ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့ ဗိုလ်အောင်ဇေယျ တိုးချဲ့ကွက်သစ်ရှိ လူနေအိမ် ဧည့်ခန်း၌ တပ်ဆင်ထားသော မီးအားမြှင့်စက် အပူလွန်ကဲပြီး မတ် ၄ ရက် နံနက် ၂ နာရီတွင် မီးစတင်လောင်ကျွမ်းရာ လူနေအိမ်တစ်လုံး၊ မော်တော်ဆိုင်ကယ်သုံးစီး၊ ရေခဲသေတ္တာ၊ လေအေးပေးစက်သုံးလုံး၊ ရုပ်မြင်သံကြားစက်သုံးလုံးတို့ ဆုံးရှုံးသွားပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။ မီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် အခြားအိမ်များသို့ မကူးစက်ဘဲ မီးငြိမ်းသွားခြင်း ဖြစ်သည်။ ကန့်ဘလူမြို့နယ် လေးလရွာသစ်ကျေးရွာ၌ မတ်၃ ရက် နံနက် ၄နာရီခွဲတွင် နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှစ၍ မီးလောင်ကျွမ်းရာ ကျေးရွာပြည်သူများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ် ကြသဖြင့် နံနက် ၅ နာရီ မိနစ် ၂ဝ တွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် သက်ငယ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း နေအိမ်တစ်လုံး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုးနှစ်ထပ်အိမ်တစ်လုံး၊ ကမ်ဘို ၁၂၅ ဆိုင်ကယ်တစ်စီးတို့ မီးလောင်သွားသည့်အပြင် နေအိမ်အပေါ်ထပ်တွင် အိပ်ပျော်နေသော အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး မီးလောင်ခံရသဖြင့် သေဆုံးသွားသည်။

မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်၌ မတ် ၃ ရက် ညနေ ၃ နာရီတွင် ဘက်ထရီအားသွင်းထားသော ၁၈ဝ ဝပ်ဆိုလာပြားရှော့ခ် ဖြစ်ပြီး မီးလောင်ကျွမ်းရာ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် ညနေ ၄ နာရီတွင် မီးငြိမ်းသွားသည်။

မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံး၊ နွားတင်းကုပ်လေးလုံး၊ ပဲခွဲစက်တစ်လုံး၊ နွားစာစဉ်း စက်တစ်လုံး၊ တစ်လုံးထိုးမီးစက် သုံးလုံး၊ မော်တော်ဆိုင်ကယ်နှစ်စီး ဆုံးရှုံးသွားသော်လည်း လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များအရ အိမ်သုံးလျှပ်စစ် မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခြင်း၊ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခြင်း တို့ကြောင့် လူ့အသက်နှင့်လူနေအိမ်များ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးရကြောင်း တွေ့ရသည်ကို သင်ခန်းစာယူ၍ မီးဘေးရှောင် မလောင်ခင်တား ဆောင်ပုဒ်နှင့်အညီ မမေ့မလျော့မပေါ့မဆသော သတိဖြင့် ကြိုတင် ကာကွယ်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 53 times Last modified on Tuesday, 12 March 2019 10:11