SJ WorldNews - шаблон joomla Авто

နွေအတွက် ရေမခက်ရေး ဆောင်ရွက်ပေး

Wednesday, 13 March 2019 09:49 font size decrease font size decrease font size increase font size increase font size

ရှစ်ခွင်တိုင်းမှုန်မှိုင်းတဲ့ ပတ်လည်။ သဇင်ကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာ ညွန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်။ ဘမရာရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်။ ညွတ်ကြည်ဖွယ့်ဖော်ကွဲ။

ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင်၊ ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်စာညီပြောပေပ၊ ကြော၍သာမြဲ။

မြန်မာပြက္ခဒိန်တစ်ဆယ့်နှစ်လ ရာသီတို့တွင် တပေါင်းလကို တပေါင်းသာခေါင်လများ နောင်၏  တင်စားရလောက်အောင်သာယာကြောင်း ကုန်းဘောင်ခေတ်စာဆို ဦးကြင်ဥက အထက်ပါအတိုင်း ရေးဖွဲ့ထားသည်။ ပန်းသဇင်တို့ လန်းရွှင်ကြရသည့် ရာသီလွန်မြောက်ချိန်တွင် ပွင့်ဆဲပန်းကလေးများနှင့် သန္တာအရောင်အသွေး ရှိသော အင်ကြင်းပန်းတို့ ဖူးပွင့်နေစဉ်ပန်းဝတ်ရည်ကို စုပ်ယူနေကြသော ပျားပိတုန်းများ ပျံဝဲနေကြသည့်မြင်ကွင်းက ဖော်မစုံသူတို့ အတွက် လွမ်းဆွေးဖွယ်ဖြစ်ရသည်မှာ ဈာန်ရပြီးသည့် ရသေ့သူတော်စင်များပင် ဈာန်လျှောသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။

တပေါင်းလသည် နွေဦးကာလဖြစ်သဖြင့် စိမ့်စမ်းတို့ ခန်းခြောက်သော လဖြစ်ခြင်းကြောင့် ပြည်သူတို့အတွက် သန့်ရှင်းသော သောက်သုံးရေရရှိစေရန် နှစ်စဉ်ကြိုတင် စီမံကြရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စဥ့်ကူကျေးရွာအုပ်စု ကျောက်တန်းကျေးရွာရှိ အိမ်ခြေ ၂ဝဝ ၌ ပြည်သူ ၉ဝဝ ခန့်ရှိပြီး အဝီစိစက်ရေတွင်းမှ ရေငန်သာ ထွက်သည့်အတွက် သုံးရေအဖြစ် သုံးနိုင်သော်လည်း သောက်ရေအခက်အခဲ ဖြစ်နေသဖြင့် စဥ့်ကူနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၄၈ဝဝ ကို မတ် ၉ ရက် နံနက်ပိုင်းတွင် သွားရောက်လှူဒါန်း ဖြန့်ဝေပေးခဲ့ကြသည်။ မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများ နှစ်စဉ်နွေရာသီ ရေရှားပါးမှု ဖြစ်ပေါ်လျက်ရှိရာ ယခုနှစ်အတွင်း သောက်သုံးရေရရှိရေး လုပ်ငန်းပေါင်း ၁၂၃ ခုကို တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။ သောက်သုံးရေရရှိရေး လုပ်ငန်းများမှာ တွင်းနက်စက်ရေတွင်းနှင့် တွင်းတိမ်စက်ရေတွင်း၊ လက်တူးတွင်း၊ မြေသားရေကန်၊ စိမ့်စမ်းရေသွယ်ယူခြင်း အပါအဝင် အခြားနည်းဖြင့် ရေရရှိရေးလုပ်ငန်းများ ပါဝင်သည်။ စက်ရေတွင်းတူးဖော်သည့် လုပ်ငန်းများတွင် ရေဂါလန် ၂၄ဝဝ ဆံ့ပြီး အမြင့်ပေ ၂ဝ ရှိ ရေစင်၊ ဂါလန် ၅ဝဝဝ ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံများ၊ မြေသားရေကန် တူးဖော်ခြင်း လုပ်ငန်းနှင့် လက်တူးတွင်း လုပ်ငန်းတို့တွင် ခြံစည်းရိုးခတ်ခြင်းနှင့် လက်နှိပ်တုံကင် တပ်ဆင်ခြင်း၊ စိမ့်စမ်းရေသွယ်လုပ်ငန်းတွင် ရေတားတမံ တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ် တန်းခြင်း၊ အခြားရေရရှိရေး လုပ်ငန်းတွင် ရေဂါလန် ၅ဝဝဝ ဆံ့ အုတ်ရေကန် လုပ်ငန်းနှင့်   အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ ပါဝင်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ ကျေးရွာ ၄၃ ရွာနေ ပြည်သူများ နွေရာသီသောက်သုံးရေ ရရှိရေးအတွက် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယခုနှစ်ဆောင်ရွက်နေသော လုပ်ငန်းများမှာ  မြေအောက်ရေတွင်းများ တူးဖော်ပေးခြင်း၊ လက်ရှိအသုံးပြုနေသောသောက်ရေကန်များကို  အနက်တူးဖော်ပေးခြင်း၊ မြေအောက်ရေရရှိရန် ခက်ခဲသော ကျေးရွာများသို့  မီးသတ်ဦးစီးဌာန၊  စည်ပင်သာယာရေး အဖွဲ့၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့မှ ရေကားများနှင့် ချိတ်ဆက်၍ ဖြန့်ဝေပေးရန် စီစဉ်ထားသည်။ ထို့ပြင် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စက် မော်တော်ယာဉ်တို့ဖြင့်  ချိတ်ဆက်ဖြန့်ဝေပေးရန်လည်း  စီစဉ်ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးရွာများတွင် လိုအပ်ချက်များသည့် သောက်သုံးရေရရှိရေး လုပ်ငန်းများကို ကျေးရွာဒေသအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်အတွင်း ပုံတောင်ပုံညာဒေသရှိ ကြက်ရိုးကျေးရွာအုပ်စု လယ်ဓမ္မကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကွင်းဆင်း တိုင်းတာနေကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  သိရသည်။ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ရေရရှိရေး လုပ်ငန်းနှစ်ခု၊ ကျေးရွာ ၁၁ ရွာတွင် ရေရရှိရေးပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း ၁၁ ခုတို့အား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်နေကြသည်။  ပုဗ္ဗသီရိမြို့နယ်မှာ နှစ်စဉ်ရေ မလုံလောက်သည့် ပြဿနာရှိကြောင်း သိရသည်။

သို့ဖြစ်၍ သန္တာအရောင်အသွေးနီမြန်းသော အင်ကြင်းပန်းတို့ ပွင့်လန်းသည့် မိန်ရာသီ လတပေါင်းမှစ၍ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ကြရာတွင် ဌာနဆိုင်ရာတို့က ဦးစားပေး ဆောင်ရွက်နေကြ သကဲ့သို့ ပြည်သူတို့ အနေဖြင့်လည်းအဖိုးတန်ရေချိုကို တန်ဖိုးထားတတ်ကြရန် လိုကြောင်း နွေအတွက် ရေမခက်ကြစေခြင်းငှာ မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။    

Read 19 times Last modified on Wednesday, 13 March 2019 09:50