SJ WorldNews - шаблон joomla Авто

စွမ်းအင်မခက်စေရာ အဖြေရှာ

Thursday, 14 March 2019 09:32 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စီးရေ ရှစ်သိန်းကျော် ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ သုံးသိန်းနီးပါး ရှိကြောင်း သိရသည်။

ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းသယ်ယူပို့ဆောင်ရေး ယာဉ်များအတွက် စက်သုံးဆီကို ပြည်ပမှ  တင်သွင်းဖြန့်ဖြူးပေးလျက် ရှိခြင်းကြောင့်  ပြည်ပငွေဈေးနှုန်းအပေါ် မူတည်၍ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ရသည်။

ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေကြသည့် စက်သုံးဆီဈေးနှုန်းများမှာ ရန်ကုန်ဈေးကွက်၌ ဒီဇယ်  500 ppm တစ်လီတာလျှင် ငွေကျပ် ၉၃ဝ၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၉၄၅ ကျပ်၊အောက်တိန်း 92 တစ်လီတာလျှင် ငွေကျပ် ၇၅ဝ၊ အောက်တိန်း 95 တစ်လီတာလျှင် ငွေကျပ် ၈၄၅ ကျပ် အသီးသီးရှိကြရာ ယခင်နှစ် ကာလတူထက် ငွေကျပ် ၂ဝ ခန့်မြင့်တက်လာကြောင်း သိရသည်။ မွန်ပြည်နယ် မော်လမြိုင် စက်သုံးဆီဈေးကွက်၌ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၁ဝဝဝ၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ငွေကျပ် ၁ဝ၁ဝ၊ အောက်တိန်း 92 တစ်လီတာလျှင် ငွေကျပ် ၈၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ငွေကျပ် ၉ဝ၅ ကျပ် အသီးသီး ရှိသည်။ ရန်ကုန် စက်သုံးဆီဈေးကွက်နှင့် မော်လမြိုင် စက်သုံးဆီ ဈေးကွက်ပေါက်ဈေးကို နှိုင်းယှဉ်ကြည့်လျှင် ရန်ကုန်ဈေးနှုန်းထက် မော်လမြိုင်ဈေးနှုန်းက ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၇၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၆ဝ ကျပ်ပိုများကြောင်း တွေ့ရသည်။

ပြည်ပမှစက်သုံးဆီ တင်သွင်းပြီး ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချခွင့်ရှိသော ကုမ္ပဏီ ၅ဝ ခန့်ရှိကြရာ အဆိုပါ ကုမ္ပဏီများသည် အဓိကအားဖြင့် စင်ကာပူနိုင်ငံမှ စက်သုံးဆီကို တင်သွင်းရသဖြင့် အမေရိကန်ဒေါ်လာ ဈေးနှုန်း အပြောင်းအလဲပေါ် မူတည်၍ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းအတက်အကျရှိသည်။ စင်ကာပူနိုင်ငံမှ ဝယ်ယူရသော စက်သုံးဆီ ဈေးနှုန်းမှာ ၃၅ ဂါလန်ဝင် ဆီတစ်ပီပါလျှင် ဇန်နဝါရီလက ဝယ်ဈေးထက် ၁ဝ ဒေါ်လာဝန်းကျင်အထိ မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့်ရက်များမှစ၍ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းမြင့်တက် လာခြင်းဖြစ်သည်။ ပြည်တွင်းစက်သုံးဆီ လက်လီလက်ကားဈေးနှုန်းများ မြင့်တက်လာသော်လည်း မဖြစ်မနေ အသုံးပြုနေရခြင်းကြောင့်  ဈေးကွက်အတွင်း အရောင်းအဝယ် မပျက် တည်ရှိနေကြသည်။ သင်္ကြန်ရက်နီးလာပြီဖြစ်သဖြင့် စက်သုံးဆီဈေးနှုန်း အတက်အကျ မည်သို့ရှိမည်ကို မခန့်မှန်းနိုင်သေးကြောင်း  စက်သုံးဆီ ရောင်းချသူများထံမှ သိရသည်။

သင်္ကြန်ရုံးပိတ်ရက်များတွင်  ခရီးသွားပြည်သူများ အဆင်ပြေစေရန်  မြန်မာ့မီးရထားက အထူးရထားများ ပြေးဆွဲပေးရန်  ယခင်နှစ်များနည်းတူ စီစဉ်ထားကြောင်းနှင့်  ရထားလက်မှတ်ခ နှုန်းထားမှာလည်း ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း သွားလာနေကြသော ယာဉ်များတွင် တရားဝင် မှတ်ပုံတင်ထားသော ယာဉ်များရှိသကဲ့သို့ တရားဝင် မှတ်ပုံတင်မထားသော ယာဉ်များလည်း ရှိနေကြသည့်အပြင် လုပ်ငန်းသုံး စက်ကိရိယာများ၊ လယ်ယာသုံး စက်ကိရိယာများနှင့် အိမ်သုံးစက်ကိရိယာ အပေါ့စားနှင့် အငယ်စားလည်း ရှိနေကြခြင်းသည် ပြည်တွင်းစက်သုံးဆီ နေ့စဉ်သုံးစွဲမှုကို  ခန့်မှန်းရန် အခက်အခဲ ရှိနေမည်ဖြစ်သည်။ ပြည်သူများအတွက် အိမ်သုံး လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်နိုင်သော်လည်း အခြားစက်ကိရိယာများ အတွက် လိုအပ်သော စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့်  ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်း အလွန် နည်းပါးသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် စွမ်းအင်လုံလောက်ရေး အတွက် နည်းမျိုးစုံဖြင့် ရှာဖွေနေကြရချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းတွင်းနှင့် ကမ်းလွန်သဘာဝ ဓာတ်ငွေ့ရင်းမြစ်များ ရှိနေခြင်းသည် သဘာဝကပေးသော ဆုလာဘ်ဟု ဆိုနိုင်သည်။ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ရင်းမြစ်များဖြစ်သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိကနှင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ ရင်းမြစ်များမှ နှစ်စဉ်ကုဗပေ ခုနစ်သန်းခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ကုန်းတွင်း သဘာဝ ဓာတ်ငွေ့လုပ်ငန်းများမှ ကုဗပေသန်းပေါင်း ၁၅ဝဝ ခန့် ထုတ်လုပ်ပေးကြောင်း သိရသည်။

ကမ်းလွန်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများမှ ထုတ်လုပ်ရရှိသော သဘာဝ ဓာတ်ငွေ့ပမာဏ၏  ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသုံးစွဲရန် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရ၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က ထုတ်ပြန်သော အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ကာလတို ငါးနှစ်စီမံကိန်းတွင်ဖော်ပြထားကြောင်း မီဒီယာများက ရေးသားထားသည်။

ယနေ့အချိန်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၌ သဘာဝဓာတ်ငွေ့ သုံးစွဲလျက် ရှိသည့်အပြင် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များမှာလည်း သဘာဝဓာတ်ငွေ့နှင့် ဓာတ်ငွေ့ရည်သုံး မော်တော်ယာဉ်များရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် လောင်စာစွမ်းအင်တင်သွင်းမှု လျော့နည်းရေးအတွက် ပြည်သူများက စွမ်းအင်ချွေတာ သုံးစွဲရေး၊ နိုင်ငံတော် အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ် သုံးစွဲမှု ပိုမိုလုပ်ဆောင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးတို့ကို အလေးထား ဆောင်ရွက်သင့်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။    

Read 19 times Last modified on Thursday, 14 March 2019 09:33