SJ WorldNews - шаблон joomla Авто

ကျောက်မျက်ရတနာ တန်ဖိုး အကျိုးရှိစေရန်

Friday, 15 March 2019 10:22 font size decrease font size decrease font size increase font size increase font size

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကျင်းပသော (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို  နေပြည်တော်ရှိ  မဏိရတနာကျောက်စိမ်း ခန်းမ၌ မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ ကျင်းပလျက်ရှိသည်။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းအရိုင်းနှင့် အချောထည်များ၊ ကျောက်မျက်အရိုင်းနှင့် အချောထည်များ၊ လက်ဝတ်ရတနာများ၊ ကျောက်စိမ်းနှင့် ဆင်တူသော ကျောက်များ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲများ၊ ကျောက်ကပ် ပန်းချီများနှင့် ပုလဲအတွဲများကို သတ်မှတ်ရက်များ အလိုက် ပြသရောင်းချလျက်ရှိသည်။

ကျောက်စိမ်းအရိုင်း အတွဲများအတွက်  သတ်မှတ်ထားသည့် အခြေခံဈေးသည် ယူရိုငွေ ၅ဝဝဝ နှင့်အထက်ဖြစ်ပြီး ကျောက်စိမ်းအချောထည်များ အတွက် သတ်မှတ်ထားသော အခြေခံဈေးသည် ယူရိုငွေ ၁ဝဝဝ နှင့်အထက်ဖြစ် သည်။

ကျောက်မျက်အတွဲများ အတွက် သတ်မှတ်ထားသည့် အခြေခံဈေးသည် ယူရိုငွေ ၅ဝဝ နှင့်အထက်ဖြစ်ပြီး ပုလဲအတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးသည် ယူရိုငွေ ၁ဝဝဝ နှင့်အထက်ဖြစ်သည်။ ပြပွဲတွင် ရောင်းရငွေတန်ဖိုးအပေါ် ကောက်ခံမည့်အခွန်နှုန်းထား သတ်မှတ်မှုမှာ  အထူးကုန်စည်ခွန် အနေဖြင့် ကျောက်စိမ်းအရိုင်းများ အတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းများအတွက် ၁ဝ ရာခိုင်နှုန်း၊ ကျောက်မျက်လက်ဝတ် ရတနာ အချောထည်များအတွက် ၃ ရာခိုင်နှုန်း၊ အချောထည်များ အတွက် ၁ ရာခိုင်နှုန်း အသီးသီး ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်တွင်  ကျောက်မျက်ရတနာပြပွဲများကို  နှစ်စဉ်ကျင်းပ၍  ပြည်တွင်းပြည်ပမှ ရတနာ ကုန်သည်များအား  ဖိတ်ကြားရောင်းချခဲ့ရာ  ရောင်းရငွေတန်ဖိုးအပေါ် မူတည်၍ နိုင်ငံတော် အစိုးရအနေဖြင့် ရသင့်သော အခွန်ငွေများ တိုးတက်ရရှိသည်။ ပြည်ပသို့တရားမဝင် ရောင်းချနေကြသူများနှင့် တရားမဝင် တူးဖော်သယ်ယူမှုများကြောင့် နိုင်ငံတော်အစိုးရအတွက် ရသင့်သော အခွန်မရဘဲ ဆုံးရှုံးနေကြောင်း သတင်းများ ကြားသိရသည်။ ပြည်သူများက နိုင်ငံတော်အစိုးရထံသို့ ဥပဒေနှင့်အညီ ပေးဆောင်ရသည့် အခွန်ငွေများသည် ပြည်သူတို့အတွက် နိုင်ငံတော် အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စအဝဝအတွက် ပြန်လည်သုံးစွဲရခြင်း ဖြစ်သည်။ ထို့ကြောင့် အခွန်ထမ်း ပြည်သူများလေ အစိုးရဘဏ္ဍာ ငွေပိုရလေဖြစ်ပြီး ပြည်သူတို့အတွက် အသုံးစရိတ် တိုးမြှင့်ပေးနိုင်မည် ဖြစ်ကြောင်း နိုင်ငံသားတိုင်းက အလေးအနက် ထားကြရမည်ဖြစ်သည်။

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ဆောင်နိုင်စွမ်းရှိသော ကျောက်မျက်ရတနာတို့ တစ်မျိုးချင်းစီတွင် ထူးခြားသော အာနိသင် အသီးသီးရှိကြရာ လူသိနည်း၊ အသုံးနည်းသော ပယင်းကျောက်ကို  တရားမဝင် ရှာဖွေတူးဖော်သူများ ရှိကြသည်။ ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၄ ရက် ည ၁၁ နာရီခွဲခန့်တွင် အင်ဂါးဂါးကျေးရွာ၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာသို့ အရောက်၌ ပယင်းကျောက်များ တရားမဝင် တူးဖော်နေသူ အမျိုးသားငါးဦးကို ပယင်းကျောက် ၁ ကီလိုဂရမ်ခန့်၊ မီးစက်တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိသည်။ အလားတူ မတ် ၅ ရက် နံနက် ၁ဝ နာရီခန့်တွင် အင်ဂါးဂါးကျေးရွာ အနီးဝန်းကျင်အား ဆက်လက်စစ်ဆေးရာ ပယင်းကျောက်များ ခိုးယူတူးဖော်နေသူ အမျိုးသား ရှစ်ဦးကို ပယင်းကျောက် ၁ ကီလိုဂရမ်ခန့်၊ မီးစက်တစ်လုံးတို့နှင့် အတူ ထပ်မံဖမ်းဆီး ရမိသည်။ ပယင်းကျောက်တရားမဝင် တူးဖော်နေသည့် ဖမ်းဆီးရမိသူ အမျိုးသား ၁၃ ဦးတို့အား တနိုင်းမြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပယင်းကျောက်ဖြစ်ပေါ်လာပုံမှာ ရှေးနှစ် သန်းပေါင်းများစွာက ပေါက်ရောက်သော အဆီထွက်သည့် အပင်တစ်မျိုး၏ အစေးများခဲပြီး ကျောက်အသွင် ပြောင်းလာခြင်းဖြစ်သဖြင့် ထိုသစ်စေးတွင် ကပ်နေသော အင်းဆက်ပိုးမွှားများ  ပယင်းကျောက်အတွင်း၌ အကောင်မပျက် ပါလာတတ်သည်။ ကျောက်မျက်ရတနာများတွင် အလွန်ပေါ့ပါးသော အမျိုးအစားဖြစ်သဖြင့် ဆားရည်တွင်စိမ်ပါက ရေထဲတွင် ပေါ်နေကြောင်း သိရသည်။ ပယင်းကျောက်က လူတို့ကျန်းမာရေးအတွက် အကျိုးပြုပုံမှာ သွေးလည်ပတ်မှုကောင်းစေခြင်း၊ သွေးတိုးရောဂါကို ထိန်းညှိပေးခြင်း၊ သွားကိုက်လျှင် သက်သာစေခြင်း၊ မြွေဆိပ်၊ ကင်းဆိပ်မတိုးခြင်း၊ ထိခိုက်ရှနာများအတွက် ပယင်းကို သွေးပြီး လိမ်းပေးခြင်း သို့မဟုတ် အနာပေါ်အုပ်၍ စည်းထားခြင်းဖြင့် အနာမန်းတက်ခြင်းကို ကာကွယ်ပေးခြင်းတို့ဖြစ်သည်။ ကျောက်မျက်ရတနာတိုင်း သူ့တန်ဖိုးနှင့်သူ့ အာနိသင်ရှိကြသည်သာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုလျက်ရှိရာ သဘာဝက ပေးသော တန်ဖိုးကို အကျိုးရှိအောင် အသုံးချနိုင်ကြစေခြင်းငှာ တရားဥပဒေနှင့်အညီသာ တူးဖော် ရောင်းဝယ်ကြပါရန် မြဝတီက ပန်ကြားလိုက်ရပါသည်။     

Read 54 times Last modified on Friday, 15 March 2019 10:23