SJ WorldNews - шаблон joomla Авто

ကျန်းမာရေးနှင့် ကံ စိတ် ဥတု အာဟာရ

Saturday, 16 March 2019 08:17 font size decrease font size decrease font size increase font size increase font size

ခါးချစ်ဆေးဝါး လူတို့စားလည်း နာဖျားမလွတ်ရှိတတ်သည့်အားလျော်စွာ ကမ္ဘာ့ပြည်သူများမှာ ကပ်ရောဂါအသွင်ဖြစ်ပွားသော ရောဂါဝေဒနာတို့ကြောင့် အနိစ္စတရားကို မလွန်ဆန်နိုင်ဖြစ်ကြရသည်တွင် ၂ဝ၁၄ ခုနှစ် ဝက်တုပ်ကွေး H1N1ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ သေဆုံးသူ ၁၈၅ဝဝ အထိရှိကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မတ် ၁၁ ရက်တွင်ထုတ်ပြန်သော သတင်းအရသိရသည်။ ရာသီအလိုက်ဖြစ်ပွားတတ်ပြီး ကပ်ရောဂါအသွင်ပြန့်ပွားမှုမြန်ဆန်သော တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၁ ဘီလီယံရှိသည့်အနက် သေဆုံးသူဦးရေမှာလည်း သိန်းဂဏန်း အထိရှိခြင်းကြောင့် ယင်းတုပ်ကွေးသည် ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေးအတွက် ခြိမ်းခြောက်လျက်ရှိသော ရောဂါတစ်မျိုးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သည် တိရစ္ဆာန်မှတစ်ဆင့် လူတို့ထံ ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးရောဂါကာကွယ်ရေး အစီအစဉ်ကို ၂ဝ၁၉ ခုနှစ်မှ ၂ဝ၃ဝ အထိ ဆောင်ရွက်ရန်ရည်မှန်းထားသည်။ ကမ္ဘာတစ်ဝန်းတွင် ၂ဝ၁၈ ခုနှစ်ကဖြစ်ပွားသော စပိန်တုပ်ကွေးကြောင့် သေဆုံးသူဦးရေ သန်းဂဏန်းအထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားပြီး နောက်တစ်ကြိမ် ကပ်ရောဂါဖြစ်ရန် သေချာသလောက်ရှိသော်လည်း ဘယ်အချိန်ဖြစ်မည်ကိုမူ မပြောနိုင်ပါဟုဆိုသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲက တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ကုန်ကျစရိတ်နှင့် ရောဂါဖြစ်ပွားချိန်ရောက်မှ ကုသသော ကုန်ကျစရိတ်တို့ နှိုင်းယှဉ်ပါက အဆ၁ဝဝ ခန့်ကွာခြားခြင်းကြောင့် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍အလေး ထားကြရန် လိုကြောင်း သတိပေးထားသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဆောင်ရွက်မည့် တုပ်ကွေးရောဂါကာကွယ်ရေး အစီအစဉ်(၂ဝ၁၉-၂ဝ၃ဝ)တွင် ကမ္ဘာ့နိုင်ငံအားလုံး ပါဝင်ကြရန်နှင့် ပုံမှန်ကာကွယ်ရေးအစီအစဉ်များအပြင် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး၊ ရောဂါဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရေး၊ ရောဂါမပြန့်ပွားစေရန် ထိန်းချုပ်ရေး၊ စောင့်ကြည့်အကဲဖြတ်ရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ရှိရမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။ ကမ္ဘာ့နိုင်ငံများ အနေဖြင့် တုပ်ကွေးရောဂါ ကာကွယ်ရေး အတွက် ဆောင်ရွက်ကြမည့် အစီအစဉ်များ ဖော်ဆောင်ကြရာတွင် ကျန်းမာရေး ဝန်ထမ်းများနှင့် တုပ်ကွေးရောဂါ ဖြစ်ပွားမည့် အခြေအနေ နီးစပ်သူများအား နှစ်စဉ်နောက်ဆုံး အခြေအနေ အချိန်အခါနှင့် ကိုက်ညီသည့် ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတိပေးထားသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတရုတ်နိုင်ငံအပါအဝင် အချို့နိုင်ငံများတွင် အာဖရိကဝက် အပြင်းဖျားရောဂါ (African Swine Fever)) ကူးစက်ပျံ့နှံ့လျက် ရှိရာ မြန်မာနိုင်ငံအတွင်း မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်သည့်လုပ်ငန်းများဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ ပုဂ္ဂလိက နေ့စဉ်သတင်းစာတစ်စောင်၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံမွေးမြူရေး အဖွဲ့ချုပ်မှ အကြံပေးပညာရှင်တစ်ဦး၏ပြောကြားချက်အရ အာဖရိကဝက်အပြင်းဖျား ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သော်လည်း လူ့ခန္ဓာကိုယ်တွင် မနေနိုင်သည့် အတွက် ကူးစက်မှုမရှိကြောင်း သိရသည်။ ၎င်းရောဂါကို ထိန်းချုပ်ရန် ဆေးတီထွင်ကြသော်လည်း စီးပွားရေးအရ တွက်ခြေမကိုက်သဖြင့် တွက်ခြေကိုက်သော ဆေးဝါးမတီထွင်နိုင် သေးခြင်းကြောင့် ဆေးမရှိသေးကြောင်း၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ယူနန်ပြည်နယ်၌ လေးကြိမ်ဖြစ်ပွားသော်လည်း မြန်မာနိုင်ငံသို့ ကူးစက်ခြင်းမရှိသေးဘဲ ဗီယက်နမ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့သို့ ကူးစက်ပျံ့နှံ့နေကြောင်း သိရသည်။ အာဖရိကဝက် အပြင်းဖျား ရောဂါသည် လူကိုမကူးစက်သော်လည်း စီးပွားဖြစ် မွေးမြူရေးနှင့် အသားထုတ်လုပ်ရေး လုပ်ငန်းများကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောဂါစဖြစ်သည့် ၂ဝ၁၈ ခုနှစ် သြဂုတ်လမှ ၂ဝ၁၉ ခုနှစ် မတ်လအထိ ကိုးလကျော် ကာလအတွင်း ဝက်ကောင်ရေ ကိုးသိန်းကျော် ရှင်းလင်းခဲ့ရပြီး ယခုအချိန်တွင် ရောဂါဖြစ်ပွားမှု လျော့နည်းသွားပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် နေကြကြောင်း မြန်မာနိုင်ငံမွေးမြူရေး အဖွဲ့ချုပ်မှ အကြံပေးပညာရှင်၏ ပြောကြားချက်အရသိရပြီး ၎င်းရောဂါသည် လူကိုကူးစက်သည့် ရောဂါမဟုတ်ကြောင်း ကမ္ဘာ့တရိစ္ဆာန် ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့က ထုတ်ပြန်ကြေညာထားသည်ဟုဆိုသည်။ သို့ဖြစ်၍ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရားလေးခုမှ တစ်ခုချို့ယွင်းခဲ့သော် လူတို့ကျန်းမာရေးအတွက် ယိုယွင်းတတ်လေရာ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံဖြစ်ရန်လိုကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

Read 13 times Last modified on Saturday, 16 March 2019 08:19