SJ WorldNews - шаблон joomla Авто

သုံးလွန်းတင်သံယောဇဉ်ခိုင်မြဲရေး

Sunday, 24 March 2019 12:05 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ အတူတကွ ရောနှောနေထိုင်လျက်ရှိကြခြင်းကြောင့် ထိုတိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ခုချင်းစီ၏ ပင်ကိုသဘာဝမှာပင် ပြည်ထောင်စုအသွင် ဆောင်ထားကြသည်။ ထို့ကြောင့် သဘာဝပထဝီအနေအထားနှင့် ဒေသန္တရပထဝီအနေ အထားတို့ကိုအစွဲပြုပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အမည်တို့ကို သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ဒေသတစ်ခုအတွင်းစုပေါင်းနေထိုင်ကြသည့်လူဦးရေအပေါ်မူတည်၍ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) အခန်း(၄) ဥပဒေပြုရေးကဏ္ဍမှ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်းဆိုင်ရာပြဋ္ဌာန်း ချက် ပုဒ်မ ၁၆၁ ၏ ပုဒ်မခွဲ(က)နှင့် (ခ)တို့အရ ရွေးချယ်ခန့်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများသည် ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည့် သမိုင်းအစဉ်အလာရှိသော တစ်အူထုံ့ဆင်းညီရင်းအစ်ကို၊ မောင်ရင်းနှမများဖြစ်ကြသည်။ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းအခြေချနေထိုင်ကြရာမှ ပထဝီအနေအထားအရ နီးလျက်နှင့်ဝေးနေကြ သယောင်ထင်ရသော်လည်း အရေးကြီးလျှင်သွေးနီး၍ အရေးကြုံလျှင်သွေးဆုံခဲ့ကြသော သမိုင်းအစဉ်အလာရှိကြသူများဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံ တော်၊ တတိယမြန်မာနိုင်ငံတော်ကြီးတို့ကို လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသော သူရဲကောင်းမင်းမြတ် တို့၏ခေါင်းဆောင်မှုနှင့် တိုင်းရင်းသားပြည်သူတို့၏ မြန်မာပြည်သား ဟူသောစိတ်ဓာတ်ဖြင့် တည်ထောင်ခဲ့ကြသည်။ ပြည်ပမှကျူးကျော်လာသူတို့ကို တွန်းလှန်တိုက်ထုတ်ကြသည့် သမိုင်းအစဉ်အလာရှိသကဲ့သို့ နိုင်ငံအချင်းချင်း သံခင်း တမန်ခင်းဖြင့်ဆက်ဆံကြသည့်သမိုင်းအစဉ်အလာလည်းရှိသည်။

တိုင်းရင်းသားပြည်သူတို့ ကံဇာတာညှိုးငယ်ချိန် ၁၈၈၅ ခုနှစ်၌ မြန်မာ့ဦးစွန်း အနောက်သို့ယွန်းခဲ့ရသော်လည်း တိုင်းရင်းသားတို့၏သွေးစည်းညီညွတ်မှုစွမ်းအားဖြင့် တွန်းလှန်တိုက်ဖျက်၍ တစ်မျိုးသားလုံးသူ့ကျွန်ဘဝမှလွတ်မြောက်ရေးနှင့် အချုပ်အခြာ အာဏာပိုင်အခွင့်အရေးကို အတူတကွတိုက်ပွဲဝင်ခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သောနိုင်ငံနှင့် လွတ်လပ်သောလူမျိုးဘဝသို့ပြန်လည်ရရှိခဲ့ကြခြင်း ဖြစ်သည်။ နယ်ချဲ့တို့၏ဆိုးမွေအဖြစ်ကျန်ရှိခဲ့သော တိုင်းရင်းသားအချင်းချင်း သံသယ စိတ်ကြောင့် စည်းလုံးညီညွတ်ရေး အားနည်းသွားသည့်နောက်ဆက်တွဲအကျိုးသက်ရောက် မှုကြောင့် ဒေသတွင်းရော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုပါနောက်ကျနေရသည်ကို အမှန်အတိုင်းရှုမြင်သင်ခန်းစာယူကြရန်ဖြစ်သည်။ ကမ္ဘာ့ရာသီဥတုအခြေအနေအရ နိုင်ငံတစ်နိုင်ငံပိုင်နက်နယ်မြေကိုချဲ့ယူရန် မဖြစ်နိုင်တော့ခြင်းကြောင့် ဖဲ့ယူနိုင်ရန် ပါးနပ်သောအစီအစဉ်များဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတို့တွင် စိမ့်ဝင် နေကြသည်များကို အမျိုးသားရေးအသိအမြင်ဖြင့် ရှုမြင်တတ်ကြဖို့လိုသည်။

လွတ်လပ်၍အချုပ်အခြာအာဏာပိုင်သော နိုင်ငံကြီးငယ်မရွေး အမျိုးသားရေးမူဝါဒ ချမှတ်ကျင့်သုံးနေကြသည်။ နိုင်ငံဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၆ ဒသမ ၅ သန်းကျော် ကျယ်ဝန်းပြီး လူဦးရေ ၁၄၃ သန်းခန့်ရှိသော ရုရှားနိုင်ငံ၌ ရုရှားလူမျိုး ၈၂ ရာခိုင်နှုန်း၊တာတာလူမျိုး ၄ ရာခိုင်နှုန်းနှင့် အခြားလူမျိုးများနေထိုင်လျက်ရှိသည်။ နိုင်ငံဧရိယာအားဖြင့် ၁ဝ၈ ဒသမ ၇ ဧကသာကျယ်ဝန်းပြီး လူဦးရေထောင်ဂဏန်းမျှသာရှိသော ဗာတီကန်စီးတီး နိုင်ငံ၌ အီတလီနှင့်ဆွစ်လူမျိုးတို့နေထိုင်လျက်ရှိသည်။ ကမ္ဘာ့အခြားနိုင်ငံများ၌လည်း အလားတူ လူမျိုးတစ်မျိုးတည်းနေထိုင်ကြသည်မဟုတ်ဘဲ လူမျိုးများစုပေါင်းနေထိုင်ကြသည်။

ထို့အတူ နိုင်ငံတိုင်း၌ ထိုနိုင်ငံ၏ပထဝီဝင်ဆိုင်ရာအချက်အလက်များ၊ နိုင်ငံသားတို့၏ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတို့နှင့်သဟဇာတဖြစ်သော နိုင်ငံဖွဲ့စည်း တည်ဆောက်ပုံ၊ စီမံအုပ်ချုပ်မှုစနစ်၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံသားတို့၏တာဝန်နှင့် အခွင့်အရေးတို့ကို သမိုင်းရေးအမြင်နှင့် ဥပဒေရှုထောင့်တို့ပေါင်းစပ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဥပဒေပြုအဖွဲ့က ရေးဆွဲပြဋ္ဌာန်းကြသည်။ အကွပ်မရှိသောကြမ်း ပရမ်းပတာမဖြစ်စေရန်ထိန်းကျောင်းသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသား တိုင်းက လေးစားလိုက်နာကျင့်သုံးခြင်းသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏အနှစ်သာရ နှင့်တန်ဖိုးဖြစ်သည်။ ထိုအနှစ်သာရနှင့် တန်ဖိုးမှေးမှိန်ပါက နိုင်ငံသားတို့၏ဘဝလုံခြုံရေးနှင့် ဗြဟ္မစိုရ်တရား ထွန်းကားရေးတို့ကို လည်ပင်းကိုးတောင်ပြည့်အောင် မျှော်နေကြရဦးမည်။

ထို့ကြောင့် အမျိုးသားရေးအင်အားစုတပ်မတော်၏ (၇၄)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များတွင် အမျိုးသားရေး တာဝန်ဖြစ်သော ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့ကို အဓိကထားဆောင်ရွက်ရေးဟူ၍ တပ်မတော်က ထမ်းဆောင်နေသော တာဝန်ကို ဖော်ပြထားခြင်းဖြစ်ပါသည်။ ။

Read 37 times Last modified on Sunday, 24 March 2019 13:39