SJ WorldNews - шаблон joomla Авто

လောကပါလတရားများ ထွန်းကားရေး

Tuesday, 26 March 2019 11:48 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် တောတွင်း ရောက်သွားကြသော တိုင်းရင်းသား အဖွဲ့အစည်းများအား တပ်မတော်က လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်သဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော တိုင်းရင်းသား အဖွဲ့အစည်း များသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် လယ်မြေသစ်များ ဖော်ထုတ်၍ စိုက်ပျိုးမွေးမြူရေး၊ လမ်းတံတား ဆည်မြောင်း ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ရှိသော အခြားလုပ်ငန်းများကို လုပ်ကိုင်ကြရာ နိုင်ငံတော် အစိုးရက ၎င်းလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးထားသည်။

အထူးသဖြင့် အနာဂတ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် မူတည်ရမည့် အခြေခံမူများ ချမှတ်ရန် ကျင်းပသော အမျိုးသား ညီလာခံကြီးသို့ တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်နိုင်သည့် အခွင့်အရေးကို ၁၉၉၂ ခုနှစ်တွင် နိုင်ငံတော် အစိုးရက ဆောင်ကြဉ်းပေးသဖြင့် ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် အမျိုးသားညီလာခံ စတင် ကျင်းပသောအခါ လူထုလူတန်းစား အလွှာစုံမှ ကိုယ်စားလှယ် တစ်ထောင်ကျော် တက်ရောက်သည့်အနက် တိုင်းရင်းသား ကိုယ်စားလှယ်များ အစုအဖွဲ့ ပါဝင်ဆွေးနွေး ဆုံးဖြတ်ခွင့်ရကြသည်။ အမျိုးသားညီလာခံကြီး၌ အခြေခံဥပဒေသစ် ရေးဆွဲရာတွင် ပါဝင်ရမည့် အခန်းလိုက် ခေါင်းစဉ် ၁၅ ခုအတွက် အခြေခံမူများ၊ အသေးစိတ် အခြေခံ ရမည့်မူများကို ညီလာခံ ကိုယ်စားလှယ်များက ဆုံးဖြတ် ချမှတ်ပေးလိုက်ကြသည်။ အမျိုးသား ညီလာခံက ဆုံးဖြတ် ချမှတ်ပေးလိုက်သည့်မူများ နှင့်အညီ ဥပဒေပညာရှင်များက မူကြမ်းရေးဆွဲကြပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရာ ပြည်သူများ၏ ထောက်ခံချက်ဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)သည် ၂ဝ၁ဝ ပြည့်နှစ်တွင် ပြည်သူ့အတွက် ပြည်သူက ရွေးကောက် တင်မြှောက်သော ပြည်သူ့အစိုးရကို မွေးဖွားပေးလိုက်သည်မှာ ယနေ့ဆိုလျှင် ဒုတိယအကြိမ် ပြည်သူ့အစိုးရ သက်တမ်းသို့ ရောက်ရှိ နေလေပြီ။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့ စုပေါင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ယနေ့အချိန်သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ထွန်းကားရေးအတွက် ပါတီစုံဒီမိုကရေစီ စနစ်ဖြင့် ဖော်ဆောင်နေချိန် ဖြစ်သည်။ လောကပါလတရားများ ထွန်းကားရေးသည် ဒီမိုကရေစီ၏ အနှစ်သာရနှင့် တန်ဖိုးမြှင့်တင်ရေးပင် ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၊ လွှတ်တော်များ၊ တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်တို့၏ စည်းလုံးညီညွတ်သော အင်အားဖြင့် စွမ်းဆောင်ကြရမည် ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၆ဝဝ ကျော်ကာလ ရောမခေတ်မှ စတင် ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီသည် ယနေ့ကမ္ဘာ့နိုင်ငံပေါင်း ၂၁၆ နိုင်ငံသို့ ကွက်ပြည့်မလွှမ်းမိုး နိုင်သေးသည်ကို အလေးအနက် ဆန်းစစ်ကြည့်ရန် လိုသည်။ ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်၌သာ တည်နိုင်သကဲ့သို့ ဒီမိုကရေစီသည် လူတို့၏ ကျင့်ဝတ်သီလ စောင့်ထိန်းမှု၊ သမာဓိရှိမှုနှင့် ဥာဏ်ပညာ အမြော်အမြင်ရှိမှုတို့ အပေါ်တွင် မူတည်လျက်ရှိရာ ဒီမိုကရေစီ မြတ်နိုးသူတို့သည် ကဏန်း၊ ပုတ်သင်၊ ကိုင်းပင်၊ လိပ်မျိုး စသည့် စရိုက်ဆိုးများကို အတုယူမမှားကြဖို့ သတိတရား စွဲမြဲထားရပေမည်။ အသိကပျား သတိကဆားဟူသော ဆိုရိုးစကားအတိုင်း သတိလက်လွတ်ဖြစ်ကြသော် လောကပါလ တရားများ ထွန်းကားရေး၏ ဆန့်ကျင်ဘက်သို့ ရောက်သွားသည့် အတွေ့အကြုံများ ရှိခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေကြရာ ဒီမိုကရေစီသည် အဓိကလော၊ ဖက်ဒရယ်သည် ပဓာနလော ဆိုသည်ကို လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတို့၌ အဖြေရှာနေကြသည်။ လေ့လာသူများ၏ အဆိုအရ Federalism ဝေါဟာရသည် ၁၆ ရာစုတွင် ပေါ်ပေါက်လာပြီး ဖက်ဒရယ်စနစ်သည် ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အာဏာခွဲဝေ အုပ်ချုပ်သည့်စနစ် ဖြစ်သည်ဟု ဖော်ပြထားသည်။ တစ်ဖန် ဖက်ဒရယ်စနစ်တွင် တစ်တိုင်းတစ်ပြည်လုံးအတွက် နိုင်ငံတော်အစိုးရ တစ်ရပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ဒေသန္တရ အစိုးရ တစ်ရပ်ဟူ၍ အနည်းဆုံး အစိုးရ နှစ်ရပ်ရှိသည်။ နိုင်ငံတော် အစိုးရနှင့် ဒေသန္တရ အစိုးရတို့၏ ဘဏ္ဍာရေးဆိုင်ရာ အခွင့်အာဏာ အပါအဝင် ဥပဒေပြုရေးကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန် အာမခံပေးကြရာတွင် နိုင်ငံအလိုက် ကွဲပြားခြားနားသည်ဟု ဆိုထားသဖြင့် ပုံသေနည်း မရှိကြောင်း တွေ့ရမည်ဖြစ်ရာ သွေးချင်းညီအစ်ကိုတို့ အပြုံးမပျက် ခရီးဆက်နိုင်ကြရန် အရေးကြီးသည်။

ထို့ကြောင့် (၇၄)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် မဖြစ်မနေ လိုအပ်သော ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ဒို့တာဝန် အရေးသုံးပါးကို အခြေခံသော ငြိမ်းချမ်းရေး မူဝါဒ(၆)ရပ်ဖြင့် တပ်မတော်မှ ခိုင်ခိုင်မာမာ ဆောင်ရွက်ရေး ဟူသော တပ်မတော်၏ သန္နိဋ္ဌာန်ကို ဖော်ပြထားခြင်းသည် လောကပါလ တရားများ ထွန်းကားရေး အတွက် ဖြစ်သည်ဟု မြဝတီက ထပ်ဆင့် ဖော်ပြလိုက်ရပါသည်။ ။

Read 48 times Last modified on Tuesday, 26 March 2019 11:49