SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရုပ်ကိုလည်းတီထွင် စိတ်ကိုလည်းပြုပြင်

Thursday, 04 April 2019 08:56 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ပြည်သူများအတွက် ကျေးလက်နှင့် မြို့ပြဒေသ များတွင်ပါ နေ့စဉ်နှင့်အမျှ အမှိုက်သရိုက်များကို ရှင်းလင်း နေကြရသည်မှာ နံနက် ညနေ အခါမလပ် တွေ့နေကြရသည်။ အမှိုက်အမျိုးမျိုး တို့တွင် အိမ်သုံးပစ္စည်း၊ လူသုံးပစ္စည်း အမျိုးမျိုး ရှိကြလေရာ ပလတ်စတစ်အမှိုက်၊ ဖိုက်ဘာအမှိုက်၊ သတ္တုအမှိုက်၊ ဓာတုအမှိုက်၊ အီလက်ထရွန်နစ်အမှိုက်၊ မှန်နှင့်ဖန်အမှိုက် စသည်ဖြင့် အမျိုးမျိုး ပါဝင်ကြသည်။

ဤသို့ အမှိုက်အမျိုးမျိုးတို့ကို ရှင်းလင်း သုတ်သင်ရသည်မှာ တစ်နေ့၊ တစ်လ၊ တစ်နှစ် စသည်ဖြင့် အကန့်အသတ်မရှိ ဖြစ်ချေသည်။ အမှိုက်သရိုက်တို့ကို အမှုမဲ့အမှတ်မဲ့ ထားလျှင် မသိသာသော်လည်း အချိန်ကြာလာသည် နှင့်အမျှ ထုထည်ကြီးမားလာပြီး လူတို့၏ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာသည်။ ကမ္ဘာ့နိုင်ငံများ၌ အများဆုံး ထွက်ရှိသည့် ထုပ်ပိုးခွံတို့သည် ရေနံထွက် ပစ္စည်းများကို အခြေခံ ထုတ်လုပ်ထားသော ပစ္စည်းများ ဖြစ်သဖြင့် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဆွေးမြည့်မသွားသည်မှာ အလွန်အန္တရာယ်များသည်။ ၎င်းအမှိုက်များ ရှိသောမြေကြီးတွင် ကောက်ပဲသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှု မရှိရုံမျှမက သဘာဝအလျောက် ပေါက်သည့် အပင်များလည်း ရှင်သန်နိုင်မှု မရှိတော့ပေ။

ကုန်းမြေပေါ်တွင် အများအပြား တွေ့ရသော ပလတ်စတစ် အမှိုက်တို့သည် သဘာဝပတ်ဝန်းကျင်ကို အကျိုးမပြု သကဲ့သို့ ပင်လယ်သမုဒ္ဒရာ အတွင်းရှိ ရေနေသတ္တဝါများကို အန္တရာယ်ပေးလျက်ရှိရာ ပင်လယ်လိပ်ကြီး တစ်ကောင်၏ ဝမ်းဗိုက်အတွင်းမှ ပလတ်စတစ်အပိုင်းအစ ကီလို ၄ဝ ကို တွေ့ရှိကြရသည်။ ပလတ်စတစ်ထုပ်ပိုးခွံများ အပါအဝင် စွန့်ပစ်အမှိုက်များကို နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်အောင် စီမံခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိသတ္တဝါတို့ ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်ရန် သုတေသီများက နည်းလမ်း ရှာဖွေခဲ့ကြသည်။

စွန့်ပစ်အမှိုက်များကို စုစည်း၍ ဇီဝဒြပ်ထုလောင်စာသုံး ကာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိထားကြသော်လည်း စီးပွားဖြစ် ထုတ်လုပ်ရန် ခက်ခဲသည်။ စွန့်ပစ် အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရင်နှီးရသည့် ငွေကြေးပမာဏ၊စက်ရုံအတွက် မြေနေရာ၊ စွန့်ပစ်အမှိုက်များကို စုစည်းထားသော နေရာမှ စက်ရုံသို့ စရိတ်များပြားမှု စသည်တို့ကြောင့် ရင်းနှီးမြှုပ်နှံရသည့် ပမာဏနှင့် ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား တန်ဖိုးတို့ကို နှိုင်းယှဉ်သော် တွက်ခြေ မကိုက်ကြောင်း သိရသည်။

၂ဝ၁ဝ ပြည့်လွန် နှစ်များသို့ ရောက်ရှိလာသည့်အခါ အထက်ပါ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး စွန့်ပစ်အမှိုက် မျိုးစုံကို နောက်တစ်ကြိမ် ပြန်လည် အသုံးချနိုင်သော နည်းပညာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူ နိုင်သည့်အပြင် ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစားအစာနှင့် မြေသြဇာအဖြစ် အသုံးပြုနိုင်သည်အထိ တိုးတက်လာသည်။ ထို့ကြောင့် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီဟု ဆိုနိုင်သည်။

မျက်မှောက်ကာလ အသုံးပြုနေကြသော ခေတ်မီအဆင့်မြင့် နည်းပညာသည် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရုံ မျှမက ရေထုညစ်ညမ်းမှုကိုပါ ဓာတုနည်းစဉ်ဖြင့် သန့်စင်ပေးနိုင်ကြောင်း သိရသဖြင့် လူတို့အတွက် ကျန်းမာရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို စိန်ခေါ်နေသော အမှိုက်ပြဿနာကို ရှင်းလင်း ပေးနိုင်သည့်အပြင် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်သော နည်းပညာ တွေ့ရှိ ထားသော်လည်း တစ်ဦးချင်းဝယ်ယူ အသုံးပြုရန် အခက်အခဲရှိ နေသေးကြောင်း သိရသည်။

ရုပ်ဝတ္ထုအမှိုက်များသည် ယခင်က အသုံးမကျတော့သော ပစ္စည်းအဖြစ် သဘောထားကြရာမှ ယခုအချိန်တွင် တိုးတက်လာသော နည်းပညာဆန်းသစ် တီထွင်မှုကြောင့် လူတို့အတွက် အသုံးဝင်သည့် အနေအထား ရောက်အောင် ကြံဆောင် နိုင်ကြသည်မှာ လူတို့၏ စွမ်းအားကြောင့် ဖြစ်သည်။

ဤသို့ အသုံးမကျတော့သော ပစ္စည်းအဟောင်းအပျက်များမှ လူတို့အတွက် အသုံးကျသော ပစ္စည်းဖြစ်အောင် ဖန်တီးနိုင်သော လူတို့၏ စိတ်နေစိတ်ထားနှင့် လောကအမြင်၊ ဘဝအမြင်တို့ကို ပြုပြင်၍ မကောင်းမှုကိုရှောင် ကောင်းမှုကို ဆောင်ကြရန် ဘာသာရေး အဆုံးအမကို သက်ဝင်ယုံကြည် လိုက်နာကျင့်ကြံ အားထုတ်နိုင်အောင် ပညာရှိ သူတော်ကောင်းများက ပြုပြင်လမ်းညွှန်ပေးကြသည်။ မိဘဆရာနှင့် ဆွေမျိုးမိတ်သင်္ဂဟ တို့ကလည်း သွန်သင်ဆုံးမကြသည်။ သို့သော် မိဘကောင်းကား များလှသည်။ သားသမီးကောင်းကား ရှားလှသည် ဟူသော ပညာရှိ ဘိုးရာဇာက အင်းဝဘုရင်မင်းမြတ်အား လျှောက်တင်သည့် စကားကဲ့သို့ ကြားသိတွေ့မြင် နေကြရသည်။

အမှိုက်များကို နေ့စဉ်မရှင်းလျှင် တောင်ပုံရာပုံ ဖြစ်လာသည့်အလား လူတို့၏ စိတ်ကိုလည်း နေ့စဉ်စစ်ဆေး မကြည့်လျှင် ပို၍ပို၍ ရှုပ်ထွေးလာမည်ဖြစ်သည်။ အကောင်းတွေသာ စုပုံနေလျှင်ကား ကောင်းသည်ထက် ကောင်းအောင် သက်ဆိုင်သူ အားလုံးတို့က ဝိုင်းဝန်းကြိုးစားကြရန် ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အပြစ်တွေကိုသာ တွေ့နေရလျှင် အချိန်မီ ပြုပြင်၍ ကောင်းရာကောင်းကျိုးသို့ ဦးတည်စေရန် တည့်မတ် ပေးကြရမည် ဖြစ်သည်။ ကောင်းရာကောင်းကျိုး ပြုပြင်ပေးရာတွင်လည်း အမေမှာသည့် ဆန်တစ်ခွဲ သုံးစိတ်နှင့်မလဲ သူတွေ များနေလျှင် အကျိုးမထူးနိုင်ကြောင်း သတိရှိရန် လိုအပ်လှပေသည်။ ။

Read 104 times Last modified on Thursday, 04 April 2019 09:00