SJ WorldNews - шаблон joomla Авто

တို့ပြည်အင်အား တိုင်းရင်းသား အကြား မထင် ချစ်ခင်

Monday, 08 April 2019 10:35 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ဧပြီ ၃ ရက်တွင် ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်သော ဗီယက်နမ်ပြည် သူ့ ရေတပ်မှ ဖရီးဂိတ်စစ် ရေယာဉ်ပေါ်၌ အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Nguyen Cong Son နှင့် စစ်ရေယာဉ်မှူး အပါအဝင် အရာရှိ၊ စစ်သည်စုစုပေါင်း ၁၃ဝ ဦးတို့သည်  ဧပြီ ၆ ရက်အထိ လေ့လာ လည်ပတ်ကြပြီး  ပြန်လည်ထွက်ခွာသွားကြသည်။ ဗီယက်နမ်နိုင်ငံသည် စစ်အေးလွန်ကာလ အင်ဒိုချိုင်းနားစစ်ပွဲဒဏ် ကိုခံစားရပြီး ၁၉၅၄ ခုနှစ်တွင် ပြင်သစ်တို့အား ဒိန်ဘင်ဖူးတိုက်ပွဲဆင်နွှဲ၍ တိုက်ထုတ် အောင်ပွဲခံနိုင်ခဲ့သည်။

သို့သော် ဝါဒရေးစစ်ပွဲကြောင့် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက်နမ်နှစ်ပိုင်းကွဲ သွားသည်မှစ၍ အိမ်ကြက်ချင်း အိုးမဲသုတ် အတိုက်ခံရသောဒဏ်ကို အကြီးအကျယ်ခံကြရပြန်သည်မှာ ၁၉၇၆ ခုနှစ်မှ ပြန်လည်ပေါင်းစည်းနိုင်ကြသည်။ ဗီယက်နမ်စစ်ပွဲတွင် ပြည်သူ သုံးသိန်းခန့် သေဆုံးကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများမှာ မြောက်ဘက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံ၊ အရှေ့ဘက်နှင့်တောင်ဘက်တွင် တောင်တရုတ်ပင်လယ် တည်ရှိသည်။ ဗီယက်နမ်နိုင်ငံ အတွင်း နေထိုင်ကြသူများမှာ ဗီယက်နမ်လူမျိုး ၈၅ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၃ ရာခိုင်နှုန်းနှင့် အခြားလူမျိုးများမှာ   မောင်လူမျိုး၊ တိုင်လူမျိုး၊ မြိုလူမျိုး၊ ခမာလူမျိုး၊ မန်းလူမျိုးနှင့် ချမ်းလူမျိုးတို့ဖြစ်သည်။ ယုံကြည်ကိုးကွယ်မှုအနေဖြင့်  ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ကြပြီး ရိုမန်ကက်သလစ်နှင့် တိုင်းရင်းသားရိုးရာ ယုံကြည်သည့် ဘာသာများကိုလည်း  ကိုးကွယ် ကြကြောင်း သိရသည်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး စစ်ပွဲနှင့်ဝါဒရေး စစ်ပွဲတို့ကြောင့်  အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံး ခဲ့ရသော ဗီယက်နမ်ပြည်သူတို့သည် ယနေ့အချိန်တွင် ပြန်လည်ပေါင်းစည်း နိုင်ကြပြီဖြစ်သော်လည်း နှစ်ခါကွဲ သည့်အသည်း မနာဘဲနေကြမည်မဟုတ်ပေ။ သို့သော် အတိတ်ကာလက အဖြစ်အပျက်များအတွက်  မည်သူ့ကိုမျှ လက်ညှိုး မထိုးဘဲ ပစ္စုပ္ပန်ကာလမှာ လုပ်စရာရှိသည်ကို ညီညီညွတ်ညွတ်ဖြင့် လုပ်ကိုင်ကြခြင်းကြောင့်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကောင်းလျက်ရှိသည်။ အာဆီယံနိုင်ငံများ၏ ၂ဝ၁၇ ခုနှစ် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ထရီလီယံချီ၍ ရရှိမှုတွင် စင်ကာပူနိုင်ငံက ၅၆၁ ဒသမ ၄၊ ထိုင်းနိုင်ငံက ၃၁ဝ ဒသမ ၃၊ ဗီယက်နမ်နိုင်ငံက  ၂၂၇ ဒသမ ၃၊ မလေးရှားနိုင်ငံက ၂၂၄ ဒသမ ၆ ဖြင့် အစဉ်အတိုင်းရပ်တည်နေကြပြီး မြန်မာနိုင်ငံက ၁၃ ဒသမ ၃  ရှိကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ဝါဒရေးရာကွဲပြားမှုနှင့်တိုင်းရင်းသားရေးရာအမြင်လွဲမှားမှုများကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဥပဒေ ဘောင် အတွင်းမှ ဖြေရှင်း ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း ကို အခြေခံပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့က ဆောင်ရွက်နေကြသည်။

ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်ကပါဝင်ဆောင်ရွက်ရာတွင်  လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်း ဆွေးနွေး ဆောင်ရွက် နိုင်ကြရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်အထိ တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားပြီးဖြစ်သည်။

ဤကာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးမြို့၌  လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်း ထံသို့ ဧပြီ ၂ ရက် နံနက် ၇ နာရီခန့်တွင် KIA အဖွဲ့ဝင်လေးဦးသည် သေနတ်လေးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်း များဖြင့် လည်းကောင်း၊ TNLA  အဖွဲ့ဝင်နှစ်ဦးသည် လက်နက်မဲ့ဖြင့်လည်းကောင်း ဥပဒေဘောင် အတွင်း ဝင်ရောက်လာ ကြသည်။ ဥပဒေဘောင် အတွင်း ဝင်ရောက်လာကြသူများသည် KIA  နှင့် TNLA အဖွဲ့တို့၏ ရပ်တည် ချက်၊ ယုံကြည်ချက်၊ ခံယူချက်နှင့် ဆောင်ရွက်ချက်အမှားများကို သိရှိနားလည်လာကြပြီး မိမိတို့၏ အနာဂတ်အတွက် တည်ငြိမ် အေးချမ်းစွာ ဖြတ်သန်းလိုခြင်း၊ ထိုအဖွဲ့များသို့ ဝင်ရောက်စဉ်ကလည်း အတင်းအဓမ္မ လူသစ် စုဆောင်း ခံရခြင်း ကြောင့်ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းအားဖြင့် မိမိတို့၏ ဘဝအာမခံချက် ရရှိနိုင်မှု တို့ကို နားလည်ခြင်း တို့ကြောင့် ယခုကဲ့သို့ ဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရသည်။

မည်သည့် အကြောင်းကြောင့်   မည်သည့်အဖွဲ့အစည်းသို့ ရောက်သွားသည်ဖြစ်စေ သိပ္ပံပညာရှင်အဲလ်ဘတ် အိုင်စတိုင်း (၁၈၇၉-၁၉၅၅) ၏အဆိုအမိန့်များမှ နိုင်ငံ၏ တောင်းဆိုချက်ပင်ဖြစ်လင့်ကစား အသိတရားကိုဆန့်ကျင်ပြီး ဘယ်သော အခါမှ မပြုလုပ်လေနှင့် (Never do anything against conscience even  if the state  demands it) ဟူသောစကား သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးအတွက် အကျုံးဝင်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုကို တိုင်းရင်းသားများဖြင့် တည်ဆောက် ထားခြင်းဖြစ်ရာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို စောနိုင်သမျှ စောစော တည်ဆောက်ကြလျှင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ကျွဲကူးရေပါဖြစ်မည်ဟု မြဝတီက အကြံပြု တိုက်တွန်း လိုက်ရပါသည်။   

 

 

Read 10 times Last modified on Monday, 08 April 2019 10:44