SJ WorldNews - шаблон joomla Авто

တို့ပြည်အင်အား တိုင်းရင်းသား အကြားမထင် ချစ်ခင်

Monday, 08 April 2019 12:47 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ဧပြီ ၃ ရက်တွင် ချစ်ကြည်ရေး ခရီးလာရောက် လည်ပတ်သော ဗီယက်နမ်ပြည်သူ့ရေတပ်မှ ဖရီးဂိတ် စစ်ရေယာဉ်ပေါ်၌ အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Nguyen Cong Son နှင့် စစ်ရေယာဉ်မှူး အပါအဝင် အရာရှိ၊ စစ်သည် စုစုပေါင်း ၁၃ဝ ဦးတို့သည် ဧပြီ ၆ ရက်အထိ လေ့လာ လည်ပတ်ကြပြီး ပြန်လည် ထွက်ခွာသွားကြသည်။ ဗီယက်နမ် နိုင်ငံသည် စစ်အေးလွန်ကာလ အင်ဒိုချိုင်းနား စစ်ပွဲဒဏ် ကို ခံစားရပြီး ၁၉၅၄ ခုနှစ်တွင် ပြင်သစ်တို့အား ဒိန်ဘင်ဖူးတိုက်ပွဲ ဆင်နွှဲ၍ တိုက်ထုတ် အောင်ပွဲခံနိုင်ခဲ့သည်။

သို့သော် ဝါဒရေး စစ်ပွဲကြောင့် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက်နမ် နှစ်ပိုင်း ကွဲသွားသည်မှစ၍ အိမ်ကြက်ချင်း အိုးမဲသုတ် အတိုက်ခံရသော ဒဏ်ကို အကြီးအကျယ် ခံကြရပြန်သည်မှာ ၁၉၇၆ ခုနှစ်မှ ပြန်လည် ပေါင်းစည်းနိုင်ကြ သည်။ ဗီယက်နမ်စစ်ပွဲတွင် ပြည်သူ သုံးသိန်းခန့် သေဆုံးကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများမှာ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်ဘက်တွင် လာအိုနှင့်ကမ္ဘောဒီးယား နိုင်ငံ၊ အရှေ့ဘက်နှင့်တောင်ဘက်တွင် တောင်တရုတ်ပင်လယ် တည်ရှိသည်။ ဗီယက်နမ်နိုင်ငံ

အတွင်း နေထိုင်ကြသူများမှာ ဗီယက်နမ်လူမျိုး ၈၅ ရာခိုင်နှုန်း၊ တရုတ်လူမျိုး ၃ ရာခိုင်နှုန်းနှင့် အခြားလူမျိုးများမှာ မောင်လူမျိုး၊ တိုင်လူမျိုး၊ မြိုလူမျိုး၊ ခမာလူမျိုး၊ မန်းလူမျိုးနှင့် ချမ်းလူမျိုးတို့ ဖြစ်သည်။ ယုံကြည်ကိုးကွယ်မှု အနေဖြင့် ဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ကြပြီး ရိုမန်ကက်သလစ်နှင့် တိုင်းရင်းသားရိုးရာ ယုံကြည်သည့် ဘာသာများကိုလည်း ကိုးကွယ်ကြကြောင်း သိရသည်။ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး စစ်ပွဲနှင့်ဝါဒရေး စစ်ပွဲတို့ကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးခဲ့ရသော ဗီယက်နမ်ပြည်သူတို့သည် ယနေ့အချိန်တွင် ပြန်လည် ပေါင်းစည်းနိုင်ကြပြီ ဖြစ်သော်လည်း နှစ်ခါကွဲသည့်အသည်း မနာဘဲနေကြမည် မဟုတ်ပေ။ သို့သော် အတိတ်ကာလက အဖြစ်အပျက် များအတွက် မည်သူ့ကိုမျှ လက်ညှိုးမထိုးဘဲ ပစ္စုပ္ပန်ကာလမှာ လုပ်စရာရှိသည်ကို ညီညီညွတ်ညွတ်ဖြင့် လုပ်ကိုင်ကြ ခြင်းကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကောင်းလျက်ရှိသည်။ အာဆီယံနိုင်ငံများ၏ ၂ဝ၁၇ ခုနှစ် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ထရီလီယံချီ၍ ရရှိမှုတွင် စင်ကာပူနိုင်ငံက ၅၆၁ ဒသမ ၄၊ ထိုင်းနိုင်ငံက ၃၁ဝ ဒသမ ၃၊ ဗီယက်နမ်နိုင်ငံက ၂၂၇ ဒသမ ၃၊ မလေးရှားနိုင်ငံက ၂၂၄ ဒသမ ၆ ဖြင့် အစဉ်အတိုင်း ရပ်တည်နေကြပြီး မြန်မာနိုင်ငံက ၁၃ ဒသမ ၃ ရှိကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဝါဒရေးရာ ကွဲပြားမှုနှင့် တိုင်းရင်းသားရေးရာ အမြင်လွဲမှားမှုများကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)

လမ်းကြောင်းကို အခြေခံပြီး နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့က ဆောင်ရွက်နေကြသည်။

ထာဝရ ငြိမ်းချမ်းရေးအတွက် တပ်မတော်က ပါဝင်ဆောင်ရွက်ရာတွင် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း ဆွေးနွေး ဆောင်ရွက်နိုင်ကြရန် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်အထိ တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားပြီး ဖြစ်သည်။

ဤကာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးမြို့၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းထံသို့ ဧပြီ ၂ ရက် နံနက် ၇ နာရီခန့်တွင် KIA အဖွဲ့ဝင်လေးဦးသည် သေနတ်လေးလက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများဖြင့် လည်းကောင်း၊TNLA အဖွဲ့ဝင် နှစ်ဦးသည် လက်နက်မဲ့ဖြင့် လည်းကောင်း ဥပဒေဘောင် အတွင်း ဝင်ရောက်လာကြသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများသည် KIA နှင့် TNLA အဖွဲ့တို့၏ ရပ်တည်ချက်၊ ယုံကြည်ချက်၊ ခံယူချက်နှင့် ဆောင်ရွက်ချက် အမှားများကို သိရှိနားလည်လာကြပြီး မိမိတို့၏ အနာဂတ်အတွက် တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းလိုခြင်း၊ ၎င်းအဖွဲ့များသို့ ဝင်ရောက်စဉ်ကလည်း အတင်းအဓမ္မ လူသစ် စုဆောင်းခံရခြင်းကြောင့် ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းအားဖြင့် မိမိတို့၏ ဘဝအာမခံချက် ရရှိနိုင်မှု တို့ကို နားလည်ခြင်း တို့ကြောင့် ယခုကဲ့သို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မည်သည့် အကြောင်းကြောင့် မည်သည့်အဖွဲ့အစည်းသို့ ရောက်သွားသည်ဖြစ်စေ သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်စတိုင်း (၁၈၇၉-၁၉၅၅) ၏ အဆိုအမိန့်များမှ နိုင်ငံ၏ တောင်းဆိုချက်ပင် ဖြစ်လင့်ကစား အသိတရားကို ဆန့်ကျင်ပြီး ဘယ်သောအခါမှ မပြုလုပ်လေနှင့် (Never do anything against conscience even if the state demands it) ဟူသော စကားသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးအတွက် အကျုံးဝင်မည် ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုကို တိုင်းရင်းသားများဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို စောနိုင်သမျှ စောစောတည်ဆောက်ကြလျှင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ကျွဲကူးရေပါ ဖြစ်မည်ဟု မြဝတီက အကြံပြု တိုက်တွန်း လိုက်ရပါသည်။ ။

Read 23 times Last modified on Monday, 08 April 2019 12:49