SJ WorldNews - шаблон joomla Авто

ငှက်သွင်ပျံကြွ မတတ်သောဝ်

Wednesday, 10 April 2019 09:13 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁ဝ ရက်)

ဥသြငှက်တွေတွန်သံကျူးသောတန်ခူးလရာသီတွင် ပင်ယံထက်မှ မြေသို့သက်သော ရွက်ဝါတို့ လေမှာဝဲသည်ကိုမြင်ရ လေတိုင်း ရတုဘုရင်နတ်ရှင်နောင်၏ ပေါ်နွေလလျှင်စချီ သောကဗျာကို သတိရရင်း မွေးရပ်မြေသို့ လွမ်းစိတ်တွေ ဝေမိသည်။ တစ်ယောက်တစ်နယ်ဆီမှာ ရောက်နေကြသော ဆွေမျိုးမိတ်သင်္ဂဟများ နွေးထွေးစွာ ပြန်လည် ဆုံစည်းကြ သည်မှာ  ဤတန်ခူးလပင်ဖြစ်သည်။ လုပ်ငန်းခွင်ဝင်ရန် ရေးဖြေစာမေးပွဲအောင်သော လူငယ်တစ်ဦးအား  လူတွေ့စစ်ဆေးစဉ် ဆယ့်နှစ်လရာသီပွဲများမှ မည်သည့်ပွဲကိုအနှစ်သက်ဆုံးလဲဟု မေးသောအခါ သင်္ကြန်ပွဲဟုဖြေ သွားသည်။ နှစ်သစ်ကူးသောတန်ခူးလသင်္ကြန်ပွဲကို လူငယ်တွေ ဤမျှအထိနှစ်သက်ပျော်ရွှင်ကြသည်မှာ အဆန်းမဟုတ် သကဲ့သို့ အရွယ်လတ်ပိုင်းနှင့်အရွယ်ကြီး သူများကလည်း ကုသိုလ်ပြုကြသည့်ထူးခြားသောကာလဖြစ်သဖြင့် ဇာတိရပ် ရွာသို့ မှန်းဆ တမ်းတရင်း  လွမ်းရသူတွေရှိကြသည်။ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးကြသော  လုပ်ငန်း ဌာနများကလည်း ခရီးသွားပြည်သူများအဆင်ပြေစေရန် အထူးစီစဉ်ပေးထားသော သတင်းများကို ကြားသိရသည်မှာ ဝမ်းမြောက် ဖွယ်ဖြစ်သည်။

ယခင်က သင်္ကြန်ပွဲတော်သည် ရေကစားမဏ္ဍပ်များ၊ ရေပက်ခံထွက်သူများသာရှိကြရာမှ ကာလရွေ့လျော လာသောအခါ လမ်းလျှောက် သင်္ကြန်ယဉ်ကျေးမှုသို့ တစ်ဆင့်တိုးတက်လာပြီး ယခုနှစ်တွင် သနပ်ခါးသင်္ကြန်ပွဲဆင်နွှဲကြသည်အထိ ဒုတိယအဆင့် တိုးတက်လာပြီဖြစသည်။ ဘုရားဖူးရင်း လိပ်ဥတူးရင်း ဒေသန္တရဗဟုသုတရှာဖွေလေ့လာရန် နေရာသစ် များကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း တွေ့ရသည်။ သင်္ကြန်ကာလတွင် စည်ကားမြဲဖြစ် သော ဒေသရှိ မြို့ကြီးများကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် ကြံဆောင်ဖန်တီးထားကြသည်မှာ ထူးထူးခြားခြား ရှိလှသည်။ ရေထဲမှာ ပျော်မလား၊ ကုန်းပေါ်မှာပျော်မလား၊ လေမှာဝဲ၍ ပျော်မလား နှစ်သက်ရာပျော်ရွှင်နိုင်ရန် ဒေသအလိုက် စီစဉ် ထားကြသည်။ ပျော်စရာရွှင်စရာတွေက ဘဝင်မှာမငြီးနိုင်သလို သွားလမ်းလာလမ်းသာသောကြောင့်  ခရီးကလည်း နီးသည်ဟု ဆိုရလောက်အောင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ ရထားလမ်း၊ ကားလမ်းများကို နိုင်ငံတော် တစ်နံတစ်လျား ဖောက်လုပ်ထားပြီးဖြစ်သဖြင့် တောင်ပေါ်မှမြေပြန့်၊ မြေပြန့်မှတောင်ပေါ်သို့ သွားလာရေးလွယ်ကူသည်။ ကျေးလက်မှ မြို့ပြ၊ မြို့ပြမှ ကျေးလက်သို့သွား၍ စိမ့်စမ်းရေတံခွန် တောစခန်းများ၌ အမောအပန်းဖြေရင်း သက်ရှိ၊ သက်မဲ့တို့ သဘာဝ ကို လေ့လာနိုင်ကြသည်။

တောနှင့်ရဂုံ စုံနှင့်ဂနိုင်သို့ ရောက်ချိန်တွင် ဆယ်လ်ဖီဝါသနာအိုးတို့ အမျိုးမျိုးအနေအထား ဖြင့် အစီအရီတိုးဝှေ့ကြရာတွင် ခြေချော်လက်ချော်မဖြစ်အောင် သတိဆောင်ကြရပေမည်။

မိမိတို့ခရီးစဉ်သည် မြေပြန့်ဖြစ်စေ၊ တောင်ပေါ်ဖြစ်စေ လမ်းအနေအထားမှာ ၁၈ဝ ဒီဂရီမြေပြင်ညီ၌ တစ်ဖြောင့်တည်း လမ်းမဟုတ်သည်ကို ယာဉ်မောင်းသူများ အထူးသတိထား ကြရန် လိုသည်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာလမ်းအတိုင်း ရန်ကုန်မှပြင်ဦးလွင်သို့မောင်းလာသော ဘုရားဖူးခရီးသည်တင် မှန်လုံယာဉ်သည် ဧပြီ ၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က  ပွဲကောက်ရေတံခွန်တံတား အဆင်းရောက်သောအခါ ဘရိတ်ပေါက်ပြီး   လမ်းဘေးရှိ ချောင်းထဲသို့ ကားဦးခေါင်းပိုင်းထိုးကျသွားသဖြင့် ယာဉ်မောင်းမှာ စိုးရိမ်ရသောဒဏ်ရာဖြင့် ပြင်ဦးလွင် ပြည်သူ့ ဆေးရုံသို့ တက်ရောက် ကုသမှုခံယူနေသည်။ ယာဉ်ပေါ်တွင် ခရီးသည်အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၁၁ ဦးတို့လိုက်ပါလာကြရာ ခရီးသည်များထိခိုက်ဒဏ်ရာမရဘဲ အန္တရာယ်ကင်းကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နွယ်ခွေကျေးရွာမှအောင်ပါရမီတောရ ကျောင်း၏ ကျောင်းထိုင်ဘုန်းကြီး အပ်ပွဲသို့ သွားရောက်မည့် ဒါယကာ၊ ဒါယိကာမများ လိုက်ပါလာသောလိုက်ထရပ်ယာဉ်တစ်စီးသည် မကွေးတိုင်း ဒေသကြီးမြိုင်မြို့နယ် အတွင်း၌ ပုသိမ်- မုံရွာ ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ဧပြီ ၇ ရက် နံနက် ၅ နာရီခွဲခန့်တွင်  မိုင်တိုင်အမှတ် (၄၁၆/၇)နှင့် (၄၁၇/ဝ)ကြားရောက်ရှိစဉ် လမ်းချိုးကွေ့နေသည့် ဆီဘောက်ဆာယာဉ်ကို  အရှိန်လွန်ပြီး  နောက်မှ ဝင်တိုက်မိသည်။ ဆီဘောက်ဆာယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းမှားသည် အထင်ဖြင့် ကားခေါင်းပြန်လည် ချိုးကွေ့ရာ လမ်းလယ်တွင် ကန့်လန့်ဖြတ် အနေအထားနေစဉ် လိုက်ထရပ်ကားက နောက်မှ ဝင်တိုက်မိခြင်းဖြစ်သည်။ ဖြစ်စဉ်ကြောင့် လိုက်ထရပ်ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည် ၂၉ ဦးအနက် အမျိုးသမီးရှစ်ဦး သေဆုံးပြီး ယာဉ်မောင်းပါ အမျိုးသားရှစ်ဦးနှင့်အမျိုးသမီး ၁၃ ဦးတို့ ဒဏ်ရာရရှိသဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးနှင့် ပခုက္ကူပြည်သူ့ ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် သင်္ကြန်ကာလတွင် ဆိုင်ကယ်အပါအဝင် လမ်းများပေါ်တွင်  ယခုထက်ပိုမိုများပြားကြ မည်ဖြစ်ရာ အန္တရာယ် မဖြစ် စေရန် သတိထားကြရမည်ဖြစ်သည်။ လွမ်းစိတ်တွေ ဝေ၍သော်လည်းကောင်း၊  ပျော်လိုစိတ်၏ လှုံ့ဆော်မှုကြောင့် သော်လည်းကောင်း လမ်းခရီး ဖင့်နွှဲသည်ကိုသည်းမခံနိုင်ဘဲ အမြန်ရောက်လိုသူတို့အဖို့  ပေါ်နွေလလျှင်ကဗျာအဆုံးမှ

''တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်၊ ငှက်သွင်ပျံကြွမတတ်သောဝ်'' ဟူသော  ကဗျာအဖွဲ့ ကဲ့သို့ ဆန္ဒရှိကြမည်ဖြစ် သော်လည်း ဘေးအန္တရာယ်ကင်းရှင်းကြရန်လိုကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   

 

         

 

Read 12 times Last modified on Wednesday, 10 April 2019 09:24