SJ WorldNews - шаблон joomla Авто

အေးမြကြည်လင် အတာ ရေသဘင်

Thursday, 11 April 2019 09:38 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက်)

ကောဇာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက်သည် မြန်မာ့ရိုးရာသင်္ကြန် ပွဲတော်အကြိုနေ့ဖြစ်ပြီး လဆန်း ၁ဝ ရက်သည် သင်္ကြန်အကျ၊ လဆန်း ၁၁ ရက်သည် သင်္ကြန်အကြတ်၊ လဆန်း ၁၂ ရက်သည် သင်္ကြန်အတက်ဖြစ်သည်။ တန်ခူးလဆန်း ၁၃ ရက်တွင် ၁၃၈ဝ ပြည့်နှစ်ကိုနှုတ်ဆက်၍ ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းရောက်ရှိမည်ဖြစ်သည်။

ငွေဖလားနှင့်ရေကစားခြင်း၊ သပြေခက်နှင့်ရေပက်ခြင်းတို့သည် တစ်ဦးကိုတစ်ဦးမေတ္တာထား၍ ရေကိုသားသော်လည်း အကြားမထင် သကဲ့သို့ စည်းလုံးညီညွတ်သည့် အဓိပ္ပာယ်ကိုဆောင်ပြီး အေးမြကြည်လင်ကြစေ လိုသောစေတနာကို ဖော်ညွှန်းသည်။ နှစ်ဟောင်းက အညစ်အကြေးများကို အတာရေဖြင့်ဆေးကြောပြီး မင်္ဂလာရှိသောနှစ်သစ်သို့ ကူးပြောင်း ရန်  နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို ပုဂံခေတ်မှစ၍ မြန်မာတို့အစဉ်အဆက်ခြိမ့်ခြိမ့်သဲသဲ ကျင်းပမြဲကျင်းပ လာကြခြင်း ဖြစ်သည်။ တစ်ဦးအပေါ် တစ်ဦးမေတ္တာ စေတနာထား၍ ရင်းနှီးခင်မင်မှုကိုရှေးရှုသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန် ပွဲတော်တွင် လူတိုင်းပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်ကို ဆရာဇော်ဂျီက ''တစ်ခုသော သင်္ကြန်ခါ'' ကဗျာဖြင့် ဖော်ညွှန်းထားသည်။

ကဗျာထဲမှကောက်နုတ်ဖော်ပြရသော် ''နှစ်သစ်ကူးတဲ့၊ တန်ခူးခါမှာ၊ ဒါနက တဝေဝေ၊ ရေတွေက တရွှဲရွှဲ၊  ပျော်ပွဲက တဝင့်ဝင့်၊  ကဲလို့သာဆင့်ရော့၊ အရွယ်သင့်အရွယ်ငယ်၊  မြန်မာတွေ ထည်လိုက်ကြ၊ ဘယ်မြေဟာစေတီပေါမယ်လဲ့၊ ဘယ်ပြေဟာအပျော်ကျောမယ်လဲ့၊ စိတ်ဇောမြန် ဗမာမှာဖြင့်၊ သံသရာဂရုထားသူမို့၊ ပါးလိုက်ကြပျော်ပျော်သာ၊ အခါကနှစ်ဆန်း'' ဟု ရေးဖွဲ့ ထားသည်။

မြတ်နိုးဖွယ်ရာမြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို အကျနေ့မှစ၍အတက်နေ့အထိ သီတာရေ ပက်ဖျန်းကြရာတွင် မြန်မာနိုင်ငံ သားများ သာမက ပြည်ပမှ ဧည့်သည်များ၊ နိုင်ငံခြားမှသံတမန်များ ပါဝင်ဆင်နွှဲကြသည်မှာ မြန်မာတို့အဖို့ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်းကောင်း၊ မြို့ကြီးမြို့ငယ်အနယ်နယ် အရပ်ရပ်ပြုအပ် သော စတုဒိသာ ကျွေးမွေးသည့်သဒ္ဓါတရားသည်လည်းကောင်း မြန်မာတို့၏စိတ်စေတနာကို ဖော်ညွှန်း

လျက်ရှိခြင်းကြောင့် ဒါနက တဝေဝေ၊ ရေတွေက တရွှဲရွှဲဟု ကဗျာရှင်ကဖော်ညွှန်းထားသည်။

စတုဒိသာဒါနပြုကြရာတွင် လူတိုင်းရင်မှာအေးမြစေရန် ရွှေရင်အေး၊ ကံကောင်းအခွင့်အလမ်းကောင်းပေါ်ထွန်းစေရန် မုန့်လုံးရေပေါ်၊ ကြာကြာစံရစေရန် ကြာဆံစသည့်စားသောက်ဖွယ် အမျိုးမျိုးတို့ကို ကျွေးမွေးကြသည်။

ဘယ်မြေမှာစေတီပေါမယ်လဲ့၊ ဘယ်ပြေဟာအပျော်ကျောမယ်လဲ့ဟူသော ဝင့်ကြွားလောက်အောင် ဘုရားစေတီ ပေါများသော မြန်မာနိုင်ငံ အနှံ့အပြားသို့ ဘုရားဖူး သွားကြရာတွင်လည်းကောင်း၊ ရေပက်ခံထွက်ကြရာတွင် လည်းကောင်း၊ ယာဉ်မောင်းသူများ လိုက်နာကြရန် ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည့် အတိုင်း လိုက်နာ ကြရန် လိုသည်။ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်မှာ  မူးယစ်သောက်စား၍ ယာဉ်မောင်းနှင် ခြင်းမပြုရ။ အပျော်လွန်ကျူးစည်းကမ်းမဲ့ပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းမောင်း ခြင်းမပြုရ။ ယာဉ်နံပါတ်ပြားမပါဘဲမောင်းနှင်ခြင်းမပြုရ။ ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရ။ ဖျက်သိမ်းထားသော ယာဉ်အိုယာဉ်ဟောင်းများနှင့် ပြုပြင်ဆဲယာဉ်များအား မောင်းနှင်ခြင်းမပြုရ။ ယာဉ်ကြောပြောင်းပြန် စီးနင်းမောင်းနှင်ခြင်းမပြုရ။

ထော်လာဂျီကဲ့သို့ အနှေးယာဉ်များကိုအသုံးပြု၍ ရေကစားခြင်းမပြုရ။ မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာစီးခြင်း၊ နံပါတ်မမြင်အောင် တွန့်ခေါက်၍စီးခြင်း၊ ရှေ့/နောက်နံပါတ်ပြား မပါဘဲစီးခြင်း၊ နှစ်ဦးထက်ပို၍စီးခြင်း၊ ဆိုင်ကယ်ဦးထုပ်မပါဘဲစီးခြင်းများမပြုရ။ သံစုံဟွန်းများ တပ်ဆင်ကာ အသုံးမပြုရ။ မော်တော် ယာဉ်များတွင် ညစ်ညမ်းသောစာသားများ၊ ဆိုင်းဘုတ်၊ ပန်းချီ၊ ရုပ်ပုံ၊ အခြားမသင့်လျော်သော ပစ္စည်းများ ရေးသားချိတ်ဆွဲ၍ မောင်းနှင်ခြင်း မပြုရတို့ဖြစ်သည်။

အထက်ပါကြေညာချက်နှင့် တစ်ဆက်တည်းဖော်ပြထားသည်မှာ ၂ဝ၁၈ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း တစ်နိုင်ငံလုံး အနေဖြင့် ယာဉ်မတော်တဆမှု ၃၅ဝ ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၆၉ဝ ဦး၊ သေဆုံးသူ ၁၃၃ ဦးရှိခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ် ကင်းဝေးစေရန် သတိထားကြရမည်ဖြစ်သကဲ့သို့ အပျော်လွန်လျှင် မသင့်မလျော် ဆုံးရှုံးနစ်နာခြင်း၊ အကျီစားသန်လျှင် ရန်ဖြစ်ရတတ်ခြင်း၊ တစ်ဦးကိုတစ်ဦးနားလည်မှု မထားကြလျှင် ဓားဆွဲတုတ်ဆွဲ ရုတ်ရုတ်သဲသဲဖြစ်သဖြင့် ပွဲပျက်တတ်ခြင်း စသည့်မလိုလားအပ်သောပြဿနာများမဖြစ်အောင် တာဝန်ရှိသူတို့က ထိန်းသိမ်း ကြရန်လိုသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း အသိစိတ်ဓာတ်ရှိကြရန်လိုသည်။ သို့မှသာ မြတ်နိုးဖွယ်ရာ မြန်မာတို့ အစဉ်အလာ အေးမြကြည်လင် အတာရေသဘင်ပီပြင်မည်ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။    

Read 56 times Last modified on Thursday, 11 April 2019 09:45