SJ WorldNews - шаблон joomla Авто

သာသနာ့အမွေခံ နှစ်ကူးသင်္ကြန်

Friday, 12 April 2019 10:15 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁၂ ရက်)

မြန်မာနှစ်သစ်ကူးအချိန်အခါတွင် ဗုဒ္ဓဘာသာမြန်မာတို့၏ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများအရ ကောင်းမှုကုသိုလ် အမျိုးမျိုးပြုကြရာတွင် ရဟန်းခံရှင်ပြု အလှူမင်္ဂလာ အခမ်းအနားမှာ ထူးခြားထင်ရှားသည့် ကုသိုလ်တော် တစ်ခုဖြစ်သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်၊ သာမဏေရ ပဗ္ဗဇ္ဇမင်္ဂလာ အခမ်းအနားများကို ဧပြီ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ရေဆင်း ကန်ဦးကျောင်းတိုက်၊ ရတနာစံပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်နှင့် မဟာဝိဇိတာရုံ သာသနာ့ဝန်ဆောင် ကျောင်းတိုက်တို့၌ ကျင်းပသည်။ ရှေးဦးစွာ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မိသားစု သတ္တမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာတွင် ပါဝင်သော ဒုလ္လဘ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား မော်တော်ယာဉ်များဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းရှိ နဝဒေးခန်းမမှ အိမ်ထောင်သည် လိုင်းများအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်ပြီး ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးသို့ ပို့ဆောင်ကာ စေတီတော်မြတ်ကြီးအား ဒေဝါဝင်း၊ရာဇာဝင်းများ၊ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် များဖြင့် လက်ယာရစ် လှည့်လည်၍ ဖူးမြော်ကြည်ညိုကြသည်။

ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး သာမဏေရပဗ္ဗဇ္ဇ မင်္ဂလာ အခမ်းအနားများ ပြုလုပ်ကြရာ ရေဆင်းကန်ဦးကျောင်းတိုက်တွင် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ''ရွှေကျင်''၊ ကန်ဦးကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဝိလာသ အမှူးပြုသော ဆရာတော် သံဃာတော်များက ဒုလ္လဘရဟန်းလောင်း ၄၆ ဦးနှင့် ရှင်သာမဏေလောင်း ၅၄ ဦးတို့အား ကေသစ္ဆေဒနဆံချခြင်း မင်္ဂလာပြုလုပ်ပေးသည်။

ထို့အတူ ပျဉ်းမနားမြို့  ရတနာစံပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်နှင့် မဟာဝိဇိတာရုံ ကျောင်းတိုက်တို့တွင်လည်း ဒုလ္လဘရဟန်းလောင်း ၂၄၄ ပါးတို့အား ကေသစ္ဆေဒနဆံချခြင်း မင်္ဂလာ အခမ်းအနားများပြုလုပ်ကြသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကျောင်းတိုက်များ အသီးသီးတွင် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ မွန်းလွဲပိုင်းတွင် ဒုလ္လဘရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား ကာသာယစ္ဆာဒန သင်္ကန်းဝတ်ခြင်း၊ သာရဏဒါန သရဏဂုံပေးခြင်း မင်္ဂလာများနှင့် ဥပသမ္ပဒသိမ်ဝင်ခြင်း မင်္ဂလာတို့အား သာသနာတော်လာ ထုံးတမ်းအစဉ်အလာများနှင့် အညီ အစီအစဉ်အတိုင်း ပြုလုပ်ကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ သတ္တမအကြိမ် စုပေါင်း ရဟန်းခံရှင်ပြု အလှူတော် အောင်ပွဲမင်္ဂလာ ကုသိုလ်တော် အခမ်းအနားကို ဧပြီ ၁ဝ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ် အပေါင်းတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမရှေ့ ဥပစာ၌ အဘိဓဇမဟာရဋ္ဌဂုရု မဟာဝိဇိတာရုံ ဆရာတော်ကြီး အမှူးပြုသော ပင့်သံဃာ ၁၈ ပါးနှင့် ဒုလ္လဘရဟန်း ၂၉ဝ ပါး၊ ရှင်သာမဏေ ၅၄ ပါးတို့အား လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။ ယင်းနောက် ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်များ၊ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ နေ့ဆွမ်းဆက်ကပ် လှူဒါန်းမှုအပြီးတွင် ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။

ထို့နောက်  ရဟန်းခံရှင်ပြု အလှူတော်အောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနား ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်

အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြည်ညို၍ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

ရခဲသောလူ့ဘဝ၊ ကြုံခဲသောဘုရားသာသနာတို့ကို ရရှိကြုံကြိုက်ကြရချိန်တွင် ပစ္စုပ္ပန်နှင့် သံသရာနှစ်ဖြာအတွက် အလှူရေစက် လက်နှင့်မကွာ သဒ္ဓါတရား ထက်သန်ကြသော ကုသိုလ်နှင့် အချိန်ရခိုက် လုံ့လစိုက်၍ သာသနာ့ အမွေခံကြသော ကောင်းမှုတို့အတွက် မြဝတီက သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ရပါသည်။    

Read 14 times Last modified on Friday, 12 April 2019 10:16