SJ WorldNews - шаблон joomla Авто

နှစ်သစ်မင်္ဂလာ မြဝတီစေတနာ

Friday, 19 April 2019 09:35 font size decrease font size decrease font size increase font size increase font size

မြန်မာပြက္ခဒိန် နှစ်ဟောင်း ၁၃၈ဝ ပြည့်နှစ်မှ ၁၃၈၁ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်သဖြင့် မြန်မာပြည်သူ အပေါင်းတို့ စိတ်သစ်၊ လူသစ်၊ အားမာန်သစ်နှင့် မျှော်လင့်ချက် အသစ်များဖြင့် ဘဝသစ်၊ ခေတ်သစ်ကို ထူထောင်ကြရန် သန္နိဋ္ဌာန် ချထားကြပြီး ဖြစ်သည်။

ကုန်ဆုံးသွားသော ၁၃၈ဝ ပြည့်နှစ်သို့ ကူးပြောင်းချိန်ကလည်း ဤသို့သန္နိဋ္ဌာန် အသစ်များ ချမှတ်ခဲ့ကြဖူးလေရာ မျှော်လင့်ချက် အသစ်များ မည်မျှရရှိအောင် လက်တွေ့ဆောင်ရွက် နိုင်ခဲ့ကြသည်ကို ပြန်လည်ဆန်းစစ်၍ ယခု ၁၃၈၁ ခုနှစ်တွင် ပို၍ရရှိအောင် မည်သို့စွမ်းဆောင်ရမည်ကို နည်းလမ်းရှာ ကြံကြရပေမည်။ ယခင်နှစ် အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်မှုမရှိ၊ နည်းလမ်းရှာ ကြံရမှန်းမသိ၊ သိသော်ငြား အားထုတ်မှု မရှိသူအဖို့ အသက်တစ်နှစ် ပိုကြီးသွားရုံ မှတစ်ပါး ထူးခြားမှု မရှိနိုင်သည်ကို နှလုံးသွင်းအပ်သည်။

နှစ်သစ်ကူးမြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကာလတွင် အစဉ်အလာမပျက် သီတာရေဖျန်း၍ ရွှင်ရွှင်လန်းလန်း ကစားကြသည်ကို မြို့ကြီး၊ မြို့ငယ်များမှ ရပ်ကွက်အသီးသီးတွင် တွေ့ရသည်။ ဒါနကတဝေဝေ ရေတွေကတရွှဲရွှဲ သင်္ကြန်ပွဲ အစဉ်အလာအတိုင်း မုန့်လုံးလေးစားပါဦး-ခေါ်နေခေါ်နေ တေးသံနှင့်အတူ မုန့်လုံးရေပေါ်ကို စတုဒိသာဒါန ပြုကြသည်။ ပိတောက်သင်္ကြန်ဟု ခေါ်ကြသည့်အတိုင်း ပန်းပိတောက် ကိုယ်စီပန်၍ လမ်းလျှောက်သင်္ကြန်ပွဲ ဆင်နွှဲကြသူတွေ တဖွဲဖွဲနှင့် သည်းသည်းလှုပ် စည်ကားသည်။ အချို့ရေကစား မဏ္ဍပ်များ၌ တူးပို့သံ တညံညံနှင့် ဟန်ပါပါက ခုန်မြူးထူး ကြသည်မှာလည်း ပျော်စရာဖြစ်သည်။

မြန်မာ့ရိုးရာ သင်္ကြန်တွင် ဇာတိမာန်ကို ဖော်ညွှန်းသော အက၊ အလှ၊ သဘာဝပြိုင်ပွဲများ ကျင်းပကြသည်မှာ ထူးခြားသော ယဉ်ကျေးမှု အစဉ်အလာဖြစ်သည်။ အတိတ်နှင့် ပစ္စုပ္ပန်ကို ရည်ညွှန်း၍ အနာဂတ်အတွက် စေတနာဖြင့် တိုက်တွန်း နှိုးဆော်သော သံချပ်ပြိုင်ပွဲများ ကျင်းပကြသည်မှာ ထူးခြားမှုအဖြစ် ရှုမြင်ရသည်။ သံချပ်ဝေါဟာရကို မြန်မာအဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုရာ၌ အိုးစည်ဒိုးပတ်ဝိုင်းတွင် အတိုင်အဖောက်ဆိုသော ကဗျာတစ်မျိုးဟု ဖော်ပြထားသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးကို ရည်ညွှန်းသော သံချပ်ကဗျာ အမျိုးမျိုး ရှိကြသည်။

ရှေးခေတ်က ကျားဘမ်းပရုတ်ဆီ ကြော်ငြာသံချပ် ကဗျာ၌ အတိုင်ဆိုသူ တစ်ဦးက ''အောင်ဇေယျတု ကတိုးနှာ''ဟု တိုင်လိုက်သည်နှင့် အဖောက်သမားတို့က ''တန်ခိုးဖြာတော့ ဟပ်ချိုးဟပ်ချိုး'' ဟူ၍ သံပြိုင်သီဆိုကြသည်။ စီးပွားရေးကြော်ငြာ သံချပ်သံများ ရှိသကဲ့သို့ ခေတ်စနစ်ကို ပြုပြင်စေလိုသော သံချပ်များ၊ ကုသိုလ်ရေးကို အားပေး နှိုးဆော်သော သံချပ်များလည်း ရှိကြရာ ''ရပ်ကွက်ထဲက စတုဒိသာ၊ အားပေးကြပါ သာဓု သာဓု''ဟူသော အသံသည် မြန်မာ့လူ့ အဖွဲ့အစည်း၏ စုပေါင်းဆောင်ရွက်သော ဓလေ့၊ စေတနာထက်သန်သော ယဉ်ကျေးမှုတို့ကို ဖော်ညွှန်းလျက်ရှိသည်။

ကုန်းဘောင်ခေတ် မြန်မာပညာရှိ စလေဦးပုညထံမှ မင်းကြီးရာဇသင်္ကြန်သို့ ပေးမေတ္တာစာ၌ ''အမြင့်မှာနိဗ္ဗာန်၊ အရောင်မှာပညာဥာဏ်၊ မှတ်သားရန် အရပ်ရပ်၊ နတ်တို့တွင်လည်း သိကြား၊ လူတွင်လည်းဘုရား၊ ဝပ်တွားကြည်ညို၊ စည်းစိမ်ကို လိုသော်ဒါန၊ ချမ်းသာစေလိုသော်သီလ၊ ဒါနနှင့်စည်းစိမ်ကိုအပ်၊ သီလနှင့်ရန်သူကိုသတ်၊ ဘာဝနာနှင့် သံသရာ စက်ကိုဖြတ်''ဟု တိုက်တွန်းထားသည်။ ဤစာတွင် ရန်သူဆိုသည်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တို့ကိုဆိုခြင်း ဖြစ်သည်။ လှူဒါန်းခြင်း၊ ပေးကမ်းခြင်းဒါန ကုသိုလ်ပြုကြရာတွင် လှူတတ်လျှင်မြတ်သည်ဟု ဆိုထားသည့် အားလျော်စွာ ညောင်သီးလောက်လှူသော်လည်း ညောင်ပင်ကြီးလောက် ကုသိုလ်ရနိုင်သည်။ မလှူတတ်လျှင် ညောင်ပင်ကြီးလောက် လှူသော်လည်း ညောင်သီးမျှသာ ကုသိုလ်ရနိုင်မည် ဖြစ်သည်။ လူတို့စောင့်ထိန်းအပ်သော ကျင့်ဝတ်နီတိ၊ လိုက်နာအပ်သော ဥပဒေစည်းကမ်းတို့ကို စောင့်ထိန်းလိုက်နာခြင်း သီလသည် ကိုယ်ကျန်းမာ စိတ်ချမ်းသာမှုအတွက် ကြီးမားသော အထောက်အပံ့ ဖြစ်သဖြင့် မိမိသူတစ်ပါးချမ်းသာ စေလိုသော် သီလစောင့်ထိန်းကြရန် တိုက်တွန်းထားသည်။ အတိတ်ကံ အကျိုးပေး ကောင်းနေသည်ကို မာန်တက်လျှင် ပစ္စုပ္ပန်သံသရာ နှစ်ဖြာအကျိုးမဲ့ ဖြစ်မည်ကို သတိပေးရာတွင် ရုပ်နာမ်ဓမ္မ သင်္ခါရကို မမေ့လျော့မပေါ့ဆဘဲ ဘာဝနာနှင့် သံသရာစက်ကို ဖြတ်ကြရန် နှိုးဆော်ထားသည်။

စလေဦးပုည၏ မေတ္တာစာမှ ဖော်ပြခဲ့သော စာပိုဒ်သည် မရှိလို့မလှူ၊ မလှူလို့မရှိ မဖြစ်စေရေးကို လည်းကောင်း၊ အတိတ်ကံ အကျိုးပေးကောင်း နေသူများအတွက် ယခုဘဝ၊ နောက်ဘဝဆက်လက် ကောင်းမွန်စေရေးကို အားထုတ်ကြရန် လည်းကောင်း၊ အတိတ်ကံ အကျိုးပေး မကောင်းသူများ အနေဖြင့်လည်း ယခုဘဝ၊ နောက်ဘဝ ကောင်းကျိုးသုခ ရကြစေရေးကို အားထုတ်ကြရန် လည်းကောင်း အကြောင်းအားလျော်စွာ တိုက်တွန်း နှိုးဆော်ထားသည်။

ထို့ကြောင့် မြန်မာပြည်သူ အပေါင်းတို့ အနေဖြင့် ၁၃၈၁ ခုနှစ် နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ အားမာန်သစ်နှင့် မျှော်လင့်ချက် အသစ်များဖြင့် ဘဝသစ်၊ ခေတ်သစ်ကို ထူထောင်ကြရာ၌ အရောင်မှာပညာဥာဏ်ဟု ဆိုထားသည်နှင့် အညီ ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်ကြရန် ဖြစ်သည်။ သို့မှသာ မိမိသူတစ်ပါး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ မြန်မာပြည်သူအပေါင်း ကောင်းကျိုးသုခ ရရှိကြမည် ဖြစ်ကြောင်း မြဝတီက စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ။

Read 65 times Last modified on Friday, 19 April 2019 09:36