SJ WorldNews - шаблон joomla Авто

သတင်းမွှေးသည့် အင်းလေးကန်သာဝယ်

Saturday, 20 April 2019 09:28 font size decrease font size decrease font size increase font size increase font size

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်မှ  ၁၃၈၁  ခုနှစ်သို့ ကူးပြောင်းသော   ယခုနှစ်သင်္ကြန်ပွဲတော်များကို မြို့ရွာအသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ၍  သင်္ကြန်ချစ်ပြည်သူများ အတူရေကစားကြရာတွင် မန္တလေးအခြေစိုက် တိုင်းရင်းသား လူမျိုးစုများအဖွဲ့၏ စတုဒိသာမဏ္ဍပ်နှင့်  ရေကစားမဏ္ဍပ်များ ပါဝင်ကြသည့်မြင်ကွင်းသည် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရည်တစ်ပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်ဟူသော တေးသံကို ပို၍အသက်ဝင်စေသော အတိတ်ကောင်း နိမိတ်ကောင်းအဖြစ် ဝမ်းမြောက်ကြည်နူးကြရသည်။

နေပြည်တော်၌ စည်ကားသိုက်မြိုက်သော နှစ်ကူးသင်္ကြန်ပွဲကြီး ခြိမ့်ခြိမ့်သဲ စည်စည်ကားကား ရေကစားကြသကဲ့သို့ ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးတို့၌လည်း စည်ကားမြဲ တွေ့ရသည်မှ ရန်ကုန်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲပါဝင်သည်။ ရန်ကုန်မှ အင်းယားမှာ ရေကစားသူတွေ စည်ကားသည်နှင့်မခြား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ  တောင်ခိုးဝေဝေ  မြူတွေဆိုင်းဆိုင်းတို့ ပတ်လည်ဝိုင်းနေသော အင်းလေးကန်သာမှာလည်း စည်ကားမြဲတွေ့ ရသည်။  အင်းလေးကန်ရေပြင်ပေါ်ထင်နေသော တိမ်လွှာတိမ်ရိပ်တို့က ပြာလဲ့တစ်လီ နီ၍တစ်သွင်   ငွေမင်တစ်ဖုံရောင်စုံ သန်းနေကြသည်။ စိမ်းစိုမှည့်ဝင်း ကျွန်းမျောစိုက်ခင်းများကိုလည်း သဘာဝရောင်စုံခြယ်ထားသည့်အလား မျက်စိတစ်ဆုံးမြင်တွေ့ရသည်။ ရေပေါ်တွင်ကျွန်းမျော

တင်ပြီး  သီးနှံစိုက်ပျိုးကြသည်မှာ ရှေးနှစ်ပေါင်းများစွာက အစဉ်အလာဖြစ်သည်။  ရေပေါ်တွင်ပေါ်နေနိုင်သော မျှခြေရှိအောင်    ကျွန်းမျော တည်ဆောက်ကြသည့်   အင်းလေးဒေသခံ တိုင်းရင်းသားတို့၏ အသိအမြင်သည်   ကမ္ဘာကျော်သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်စတိုင်း (၁၈၇၉-၁၉၅၅)၏ relativity theory ထက်စောသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။

အင်းလေးရေပြင်ပေါ် တိမ်ရောင်တောက်နေသလို ရေပြင်ပေါ် အိမ်ဆောက်နေကြသော မြင်ကွင်းနှင့် လှေပေါ်မှာ ဈေးရောင်းနေကြသည့် မြင်ကွင်းတို့ကလည်း တစ်မျိုးတစ်ဘာသာ ထူးခြားသည်။ လှေကို ခြေဖြင့်လှော်ခတ်သော အင်းသားတို့ရိုးရာ လှေလှော်နည်းကို ငေးမောရင်း စက်တပ်လှေကလေးများ တရိပ်ရိပ်ပြေးလွှားနေသော ကြားမှ လှိုင်းစီးနေကြသော ရေပျော်ငှက်များက သဘာဝအလှကို ပို၍လှအောင် ဖော်ဆောင်ထားကြသည်။ ထိုမှတစ်လီ ကောင်းကင်ဆီမှ အသံကြား၍မော့ကြည့်လိုက်သော် လွိုင်ကော်-ဟဲဟိုး ခရီးစဉ်မှ လေယာဉ်တစ်စင်းသည် ဘီလူးချောင်း ရေစီးကြောင်းကို လမ်းညွှန်ပြု၍ အနောက်ဘက်မှ အရှေ့ဘက်သို့   အတောင်မခတ်သော ငှက်ကြီး တစ်ကောင်ပမာ ပျံသန်းလာစဉ်   ဖောင်တော်ဦးဘုရားကို ဦးခိုက်ပြီး မြောက်ဘက်သို့ ချိုးကွေ့သွားသည်မှာ ဘဝသံသရာတံတားကို ကျော်တော့မည်။

ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဝန်းကျင် သဘာဝပန်းချီကို စာစီ၍ မဆုံးနိုင်သည်များမှ ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ စုပေါင်းလှူဒါန်းသည့် ဖန်စေတီတော် တပ်ဆင်လှူဒါန်းပူဇော်ခြင်းနှင့် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားအား ဧပြီ ၁၃ ရက် နံနက်ပိုင်းတွင် ဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညောင်ရွှေမြို့နယ် မိုင်းသောက် ပထမစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် ဇနီး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မိုင်းသောက်ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူ၍ ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများသည်  ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်၌ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ စုပေါင်း လှူဒါန်းသည့် ဖန်စေတီတော်သည်   အချင်း ၄ ပေ ၈ လက်မ၊ ဉာဏ်တော်အမြင့် ၃ ပေ ၂ ဒသမ ၅ လက်မ၊   အထူ ၁ လက်မ အသီးသီးရှိသည်။ ထိုနေ့မှာပင် အင်းလေးရေပေါ် သင်္ကြန်ဖွင့်ပွဲကို နန်းပန်ကျေးရွာအနီးရှိ ရေပြင်၌ ကျင်းပရာ ဒေသခံများ၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များက စက်လှေများ၊ ရေကစားသည့် မဏ္ဍပ်ဖောင်များပေါ်မှ ပျော်ပျော်ပါးပါး တစ်မိသားသို့ ရေကစားကြသည်မှာ သတင်းမွှေးသည့် အင်းလေးကန်သာဝယ် ဒါနကတဝေဝေ ရေတွေကတရွှဲရွှဲ ကြည်နူးဖွယ်အဖြစ် မြဝတီက မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။  

Read 90 times Last modified on Saturday, 20 April 2019 09:29