SJ WorldNews - шаблон joomla Авто

လောကကို တည်ဆောက်သော လူသားတို့စိတ်

Monday, 22 April 2019 09:44 font size decrease font size decrease font size increase font size increase font size

လူသားတို့လောကဇာတ်ခုံ အဖုံဖုံ အလီလီမှ ကောင်းကျိုးဆိုးပြစ်တို့ကို လူတို့၏စိတ်က ဖန်တီးကြခြင်းဖြစ်သည်။ နေအပူရှိန်အောက်တွင် လျှောက်လှမ်းကြသည့် အခါတွင် လည်းကောင်း၊ မိုးရွာသွန်းချိန် လျှောက်လှမ်းကြသည့် အခါတွင် လည်းကောင်း နေဒဏ်၊ မိုးဒဏ်ကိုခံနိုင်ရန် ထီးနှင့်ဖိနပ် အကာအကွယ်ဖြင့် လျှောက်လှမ်းကြသကဲ့သို့ လူတို့လောကဘဝ လမ်းခရီးကို လျှောက်လှမ်းကြရာတွင် စိတ်ကောင်းစိတ်လှ အကာအကွယ်ဖြင့် လျှောက် လှမ်းကြရမည်ဖြစ် သည်။

စိတ်ကောင်းစိတ်လှ ဟူသည် ကာယကံ၊ ဝစီကံ၊ မနောကံတည်း ဟူသော ကံသုံးပါးတို့၏ ရှေ့ဆောင်လမ်းပြဖြစ်သည်။ လူတိုင်းအတွက် စိတ်ကောင်းစိတ်လှရှိရန် မလွယ်ကူသော်လည်း ဘဝတစ်ခုကို အစပြုသည်မှာ ပတ်ဝန်းကျင်ဟု ဆိုသည့်အတိုင်း ငယ်စဉ်မှစ၍ မိဘဆရာတို့၏ ဆုံးမပဲ့ပြင်မှုဖြင့် စိတ်ကောင်းနှလုံးကောင်း မြဲစေရန် ပြုစုပျိုးထောင်နိုင်သည်။ မြန်မာ့သမိုင်းတွင် နှောင်းလူတို့ စံနမူနာယူဖွယ်ရာ စိတ်ကောင်းနှလုံးကောင်း ရှိကြသည့် ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့သည်။

ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်တွင် လက်ရုံးရည်၊ နှလုံးရည်တို့နှင့် ပြည့်စုံသော ကျန်စစ်သားမင်းကြီးသည် အရှင်သခင်အပေါ် သစ္စာစောင့်သိသူများတွင် စံပြုရသည့် မင်းကောင်းမင်းမြတ်ဖြစ်သည်။  တိုင်းသူပြည်သားတို့အပေါ် မင်းကျင့်တရားနှင့်အညီ စီမံအုပ်ချုပ်၍ အကြင်နာမေတ္တာတရား ထားရာတွင် လည်းကောင်း၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်း မြှင့်တင်ရာတွင်လည်းကောင်း စံနမူနာကောင်းများ ပြခဲ့သည့် မင်းကောင်းမင်းမြတ်ဖြစ်သည်။

မြတ်ဗုဒ္ဓအဆုံးအမ တရားတော်နှင့်အညီ တူညီသော အကျိုးပေးအဖြစ် သားကောင်းသားမြတ် ဖခင်ဘဝကို ခံယူခဲ့ရသည့် ကျန်စစ်သားမင်းကြီး၏ ကုသိုလ်ကံထူးခြားလှသည်။ မင်းကြီး၏ သားတော် ရာဇကုမာရ်မင်းသားသည် ခမည်းတော်၏ ထီးမွေနန်းမွေကို ဆက်ခံမည့် အိမ်ရှေ့အရာကို ရနိုင်ပါလျက် ဖခမည်းတော်က မြေးတော်ကို ထီးမွေနန်းမွေ ပေးထားပြီးဖြစ်သဖြင့်  ထီးမွေနန်းမွေကို မရခဲ့ပေ။ တစ်ဦးကိုတစ်ဦး လုပ်ကြံ၍ နန်းလုနေကြသော ပဒေသရာဇ်ခေတ်တွင်  ဖခင်၏ ဆုံးဖြတ်ချက်ကို ကျေနပ်လက်ခံခဲ့သော ရာဇကုမာရ်မင်းသားသည် ဖခင်အပေါ် စိတ်မကွက်ဘဲ သား၊ သမီးကျင့်ဝတ်ကို စောင့်ထိန်းလျက်ရှိသည်။ ဖခင်က အပိုင်စား ပေးသနားထားသော မြို့ရွာတို့မှ ကောက်ခံရရှိသည့် အခွန်အတုတ်တို့ဖြင့် ရွှေဆင်းတုတစ်ဆူ သွန်းလုပ်လှူဒါန်းရာတွင် ဖခင်ကြီးကိုယ်တိုင် ရေစက်သွန်းချ အမျှပေးဝေ စေခြင်းဖြင့် ကျေးဇူးဆပ်ခဲ့သည့် သားကောင်းသားမြတ် ရာဇကုမာရ်အဖြစ် သူတော်ကောင်းတို့ နှစ်ထောင်းအားရဖြစ်ကြရသည်။ လောဘ၊ ဒေါသ၊ မောဟတရားတို့ကို ပယ်ဖျောက်ထားသော ရာဇကုမာရ်စိတ်ကောင်း တစ်ခု အခြေပြုထားခြင်းသည် ပုဂံပြည်ကြီး သာယာဝပြော၍ ပြည်သူတို့ငြိမ်းချမ်း သာယာသော ဘဝကိုပိုင်ဆိုင်နိုင်ကြသည်။ ဤအကြောင်းတို့ကို ကျောက်စာရေးထိုး ထားခဲ့သဖြင့် မြန်မာစာပေအစ ရာဇကုမာရ်ကျောက်စာက ဟူ၍လည်းကောင်း၊ မြန်မာစာပေသည်  ကျေးဇူးသိတတ်သော အကြောင်းမှစ၍ ဖွံ့ဖြိုးရှင်သန် လာသည်ဟူ၍ လည်းကောင်း သမိုင်းတွင်လျက်ရှိသည်။

လူတို့ဘဝလမ်းခရီးတွင် ကောင်းရာမှဆိုးရာသို့၊ ဆိုးရာမှကောင်းရာသို့ ပြောင်းလဲတတ်သည့် သဘာဝအတိုင်း လောကဓံနှင့် ကြုံတွေ့ကြရသည့်အခါ ကြံ့ကြံ့ခံနိုင်ရန် စိတ်ကောင်းစိတ်လှ ရှိရမည်ဖြစ်သည်။ ပူအိုက်သော နွေရာသီသို့ ရောက်လျှင် အေးမြသောမိုးရာသီသို့ ရောက်ရန်နီးလာသကဲ့သို့ ဆင်းရဲခြင်းနှင့်တွေ့ရလျှင် အခက်အခဲကို အခွင့်အလမ်း အဖြစ်အသုံးချနိုင်အောင် အားထုတ်၍ ချမ်းသာခြင်းကို ရရှိရန်နီးလာပြီဟု သဘော ထားနိုင်ရမည်။ မိမိဆင်းရဲခြင်းအတွက် သူတစ်ပါးကိုချည်း အပြစ်တင်နေရုံမျှဖြင့် အကြောင်းထူးလာမည် မဟုတ်ဘဲ လက်ရှိဘဝမှ ရုန်းထနိုင်အောင်  ကြိုးစားအားထုတ်မှသာ ချမ်းသာခြင်းကို ရရှိမည်ဖြစ်သည်။ ဥစ္စာစီးပွား ရှာဖွေကြရာတွင် ကောင်းသော အသက်မွေးဝမ်းကျောင်းမှုမှ ရသမျှနှင့်ရောင့်ရဲနိုင်သော စိတ်မွေးမြူခြင်းဖြင့် ဘဝစိတ်အေးချမ်းမှုကို ရရှိနိုင်သည်။

လောကဓံတရားတွင် အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်းတို့ ပါဝင်ကြလေရာ မိမိနှင့်ထပ်တူ ဒုက္ခကိုမျှဝေခံစား၍ မိမိအား အကာအကွယ်ပေးသော အခြွေအရံနှင့် မိမိထံမှ အကျိုးတစ်စုံတစ်ရာ ရချိန်၌သာ ရံတတ်သော အခြွေအရံဟူ၍ နှစ်မျိုးရှိတတ်သည်ကို သတိနှင့် ဆင်ခြင်တုံတရား ရှိရမည်ဖြစ်သည်။ ဤသို့သော အခြေအနေနှစ်မျိုးကြောင့်  လူမြင်တိုင်း သံသယစိတ်ထားနေလျှင်လည်း လူမှုဆက်ဆံရေး ပြေလည်မည်မဟုတ်ပေ။

သို့ဖြစ်၍ လူ့ဘုံလောကနှင့် လူတို့ဘဝကို တည်ဆောက်ကြရာတွင် စိတ်ကောင်းစိတ်လှကို အခြေပြုလိုက်သောအခါ နှုတ်အသံနှင့် ရုပ်သဏ္ဌာန်လှပလာပြီး ပြောသမျှမှန်၊ ကြံသမျှဟုတ်၊ လုပ်သမျှ အကျိုးပေးတတ်သည်ကို အစဉ် နှလုံးသွင်းနိုင်ကြစေခြင်းငှာ  ရှေးအစဉ်အလာ ထုံးဟောင်း သာဓကတို့ကို  မြဝတီက ထုတ်နုတ်တင်ပြ လိုက်ရပါသည်။  

Read 61 times Last modified on Monday, 22 April 2019 09:45