မည်သူ့ကိုမျှမငဲ့ညှာသော မီးဘေး အန္တရာယ်ကြောင့် ဥစ္စာပစ္စည်းဆုံးပါး၍ ပူဆွေးသောကရောက်ကြရသည့် သတင်းများကို ကြားသိရသည်မှာ ယခုရက်ပိုင်းအတွင်း ပိုများလာကြောင်း တွေ့ရသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင် ရပ်ကွက်မှ မြေစိုက်ထရံကာ နှစ်ထပ်နေအိမ် အတွင်း၌ ဧပြီ ၂၇ ရက် နံနက် ၂ နာရီခန့်တွင် ထမင်းပေါင်းအိုးနှင့် ဒယ်အိုးအနီ သွယ်တန်းထားသော ပလတ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းသည်။ မီးသတ် ဦးစီးဌာနက မီးလောင်မှုအဆင့်(၄) သတ်မှတ်၍ မီးသတ်ယာဉ် ၈ဝ၊ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင် ၄ဝဝ ကျော်တို့ဖြင့် ငြှိမ်းသတ်ကြသဖြင့် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် လူနေအိမ် ၃၂ လုံးလောင်ကျွမ်းသွားရာ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် သိန်းပေါင်း ၂၃ဝ ရှိကြောင်းနှင့် မီးဘေးသင့် အိမ်ထောင်စုများအား စံပါဓမ္မာရုံ၌ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။ အလားတူ မိတ္ထီလာမြို့ရန်မျိုးအောင် ရပ်ကွက်ရှိ လူနေအိမ်တစ်အိမ်၌ ဧပြီ ၂၇ ရက်တွင် ဒယ်အိုးအနီကို ပလတ်မဖြုတ်ဘဲ ထားခဲ့ရာမှ အပူရှိန်လွန်ကဲပြီး ထရံသို့ ကူးစက်လောင်ကျွမ်းသည်။ မီးလောင်ကျွမ်းရာသို့ မိတ္ထီလာခရိုင်နှင့် မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်များ၊ သာစည်၊ မလှိုင်နှင့် ပျော်ဘွယ်မြို့နယ်တို့မှ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်များ၊ သီးကုန်းအမြန်လမ်း မီးသတ်စခန်းမှ ရေသယ်ယာဉ်နှင့် ယင်းတော်နယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်များဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၇၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ကြသဖြင့် နံနက် ၅ နာရီတွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် လူနေအိမ်ခြေ ၂ဝ လောင်ကျွမ်းသွားပြီး မီးဘေးဒုက္ခသည် ၉၇ ဦးအား အောင်စပယ်ဓမ္မာရုံတွင် နေရာချပေးထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ အောင်မင်္ဂလာ ရပ်ကွက်၌ ဧပြီ ၂၇ ရက် နံနက်၃ နာရီခွဲတွင် မီးပလတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားရာ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ်လေးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နံနက် ၄ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၁ သိန်းခန့် ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကျစ်စုံပွေးကျေးရွာ၌ ဧပြီ ၂၁ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ်မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် နံရံသို့ မီးကူးစက် လောင်ကျွမ်းသည်။ မီးလောင်ရာသို့ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ အထောက်အကူပြု ယာဉ်တစ်စီး၊ Water Mist ယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၆ ဦး၊ညောင်ကန်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ရေသယ်ယာဉ် တစ်စီး၊ ကမ္ဘောဇအလင်းတန်း လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများက ပူးပေါင်းငြှိမ်းသတ်ကြရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် လူနေအိမ် ၁၃ လုံးနှင့် နွားတင်းကုပ်လေးလုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇ သိန်းခန့် ဆုံးရှုံးသွားပြီး မီးဘေးသင့်ပြည်သူ ၆၁ ဦးတို့အား နီးစပ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခေတ္တနေထိုင်လျက် ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက်ရှိ ဥယျာဉ်ခြံ၊ ကွမ်းသီးခြံများ၌ ဧပြီ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် တီတွတ်ပြင်ကျေးရွာရှိ ရွှေတောင် ဘုန်းကြီးကျောင်းအား မီးကူးစက် လောင်ကျွမ်းသည်။ မီးလောင်ရာသို့ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ ည ၈ နာရီခန့်တွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာမရဘဲ ဘုန်းကြီးကျောင်းရှိ ဆွမ်းစားဆောင်နှင့် မီးဖိုတဲနှစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ်(၃၃၁/၁)၌ အိမ်စီးမော်တော်ယာဉ် တစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို တိုက်မိပြီး မီးလောင်ကျွမ်းမှု ဧပြီ ၂၅ရက် နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လူတန်းစား မရွေး၊ နေရာဒေသမရွေး၊ အချိန်မရွေး အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တတ်သော မီးဘေးအန္တရာယ်သည် မည်သူ့မျှ မျက်နှာလိုက် ညှာတာခြင်း အလျှင်းမရှိလေရာ မပေါ့မဆဘဲ လုံ့လဝီရိယ စိုက်ထုတ်၍ ဉာဏ်နှင့်ယှဉ်လျက် ကြိုတင်ကာကွယ်ကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။