SJ WorldNews - шаблон joomla Авто

တန်ခူးကဆုန်နှင့် မျှော်တလင့်လင့် မုတ်သုံ

Friday, 03 May 2019 11:30 font size decrease font size decrease font size increase font size increase font size

ကုန်းဘောင်ခေတ်ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီး လက်ထက်က စာတော်ဖတ်ရာထူးဖြင့် ချီးကျူးသူကောင်းပြု ခံရသော ဦးကြော့သည် တန်ခူးလရှုခင်းကို ပိတောက်ရွှေဝါဟူသော လေးချိုးကဗျာဖြင့် ခြယ်မှုန်းထားပြီး ကဆုန်လ ရှုခင်းကို တော်ကဆုန်ဟူသော လေးချိုးကဗျာဖြင့် သီကုံးထားသည်။

ပိတောက်ရွှေဝါလေးချိုး ကဗျာ၌ လတန်ခူးပေမို့၊ အလှထူးပါဘိ၊ မြမြဖူးရယ်တဲ့ခိုင်ရွှေဝါ အစချီဖွဲ့ဆိုထားရာ တစ်နှစ်တွင်တစ်လ၊ တစ်လတွင်တစ်ရက်သာ ပွင့်သော ရွှေရောင်အဆင်း ရှိသည့် ပိတောက်ပန်းနှင့် မြရောင်စိမ်းစိုသော အခက်အရွက်တို့ကို တွဲလျက်မြင်ရသူမှာ စိတ်ကြည်နူးဖွယ်ဖြစ်သည်။ စတုတ္ထအပိုဒ်၌ လမ်းတစ်လျှောက် သင်းပါဘိ၊ ဆန်းသလောက်မလင်းနိုင်ဘူ့၊ ပန်းပိတောက်မင်းဟူ၍ အဆုံးသတ် ရေးဖွဲ့ထားသည်မှာ ပိတောက်အလှတွေ ဆန်းကြယ်သလောက် စာဆိုသူ အနေဖြင့် စာဖွဲ့လို့မဆုံးနိုင်အောင် ရှိကြောင်း တင်စားထားသည်။

နှစ်သစ်ကူးသည့် တန်ခူးလတွင် ပိတောက်ပန်းများ ပွင့်လန်းကြသည်နှင့် သင်္ကြန်ရေကစားကြသည့် မြန်မာတို့ဓလေ့က ပျော်ရွှင်ဖွယ်ဖြစ်သည်။ ယခုနှစ်တွင် သင်္ကြန်ပြီးသည်နှင့် အပူချိန်မြင့်မားလာခြင်းကြောင့် ရေတွင်းရေကန်များ ခန်းခြောက်သဖြင့်   ပြည်သူများ သောက်သုံးရေခက်ခဲသည့် သတင်းများ ကြားသိရသည်မှာ    ဧပြီ ၂၃ ရက်တွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့ရသည့်ကျေးရွာ ၇၅ ရွာရှိရာမှ ဧပြီ ၂၈ ရက်တွင် ကျေးရွာပေါင်း ၁၆ဝ အထိ ရှိကြောင်း သိရသည်။ သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသော ဒေသများမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်း ဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ မြို့နယ်ပေါင်း  ၅၆ မြို့နယ်မှ ကျေးရွာစုစုပေါင်း ၁၆ဝ ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ကျေးရွာများ၌ မိုးတွင်းနှင့်ဆောင်းတွင်းကာလများတွင် သောက်သုံးရေအခက်အခဲမရှိဘဲ နွေကာလတွင် အခက်အခဲရှိကြသည်။ စက်ရေတွင်းများ ရှိသော်လည်း လျှပ်စစ်ဓာတ်အားမနိုင်သဖြင့် စက်သုံးဆီကိုအသုံးပြုပြီး ရေရအောင်ယူကြရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရေရှားပါးပြတ်လပ်သော ကျေးရွာများသို့ ရေသန့်စင်ကားများ၊ ရေသယ်ယာဉ်များ အသုံးပြု၍ ရေဖြန့်ဝေပေးလျက် ရှိသည့်အပြင် အလားတူယာဉ်များ အသုံးပြု၍ ကျေးရွာများသို့ ရေဖြန့်ဝေပေးလျက်ရှိသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ပြီး ၎င်းတို့အား စက်သုံးဆီ ကူညီပံ့ပိုးပေးခြင်းဖြင့်လည်း သောက်သုံးရေများကို ဖြန့်ဝေပေး လျက် ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီး  ငဖဲမြို့နယ် မာန်အောင်ကျေးရွာ အုပ်စုအတွင်း၌  စက်ရေတွင်း တူးဖော်မရနိုင်သဖြင့် မြေသား ရေလှောင်ကန်ရေကိုသာ အားထားနေရသည်။ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်မှ ရွေ့လျား ရေသန့်စင်ယာဉ်ဖြင့် မရိုးကန်ကျေးရွာပိုင် မြေသားရေကန်မှ ရေကိုစုပ်ယူကာ ရွာတွင်းရှိရေစုကန်သို့ ပို့လွှတ်သန့်စင်ပြီး သောက်သုံးရေဂါလန် ၂၅ဝဝ ကိုဖြန့်ဝေပေးသည်။ ထို့အတူ မာန်အောင်ကျေးရွာပိုင် မြေသားရေကန်မှ ရေကိုစုပ်ယူကာ ရွာတွင်းရှိ ရေစုကန်သို့ ပို့လွှတ်သန့်စင်ပြီး သောက်သုံးရေဂါလန် ၃ဝဝဝ ကိုဖြန့်ဝေပေးခဲ့သည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတို့မှ  သောက်သုံးရေ ခက်ခဲနေသော  ရပ်ကွက်၊  ကျေးရွာများသို့ ဌာနဆိုင်ရာများနှင့် စေတနာရှင်များက ရေကုသိုလ်ပြုနေကြသကဲ့သို့ နေပြည်တော်တိုင်း စစ်ဌာနချုပ်အနေဖြင့် ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ သောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့နေရသော ကျေးရွာများသို့ ဧပြီ ၂၁ ရက်မှ ၂၉ ရက်အထိ သောက်သုံးရေဂါလန် စုစုပေါင်း ၅ဝ၆ဝဝ ကို ဖြန့်ဝေပေးနိုင်ခဲ့ပြီး အဆိုပါ ကျေးရွာများသို့  လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်သည်။

ယနေ့မေ ၃ ရက်သည် တန်ခူးလကွယ်နေ့ ဖြစ်သဖြင့် မနက်ဖြန်သည် ကဆုန်လဆန်း ၁ ရက်ဖြစ်သည်။ တန်ခူးရေကုန်၊ ကဆုန်ရေခန်းဟု ဆိုထားသည်နှင့်အညီ သောက်သုံးရေ လိုအပ်ချက် ပိုမိုလာတော့မည်ဖြစ်သည်။ ၂ဝ၁၉ ခုနှစ်အတွက် အနောက်တောင် မုတ်သုံဝင်ရောက်မည့် ကာလသည် မေ ၁၈ ရက်မှ ၂၃ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း၊ မေ ၂၄ ရက်မှ ၂၈ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ၊ မေ ၂၈ ရက်မှ ဇွန် ၃ ရက်အတွင်း အလယ်ပိုင်းဒေသ၊ ဇွန် ၄ ရက်မှ ၈ ရက်အတွင်း မြောက်ပိုင်းဒေသသို့ ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် မုတ်သုံအဝင် နောက်ကျသည်နှင့်အမျှ  မိုးရေရရှိနိုင်မည့်ရက် နှောင့်နှေးမည်ဖြစ်သဖြင့် ရေကုသိုလ်ရှင်များ လိုအပ်မည်ဖြစ်ကြောင်း မြဝတီက အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်။  

Read 126 times Last modified on Friday, 03 May 2019 11:31