မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြည်သူများ သိရှိကြစေရန် မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက်ကို သတင်းမီဒီယာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာထားသည်။
ကြိုတင်သတိပေးနှိုးဆော်ချက်အပြည့်အစုံမှာ မြန်မာနိုင်ငံ အရပ်ရပ်တွင် မိုးကြိုကာလ ဖြစ်သည့် မေလအတွင်း လေထု မငြိမ် မသက်မှုများကြောင့် လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့် တက်လာရာမှ အပူပြန်တက် တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့် လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အထိတိုက်ခတ်နိုင်သည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြရန် ကြိုတင်သတိပေး နှိုးဆော်အပ်ပါသည်ဟူ၍ဖြစ်သည်။
လွန်ခဲ့သောဧပြီလအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ် ဖလမ်းခရိုင်အတွင်းရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ လူနေအိမ် ၁၉၅ လုံး၊ ဘာသာရေး အဆောက်အအုံကိုးခု ပျက်စီးသွားကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ ဧပြီ ၂၄ ရက်အထိ နှစ်လကျော် ကာလအတွင်း လေပြင်းနှင့် လေဆင်နှာမောင်း ၉၅ ကြိမ်တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၇၅၃ လုံး ပျက်စီးသွားသည်။
လေပြင်းဒဏ်ခံစားရသောမြို့နယ်များမှာ ကောလင်း၊ ကျွန်းလှ၊ အင်းတော်၊ ကန့်ဘလူ၊ ကလေးဝ၊ ကလေးမြို့၊ ပင်လည်ဘူး၊ ဗန်းမောက်မြို့နယ်တို့ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ကျွန်းလှ၊ ကောလင်းနှင့် ကန့်ဘလူမြို့ နယ် တို့တွင် ရေကာတာ ဆည်ကြီး သုံးခုရှိသဖြင့် ရေထုနှင့် လေထု အပူအအေးပြောင်းလဲမှု မြန်ဆန်ခြင်းကြောင့် မေလ တွင် လေပြင်း တိုက်ခတ်မှုအန္တရာယ်ဖြစ်ပေါ်တတ်သည်ကို သတိထားကြရန်လိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ယခုနှစ်အတွင်း မြန်မာနိုင်ငံမြို့ကြီးများ၏ နေ့အပူချိန်များကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ ရန်ကုန်(ကမ္ဘာအေး)မိုးလေဝသစခန်းဖွင့်လှစ်ခဲ့သည့် ၅၁ နှစ်အတွင်း၌ ယခုနှစ် ဧပြီ ၂၆ ရက်က အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိရှိသည်မှာ ၂ဝဝ၄ ခုနှစ် ဧပြီ ၂၆ ရက်က အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ် ကျော်လွန်ကြောင်း သိရသည်။ ယင်းဌာန၏ မေ ၁ ရက်ထုတ်ပြန်ချက်အရ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ ဂန့်ဂေါမြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့၊ တောင်ငူမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ် အသီးသီးရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၌ ဧပြီ ၂၅ ရက်က နေ့အပူချိန်များမြင့်တက်ခဲ့ရာ တောင်ငူမြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်သစ်တင်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၌ ဧပြီ ၂၂ ရက်မှ ၃ဝ ရက်အထိ နေ့အပူချိန်မြင့်တက်မှုဒဏ် ခံစားရပြီး သတိလစ် မေ့မြောသွားသူ ၁ဝ ဦး ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာရာမှ လေးဦး သေဆုံးသွားကြောင်း သိရသည်။
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်၌ အုတ်လုပ်ငန်း လုပ်သားငါးဦးသည် ဧပြီ ၃ဝ ရက်က မော်တော်ဆိုင် ကယ်နှစ်စီးပေါ် ထိုင်နေကြစဉ် ညနေ ၃ နာရီခန့်တွင် မိုးကြိုးထိမှန်သဖြင့် အခင်းဖြစ်နေရာ၌ တစ်ဦးသေဆုံးသည်။ ဒဏ်ရာရသူ လေးဦးကို ပြည်သူ့ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံ၌တစ်ဦး ထပ်မံသေဆုံးသွားသည်။ ထားဝယ်မြို့နယ် ရန်မော်ကျေးရွာ အုပ်စု၌ နေ့အပူချိန်များမြင့်မားလျက်ရှိရာ အခင်းဖြစ်ပွားသည့်ညနေပိုင်းတွင် မိုးတိမ်တောင် များ ဖြစ်ထွန်းပြီး မိုးထစ်ချုန်း ရွာသွန်းစဉ် မိုးသီးများကြွေကျ၍ လျှပ်စီးများလက်နေကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ယနေ့အချိန်တွင် နိုင်ငံတော်တစ်ဝန်း၌ နေ့အပူချိန်များမြင့်မားနေခြင်းကြောင့် အပူရှိန်ကြောင့်ဖြစ်သော ဝေဒနာသည်များ အား ကုသပေးရန် ပြည်သူ့ဆေးရုံများက အသင့်ပြင်ထားခြင်း၊ စေတနာရှင်ပြည်သူများက အပူရှောင်ရန် အရိပ်ရနေ ရာများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်နေကြသည်။ ထို့ကြောင့် နေ့အပူချိန်မြင့်တက်မှု နောက်ဆက်တွဲအဖြစ် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူတစ်ဦးချင်း အနေဖြင့် အထူးဂရုပြုကြရန်ဖြစ်ကြောင်း မြဝတီက ထပ်လောင်းအသိပေးနှိုးဆော် လိုက်ရပါသည်။ ။