SJ WorldNews - шаблон joomla Авто

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

Monday, 06 May 2019 10:37 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နဝမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မေ ၂ ရက် နံနက် ၉ နာရီတွင် ကျင်းပသည်။

အစည်းအဝေးသို့  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားစဉ်   နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ကုန်သွယ်မှု ကဏ္ဍ သည် အရေးကြီးသော ကဏ္ဍတွင်တည်ရှိပြီး အဆိုပါကုန်သွယ်မှု ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍသည် ၈ဝ ရာခိုင်နှုန်းနှင့် ၉ဝ ရာခိုင်နှုန်း အကြား ပါဝင်နေသည်ကို ကိန်းဂဏန်းများအရ တွေ့ရပါကြောင်း၊  ထို့ပြင်  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အထောက်အကူပြုနိုင်ရန်အတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိရာ ၂ဝ၁၉ ခုနှစ် ဧပြီလအထိ (၂၆)ကြိမ် တွေ့ဆုံခဲ့ပြီး (၂၅)ကြိမ်အထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုချက် စုစုပေါင်း ၃၃၉ ချက် အားလုံးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ လုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးပြီး ဖြစ်ကြောင်း  ရှင်းလင်း ပြောကြားသည်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် လုပ်ငန်းကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၇၉/၂ဝ၁၆ ဖြင့် နိုင်ငံတော် သမ္မတရုံးက လုပ်ငန်းတာဝန်(၅)ရပ် ချမှတ်ပြီး  အဖွဲ့ဝင် ၂ဝ ဦးဖြင့် ဖွဲ့စည်းပေးထားသည်။   နိုင်ငံတော် သမ္မတရုံးက ချမှတ်ပေးသော လုပ်ငန်းတာဝန်(၅)ရပ်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းကော်မတီ(၅)ရပ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ အခြေခံ လူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊  ငွေကြေးရရှိစေနိုင်မှု ဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက် ကောင်းမွန်စေရေး လုပ်ငန်း ကော်မတီ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို   အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ၊   စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင်  နိုင်ငံ၏ အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေး လုပ်ငန်းကော်မတီ တို့ ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက၂ဝ၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပသည့် ယခုအစည်းအဝေးတွင် ဆိုခဲ့သော လုပ်ငန်းကော်မတီ(၅)ရပ်မှ  တာဝန်ရှိသူတို့က  သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့်  ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။

နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်နေသော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍလုပ်ငန်းစဉ်များအတွက် နှောင့်နှေးစေသော အကြောင်းတရားများတွင် နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ပြည်တွင်းသို့ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။နယ်စပ်ဒေသမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကို တားဆီးထိန်းချုပ်နိုင်ရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်ကိုးခုတွင် တရားမဝင် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ် မတ်လအထိ ဖမ်းဆီး အရေးယူမှု ၄၃၆ ကြိမ်မှ ခန့်မှန်း တန်ဖိုးငွေကျပ် ၅ ဒသမ ၁၄၅ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ပြည်ပသို့ ရောက်သွားသည်များလည်း ရှိကြရာ ဇီဝမျိုးစုံမျိုးကွဲများနှင့် မြေပေါ်မြေအောက်သယံဇာတများ ပါဝင်ကြပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ စစ်ဆေးရေး အဖွဲ့များက ဖမ်းဆီးရမိသည့် သတင်းများလည်း ကြားရသလို ဒေသန္တရ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး တာဝန်ရှိအဖွဲ့များက ဖမ်းဆီးရမိသည့် သတင်းများကိုလည်း ကြားသိရသည်။

ထို့ကြောင့်   နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည်  ပြည်တွင်းအင်အားနှင့် ပြည်ပအင်အားတို့ကို လိုအပ်သလို ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ကြရသည်ဖြစ်ရာ  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ငန်း ကော်မတီ(၅)ရပ်တို့က အသီးသီး ဆောင်ရွက်နေကြသော လုပ်ငန်းအားလုံး သူ့နေရာနှင့်သူ အရေးပါကြသည်သာ ဖြစ်သည်။ ထို့ကြောင့်  တိုင်းရင်းသားပြည်သူ အားလုံးတို့အနေဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာလျက် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြပါရန်  မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 28 times Last modified on Monday, 06 May 2019 10:38