SJ WorldNews - шаблон joomla Авто

မလိုသောခလုတ်ကို ပိတ်ထားပါ

Tuesday, 07 May 2019 10:04 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများ၏ အဓိကဖြစ်သော ဆန်စပါးလုပ်ငန်းမှ နှစ်စဉ်ဆန်တန်ချိန် ၁၄ သန်း ထုတ်လုပ်ရာမှ ၃ ဒသမ ၆ သန်းနှင့် ဆန်ကွဲကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှဆန်များကို ပြည်ပသို့တင်ပို့ရာတွင် အရည်အသွေးမြှင့် ဆန်ကြိတ်ခွဲစက်များဖြင့် ပြန်လည်ပြုပြင်ကြရသည်။ ဆန်အရည်အသွေးမြှင့် ဆန်ကြိတ်ခွဲစက်များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း အများဆုံး တည်ရှိရာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ဆန်စက်များ မလည်ပတ်နိုင်သဖြင့် အခက်အခဲ ကြုံတွေ့နေရကြောင်း ရန်ကုန်ဘုရင့်နောင်ရှိ လက်ကား ဆန်ကုန်သည်များ အသင်းမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီးသို့ ဆန်ပေးပို့သော ဒေသများမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)တို့ဖြစ်ကြရာ ဘုရင့်နောင်ပွဲရုံသို့ ရောက်ရှိလာသော ဆန်ကုန်သည်များအား ငွေပေးချေရန် အခက်အခဲဖြစ်နေရသည်။ ပွဲရုံသို့ ဆန်ရောက်ပြီး ငွေပေးချေသည့် ကာလမှာ သုံးရက်မှ လေးရက်အထိ စောင့်ခဲ့ရသော်လည်း ယခုအချိန်တွင် ကိုးရက်မှ ၁ဝ ရက်အထိ စောင့်နေကြရသည်။ ပွဲရုံများက ငွေပေးချေရန် နှောင့်နှေးနေရခြင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့်  အရည်အသွေးမြှင့် ဆန်ကြိတ်ခွဲစက်များ မလည်ပတ်နိုင်သဖြင့် ပြည်ပသို့မပို့နိုင်သေးသော ဆန်အိတ်များ စုပုံနေခြင်းကြောင့် ဖြစ်သည်။ အိမ်နီးချင်းတရုတ်ပြည်သို့ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ပို့ရန်  နေ့စဉ်ရောက်ရှိလာသော ဆန်အိတ် အရေအတွက်မှာ ၅ဝဝဝ မှ ၁ဝဝဝဝ အထိရှိသဖြင့် ပွဲရုံများက နောက်ထပ်ရောက်လာသော ဆန်များကို လျှော့ဈေးဖြင့် ဝယ်ယူနေကြောင်း သိရသည်။

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှု အခြေအနေမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတို့မှ အမြင့်ဆုံး ထုတ်လုပ်မှု ပမာဏ ၃၂၆၈ မဂ္ဂါဝပ်ရှိသဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မဂ္ဂါဝပ် ၄ဝဝ ကျော် ရှိကြောင်း သိရသည်။

ဆိုခဲ့သော လျှပ်စစ်ဓာတ်အားပေး စက်ရုံအမျိုးအစား သုံးမျိုးကို တိုးချဲ့တည်ဆောက်ရန် လျာထားသည့်အနက် ဆောက်လုပ်ဆဲ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံခုနစ်ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်နေဆဲဖြစ်သည်။လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း တစ်ခုအတွက် ရှစ်နှစ်ဝန်းကျင်ခန့် အချိန်ယူကြရပြီး  အစိုးရက နှစ်စဉ်အသုံးစရိတ် ခွင့်ပြုငွေဖြင့် တည်ဆောက်ရခြင်းဖြစ်သည်။ နိုင်ငံအတွင်း ရေအားလျှပ်စစ် ထုတ်လုပ်မှုစရိတ်မှာ တစ်ယူနစ်လျှင် ၇၁ ဒသမ၅ ကျပ်ရှိပြီး ဖြန့်ဖြူးစရိတ် အပါအဝင်ဆိုလျှင် တစ်ယူနစ်အတွက် ၈၉ ကျပ်ဖြစ်သည်။ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်မှာ တစ်ယူနစ်အတွက် ၁၄၃ ကျပ်ရှိပြီး ဖြန့်ဖြူးစရိတ် အပါအဝင်ဆိုလျှင် ၁၇၈ ကျပ်ဖြစ်သည်။ တစ်နိုင်ငံလုံးတွင်ရှိသော အိမ်ထောင်စုဦးရေ စုစုပေါင်း၏ ၄ဝ ဒသမ ၈၆ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရနေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်တွင် လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုမှာ ရေအားလျှပ်စစ်မှ ၇ဝ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ ၂၈ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၂ ရာခိုင်နှုန်း အသီးသီးရှိသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နေစွမ်းအင်၊  လေစွမ်းအင်နှင့် အခြား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များ ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိရာ မဂ္ဂါဝပ် ၂၇ဝ ခန့်ထွက်ရှိမည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းနှစ်ခုကို မြင်းခြံခရိုင်နှင့် မင်းဘူးမြို့နယ်တို့တွင် ပြည်ပကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ထားကြောင်း သိရသည်။ ထို့ပြင် ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများဖြစ်ကြသည့် ရဲနွယ်၊ မုန်းချောင်း၊ ဇောင်းတူ၊ ကင်းတားနှင့် သဖန်းဆိပ်တို့သည်  သက်တမ်းကြာမြင့်ပြီဖြစ်သဖြင့် ပြင်ဆင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ ထံမှ ယူရိုငွေကြေး ၃၅ ဒသမ ၇ သန်း ချေးယူ ဆောင်ရွက်မည်ဖြစ်သည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည်  တစ်နိုင်ငံလုံး ထုတ်လုပ်မှု၏ ၅ဝ ရာခိုင်နှုန်းကျော် ရှိရာ ပူအိုက်သော ကာလတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် မြို့နေပြည်သူများအတွက် အခက်အခဲ ရှိသည်မှစ၍ ပြည်ပပို့မည့် ဆန်အရည်အသွေး မြှင့်တင်ရန်  အခက်အခဲရှိသည့် အခြေအနေအထိ ဖြစ်နေရခြင်းကြောင့် လျှပ်စစ်ဓာတ်အားချွေတာသည့်အနေဖြင့် အသုံးမလိုသော ခလုတ်ကိုပိတ်ထားပါ ဟူ၍သာ ပြည်သူအပေါင်းတို့အား မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ 

Read 72 times Last modified on Tuesday, 07 May 2019 10:05