SJ WorldNews - шаблон joomla Авто

ယာဉ်အန္တရာယ် လမ်းအန္တရာယ် ရှောင်ဖယ်နိုင်ရေး

Thursday, 09 May 2019 10:00 font size decrease font size decrease font size increase font size increase font size

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးစီး၍ ပဉ္စမအကြိမ် ကမ္ဘာ့ယာဉ် အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မေ ၆ ရက်မှ ၁၂ ရက်အထိ ပညာပေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်အတွင်း မော်တော်ယာဉ် မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာကြသူတိုင်း အသက်ကယ် ထိုင်ခုံခါးပတ် ပတ်ထားရေး၊ မော်တော်ဆိုင်ကယ်စီးသူတိုင်း အရည်အသွေးပြည့်မီသော  ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားရေး၊ အရက်သေစာသောက်စား မူးယစ်၍ မော်တော်ယာဉ် မောင်းနှင်ခြင်းမရှိစေရေး၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရေး၊ မော်တော်ယာဉ်

မောင်းနှင်ရာတွင်  သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍မမောင်းစေရေးတို့ အတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့်  စတစ်ကာများကပ်ပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မည့်အစီအစဉ်မှာ မေ ၆ ရက်မှ ၁၂ ရက်အတွင်း အဖွဲ့ရှစ်ဖွဲ့ခွဲ၍ ဘတ်စကားစီး ခရီးသည်များအားဂိတ်စမှဂိတ်ဆုံးအထိ အသိပညာပေးခြင်း၊  အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ ယာဉ်မောင်းများအား  ယာဉ်အန္တရာယ်ကင်းအောင် မောင်းနှင်ကြရန် ဟောပြောခြင်း၊မီးပွိုင့်များတွင်  စည်းကမ်းနှင့်အညီ ရပ်တန့်၊ ထွက်ခွာသော ယာဉ်များအား ဆုချီးမြှင့်ခြင်း၊ လူကူးမျဉ်းကျား အသုံးပြုသူများအား စည်းကမ်းလိုက်နာသည့်ဆု ချီးမြှင့်ခြင်း၊ ခုံးကျော်တံတားအသုံးပြုသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးခြင်း၊ မျဉ်းဝါအကွက်အတွင်း သတ်မှတ်ချက်နှင့်အညီ ရပ်နားမောင်းနှင်သည့် ယာဉ်မောင်းများအား အသိအမှတ်ပြု ဆုငွေချီးမြှင့်ခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်ကျင်းပသောပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှေ့ ခုံးကျော်တံတား အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၌ မေ ၆ ရက်က ကျင်းပရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုဌာန ဝန်ထမ်းများ၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေး ကော်မတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ကြသည်။ ပဲခူးတိုင်း ဒေသကြီးအတွင်း၌ ယာဉ်မောင်းသူများနှင့် လမ်းအသုံးပြုသူများအနေဖြင့်  ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းဆိုင်ရာတို့ကို လိုက်နာမှု အားနည်းသဖြင့် ၂ဝ၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၁၆၃ မှုဖြစ်ပွားရာ သေဆုံးသူ ၄၇၆ ဦး၊ ဒဏ်ရာရသူ ၄၃၁၈ ဦးရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ယာဉ်တိုက်မှုပေါင်း ၈၇၂ မှုဖြစ်ပွားရာ သေဆုံးသူ ၂၁၉ ဦး၊ ဒဏ်ရာရသူ ၁၄၃၈ ဦး ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး အတွင်း၌ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းဟောင်းနှင့် ရထားလမ်း၊ အမြန်လမ်းမကြီးတို့ ဖြတ်သန်းသွားကြပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ဆီသို့   ဝင်/ထွက်နိုင်သော လမ်းဆုံလမ်းခွ ဖြစ်သည့်အပြင် ရန်ကုန်-ပြည်မော်တော်ကားလမ်းလည်း တည်ရှိသောကြောင့်  မော်တော်ယာဉ် အသွားအလာ များပြားသောဒေသ ဖြစ်သည့်အားလျော်စွာ  ရထားနှင့်ကား တိုက်မိသည့်ဖြစ်စဉ် အပါအဝင် ယာဉ်မတော် တဆဖြစ်သည့် သတင်းများကို စဉ်ဆက်မပြတ် ကြားသိနေကြရသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်၌ မေ ၃ ရက် နံနက် ၇ နာရီခန့်တွင် အရှိန်မထိန်းနိုင်သော နစ်ဆန်းယာဉ်တစ်စီးက တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားရာမှ  ယာဉ်ငါးစီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် လူငါးဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတင်ပို့ ခဲ့ရကြောင်း သိရသည်။ မော်တော်ယာဉ် မတော်တဆမှုများတွင် ရှေ့မှသွားနေသော ယာဉ်ကိုကျော်တက်ခြင်း၊ အရှိန်မထိန်းနိုင်သဖြင့် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားခြင်း၊ ရပ်ထားသော ယာဉ်ကိုဝင်တိုက်ခြင်း၊  မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိခြင်းစသည့်ဖြစ်စဉ် အမျိုးမျိုးရှိကြောင်း တွေ့ရသည်။

ထို့ကြောင့်  ယခုပြုလုပ်နေသော ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်နှင့် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုပညာပေး အစီအစဉ်များတွင် ပါဝင်သော သတ်မှတ်ချက်များကို ပွဲပြီးမီးသေ သဘောမထားဘဲ စွဲမြဲစွာမှတ်သား လိုက်နာကြပါက ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်မဖြစ်စေရန် ရှောင်ဖယ်နိုင်ကြမည် ဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော်လိုက်ရပါသည်။  

Read 20 times Last modified on Thursday, 09 May 2019 10:01