SJ WorldNews - шаблон joomla Авто

ပြည်ပပို့ကုန်တိုးမြှင့်ရေး ပင်လယ်ပြင်ကိုကာကွယ်

Wednesday, 15 May 2019 12:38 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံပြည်ပပို့ကုန် တိုးမြှင့်ရေးတွင် သား၊ ငါးကဏ္ဍမှ ငါး၊ ပုစွန်မွေးမြူ ထုတ်လုပ်ရေးသည် အရေးပါသော လုပ်ငန်းဖြစ်သဖြင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ကို ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း၊ ပုစွန်မွေးမြူထုတ်လုပ် ရောင်းချသူများအသင်း၊ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်  ပို့ကုန်လုပ်ငန်းရှင်များ အသင်း၊ ငါး၊ ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများအသင်း၊  ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း၊  ရေချိုငါးဖမ်း လုပ်ငန်း

လုပ်ကိုင်သူများ အသင်း၊ ကဏန်း လုပ်ငန်းရှင်များအသင်း၊ ငါးရှဥ့် လုပ်ငန်းရှင်များအသင်း၊ အလှမွေးငါး လုပ်ငန်းရှင်များအသင်း၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူများ အသင်းတို့ဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်အသင်းများသည် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးတို့ကို ဆောင်ရွက်နေကြရာ ယနေ့အချိန်တွင် ရေချို၊ ရေငန်ငါးနှစ်မျိုးလုံး ဈေးကွက်သို့ တင်ပို့နိုင်ရေး ပြင်ဆင်နေကြသည်။ သဘာဝမှ ရရှိသည့်ငါးများကို ဥရောပ ၁ဝ နိုင်ငံသို့တင်ပို့ရာတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန်တစ်သောင်းကျော် တင်ပို့နိုင်သဖြင့်   ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၂ဝ ကျော် ရရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများသို့ ငါးတင်ပို့နေသည့် စက်ရုံ ၁၂၃ ရုံရှိသည့်အနက် ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိသော စက်ရုံ ၂၃ ရုံ ပါဝင်သည်။ အဆိုပါစက်ရုံ ၂၃ ရုံမှ ၁၇ ရုံသည် မွေးမြူရေးငါးများကို တင်ပို့နိုင်ရန် ဥရောပ ဈေးကွက်၏ စစ်ဆေးမှု ခံယူပြီးဖြစ်သဖြင့်  ဥရောပဈေးကွက်သို့  မေ ၁ ရက်မှစ၍ တင်ပို့ခွင့် ရရှိထားသည့်ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဗီးယား၊ ပုစွန်ကျား၊ ပုစွန်ဖြူ၊ ကဏန်းပျော့တို့ကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဥရောပဈေးကွက်သို့ တင်ပို့ရာတွင် ရေချိုငါး၊ ပုစွန်များကို တင်ပို့သည့်အပြင် ရေငန်ငါးမွေးမြူတင်ပို့နိုင်ပါက ဈေးကွက်အလားအလာကောင်း ရရှိနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော  ရေချိုငါးလုပ်ငန်း ဥပဒေအရ တားမြစ်ချက်များမှာ ပေါက်ကွဲစေတတ်သော ပစ္စည်း၊ အဆိပ်အတောက် ဓာတုပစ္စည်းနှင့် ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသော ပစ္စည်းများဖြင့် ငါးဖမ်းခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း၊ တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊ တားမြစ်ထားသော ငါးမျိုး၊ အရွယ်အစားကို ဖမ်းဆီးခြင်း၊ တားမြစ်ထားသော အချိန်ကာလနှင့် နေရာဒေသတွင် ငါးဖမ်းခြင်းတို့ကို စစ်ဆေးတွေ့ ရှိပါက ရေချိုငါးလုပ်ငန်း ဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံမှငါးများကို ပြည်ပသို့ တင်ပို့ရာတွင် တရားမဝင် ဖမ်းဆီးထားသော ငါးမဟုတ်ကြောင်း (Illegal, Unreported, Unregulated fishing =IUU)နှင့် သဘာဝရေပြင်မှ တရားဝင် ဖမ်းဆီးရရှိသော ငါးဖြစ်ကြောင်း သက်သေခံချက် (Catch Certificate)ကို ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပေးရမည်ဖြစ်သည်။ ယခင်ကာလများက မြန်မာနိုင်ငံမှ ငါးများကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်၊ ဒေသတွင်း နိုင်ငံများဖြစ်သည့် မလေးရှားနှင့် စင်ကာပူ၊ ဂျပန်တို့အပြင် ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ UAE နှင့်ဗြိတိန်နိုင်ငံတို့သို့ တင်ပို့ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၏ သက်သေခံချက်ဖြင့် တင်ပို့ပေးကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းလှေများ တွေ့ရသည့် သတင်းကြားသိနေရသည်မှာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၈ ရက် နံနက် ၁ နာရီခန့်တွင် ကျွန်းပြားကြီးကျွန်း၏ အရှေ့မြောက်ဘက်  ရေမိုင် ၅ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့်စစ်ဆေးရာ အဏ္ဏဝါ(၆) အမည်ရှိ စည်းပျက်ကမ်းဝေး တရွတ်ဆွဲငါးဖမ်းလှေနှင့် လူ ၁၃ ဦး ဖမ်းဆီးရမိသည်။ ထို့ပြင် နံနက် ၂  နာရီ မိနစ် ၄ဝ ခန့်တွင် ခိုကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၄ မိုင်ခန့်အကွာ၌ နံ့သာဖြူအမည်ရှိ စည်းပျက်ကမ်းဝေး တရွတ်ဆွဲငါးဖမ်းလှေနှင့် လူ ၁ဝ ဦးတို့ကို ငါးခိုးဖမ်းရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။ အလားတူ ကျွန်းစုမြို့နယ် သမီးလှကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၈ မိုင်ခန့်အကွာ၌ မေ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တိုးတိုးလင်း အမည်ရှိ စည်းပျက်ကမ်းဝေးကင်းမွန် မီးထွန်းလှေပေါ်မှ လူခြောက်ဦးနှင့် ငါးခိုးဖမ်းရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးတွင် အရေးပါသော ရေချိုငါးမွေးမြူ ထုတ်လုပ်ရေးကို အားပေးရန် လိုသကဲ့သို့ မြန်မာ့ပင်လယ်ပြင်မှ တရားမဝင် ငါးဖမ်းလှေများကိုလည်း ထိရောက်သောနည်းဖြင့် တားဆီးကာကွယ်ကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 123 times Last modified on Wednesday, 15 May 2019 12:39