Print this page

ပန်းနှင့်လိပ်ပြာပမာ အကျိုးရှိကြစေရာ

Thursday, 16 May 2019 10:50 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ရေခံမြေခံကောင်း၍ မျှတသော ရာသီဥတုနှင့် သင့်တင့်သော လူဦးရေတို့တည်ရှိသော နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည်  နိုင်ငံတော်၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည်။

နိုင်ငံတော်လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးနှင့် ဆက်နွှယ်သော လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရာ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းများကို ကာလဒေသအလိုက် ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်နေကြသည့် အနက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်မှုများ ရှိကြသည်။  ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့်  တောင်သူများ ပူးပေါင်းလုပ်ကိုင်ကြရာတွင်  နိုင်ငံတော်က ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေ၊ စီးပွားရေး လုပ်ငန်းဆိုင်ရာ အစုအစပ် ဥပဒေတို့နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရဌာနဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သော လုပ်ငန်းများ ရှိသကဲ့သို့ မည်သည့်ခွင့်ပြုချက်မျှ မရယူဘဲ လုပ်ဆောင်သော လုပ်ငန်းများလည်း ရှိကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို မေ ၁၃ ရက်က ကျင်းပစဉ် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ လယ်ယာမြေ လုပ်ကိုင်ခွင့်ရသူများက နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများအား  ငှားရမ်း ဆောင်ရွက်နေကြသည့် ကိစ္စကို ကာကွယ်ရန် မည်သို့ဆောင်ရွက်မည်ကို သိလိုကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက   မေးခွန်းမေးမြန်းသည်။  လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းကို  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးက  စစ်ကိုင်းတိုင်းဒေသကြီး အတွင်း  ဖရဲသီး စိုက်ခင်းများအား  လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူများမှ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့် နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းကိုမျှ  ငှားရမ်းခြင်း မပြုစေရေး လာမည့် စိုက်ပျိုးရေးရာသီမှစ၍ ကြပ်မတ်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်မှ ၁၇ မြို့နယ်တွင် ဖရဲသီးနှင့် သခွားမွှေးသီးကို စိုက်ပျိုးကြရာ အများစုမှာ နိုင်ငံခြားသား လုပ်ငန်းရှင်များက မြေငှားပြီး စိုက်ပျိုးကြခြင်း ဖြစ်သည်။ တောင်သူများအနေဖြင့် မြေငှားခရကြသော်လည်း စိုက်ပျိုးသည့် နည်းပညာနှင့် အသုံးပြုသည့် ဓာတုဆေး အမျိုးအမည်ကိုမသိရဘဲ မြေဆီလွှာဆုံးရှုံးပြီး ဘေးထွက်ဆိုးကျိုး များကြောင်းနှင့် ဒေသခံများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းမရ၊ အလုပ်အကိုင်ရပြန်တော့လည်း  ထိုက်သင့်သော လုပ်အားခ မရကြောင်း သိရသည်။ ဒေသခံတောင်သူများထံမှမြေကို  နိုင်ငံခြားသား လုပ်ငန်းရှင်များက ငှားရမ်းရာ

တွင်  ၎င်းတို့အမည်ဖြင့် မငှားဘဲ မြန်မာလုပ်ငန်းရှင်များ၏ အမည်ဖြင့် ငှားရမ်းပြီး နိုင်ငံခြားသား လုပ်ငန်းရှင်များက စိုက်ပျိုးရေးပညာရှင်အဖြစ် လာရောက်နေထိုင် လုပ်ကိုင်နေကြကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ နိုင်ငံခြားသားများက မြေငှားပြီး ဖရဲသီးနှင့် သခွားမွှေးသီး စိုက်ပျိုးရာတွင် တောင်သူများအတွက် ပေးသော မြေငှားရမ်းခကို မသိရသော်လည်း  ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း တစ်သျှူးငှက်ပျော စိုက်ပျိုးသည့်မြေများအတွက် တစ်ဧကလျှင် တစ်နှစ်အတွက် မြန်မာငွေကျပ် ၁၂ဝဝဝဝ ပေးကြောင်း သိရသည်။ နိုင်ငံခြားသားများ လာရောက် မြေငှားရမ်း၍ တစ်သျှူးငှက်ပျော စိုက်ပျိုးကြ ရာတွင် မျိုးစေ့နှင့် မြေသြဇာကို ၎င်းတို့နိုင်ငံမှယူလာပြီး ဒေသခံများကို နေ့တွက်ပေး ငှားရမ်းစိုက်ပျိုးကြကြောင်းနှင့် ငှက်ပျောပင်များအတွက် လိုအပ်သော ရေကို စက်ရေတွင်းများ တူးဖော်အသုံးပြုကြောင်း သိရသည်။ တစ်သျှူး ငှက်ပျောကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးကြရာမှ ကဆုန်လနှင့်နယုန်လတို့တွင် အသီးများအားလုံး ဆွတ်ခူးပြီးသည်။ ပြည်ပသို့ ငှက်ပျောများ တင်ပို့ရာတွင် ငှက်ပျောခိုင်များမှ အသီးရင့်များကို ချက်ချင်း မမှည့်စေရန် ဆေးစိမ်ပြီး စက္ကူပုံးအတွင်း ထည့်၍ စနစ်တကျ ထုပ်ပြီးမှပို့သည်။ တစ်ဆင့်ခံ ဈေးကွက်ရောက်မှ ငှက်ပျောသီးများမှည့်စေရန် ဆေးတို့ပြီး ရောင်းချကြခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ငှက်ပျော ထွက်သော ရာသီတွင် ပြည်ပသို့တင်ပို့သည့် ငှက်ပျောကားများမှာ တစ်နေ့လျှင် ၁ဝ ဘီးယာဉ်နှင့် ၁၂ ဘီးယာဉ် ၂ဝ ခန့်ရှိသည်။

ထို့ကြောင့် စိုက်ပျိုးမြေ အသုံးချကြရာတွင် ဒေသခံတောင်သူ လယ်သမားများ မနစ်နာစေရေးနှင့် မြေအတန်းအစား မကျရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးတို့အတွက် တည်ဆဲဥပဒေ စည်းမျဉ်းများအတိုင်း ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူတို့ ပူးပေါင်းဆောင်ရွက်ကြလျှင် ပန်းနှင့်လိပ်ပြာပမာ အားလုံးအတွက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း မြဝတီက ထပ်လောင်း အကြံပြုလိုက်ရပါသည်။    

Read 61 times Last modified on Thursday, 16 May 2019 10:51