SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ရတနာကိုးပါးနှင့် နိုင်ငံသားတို့ တာဝန်

Friday, 17 May 2019 11:47 font size decrease font size decrease font size increase font size increase font size

သဘာဝကပေးသော ဆုလာဘ်များစွာကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံတွင် ဣန္ဒနီလာ၊ စိန်၊ ဂေါ်မုတ်၊ ဥဿဖရား၊ မြ၊ သန္တာ၊ ပုလဲ၊ ကြောင်၊ ပတ္တမြားဟူသော နဝရတ်ကိုးပါးတို့ကို တွင်းထွက်သယံဇာတများအဖြစ် တူးဖော် တွေ့ရှိရသည်။ ထို့ပြင် ရှေးခေတ်ဘုန်းတော်ဘွဲ့ များ၌လည်း ရတနာခုနစ်ပါး အစိုးရတော်မူသောဟု ရေးသားကြသည်ကို တွေ့ရသည်။ ရတနာခုနစ်ပါး ဆိုရာ၌ ရွှေ၊ ငွေ၊ ပုလဲ၊ မြ၊ ကြောင်မျက်ရွဲ၊ စိန်၊ သန္တာတို့ဖြစ်ကြောင်း မှတ်သားရသည်။

၎င်းတို့အထဲမှ နဝရတ်ကိုးပါး၌ ပါဝင်သကဲ့သို့ ရတနာခုနစ်ပါးတွင်လည်း ပါဝင်သော ပုလဲသည် ပင်လယ်ကမ်းရိုးတန်း ရေအောက်မှ ရရှိသော အဖိုးတန် ရတနာတစ်ပါး ဖြစ်သည်ကို အားလုံးသိကြပြီးဖြစ်သည်။ ထို့အတူ ပယင်းကျောက်ကိုလည်း လူသိများကြသည်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်မြစ်ကြီးနားခရိုင် တနိုင်းမြို့နယ်၌ ပယင်းရှာဖွေကြသူများ ရှိကြောင်း သတင်းကိုလည်း မကြာခဏကြားသိရသည်။ တနိုင်းလွင်ပြင်မှ စတင်စီးဆင်းသော ချောင်းများသည် အနောက်ဘက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းသော ချင်းတွင်းမြစ် ရေစီးကြောင်းသို့ စီးဝင်သွားကြသည်။ သမိုင်းမတင်မီခေတ်က မြန်မာနိုင်ငံမြောက်ဘက်ပိုင်း ဒေသ၏ ပထဝီဝင်ဆိုင်ရာ အချက်အလက်များကို မသိရသော်လည်း မျက်မှောက်ကာလ သုတေသီတို့၏ လေ့လာတွေ့ရှိချက်အရ လွန်ခဲ့သောနှစ် ၉၉ သန်းခန့်က ဤကမ္ဘာမြေပေါ်၌ ကျင်လည် ကျက်စားခဲ့ဖူးပြီး ယခုအချိန်တွင် မျိုးသုဉ်းသွားပြီ ဖြစ်သည့် အမ်မိုနိုက် ခေါ် ပင်လယ်ခရုရုပ်ကြွင်းကို မြန်မာနိုင်ငံမြောက်ပိုင်းမှ ထွက်သည့် ပယင်းအတွင်း၌ တွေ့ရှိရကြောင်း သိရသည်။

ယနေ့အချိန်တွင် အမ်မိုနိုက်ရုပ်ကြွင်းများကို နေရာအတော်များများ၌ ပြန်လည်တွေ့ရှိနေကြရာ အရွယ်အစားအားဖြင့် ပဲနောက်စေ့အရွယ်မှ ၁ဝ ပေအထိရှိကြသည်။ ထိုသို့တွေ့ရှိရမှုများအနက် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထွက်ရှိသည့် ပယင်းအတွင်း၌ အမ်မိုနိုက်ရုပ်ကြွင်းကို တွေ့ရှိရခြင်းသည် ကမ္ဘာတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သုတေသီများ၏ ပြောကြားချက်အရ သိရသည်။ ယခုတွေ့ရှိရသော ပယင်းအရွယ်အစားသည် အရှည် ၃၃ မီလီမီတာ၊ ဗြက် ၉ ဒသမ ၅ မီလီမီတာ၊ အမြင့် ၂၉ မီလီမီတာအသီးသီးရှိပြီး ပယင်းအတွင်း၌ အမ်မိုနိုက်ရုပ်ကြွင်းအပြင် စီနိုမာနီးယန်းခေတ်တွင် ကျက်စားခဲ့ဖူးသော သတ္တဝါအများအပြား ပါဝင်လျက်ရှိရာ အနည်းဆုံး အမျိုးပေါင်း ၄ဝ အထိရှိကြောင်း ကျွမ်းကျင်သူတို့က ဖော်ပြထားသည်။ မြန်မာ့ပယင်းအတွင်းမှ အမ်မိုနိုက် ရုပ်ကြွင်းကို တွေ့ရှိသူမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သိပ္ပံအကယ်ဒမီကျောင်း နန်ကျင်းတက္ကသိုလ်မှ ဘူမိဗေဒနှင့် ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ ပါမောက္ခဝမ်ဘို ဖြစ်သည်။ ပါမောက္ခဝမ်ဘိုနှင့် သုတေသီများ၏ အဆိုအရ ပယင်းအတွင်းရှိ အမ်မိုနိုက်သည် အကောင်ပေါက် အဆင့်သာ ရှိသေးကြောင်း၊ အပြင်အခွံသည် ကျိုးကြေနေပြီး အတွင်းအခွံမှာလည်း သဲများ ပြည့်နေခြင်းကြောင့် အမ်မိုနိုက်သည် အသက်မရှိချိန်မှသာ ပင်လယ်ကမ်းခြေသို့ ရောက်ရှိလာပြီးနောက် ပယင်းအတွင်း ပိတ်မိသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

သုတေသီတို့၏ အခြားသုံးသပ်ချက်များမှာ ယခုတွေ့ရသော ပယင်းသည် ပင်လယ်ကမ်းစပ်ရှိ သစ်ပင်များမှ သစ်စေးဖြစ်နိုင်ပြီး အဆိုပါ ပယင်းအတွင်းမှ တွေ့ရှိရသည့် အခြားပိုးကောင်များမှာ သစ်ပင်အနီးဝန်းကျင်၌ နေထိုင်သည့် ပိုးကောင်များ ဖြစ်နိုင်ကြောင်း ၎င်းတို့၏ ရေးသားချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ထွက်သောပယင်းအတွင်း ကမ္ဘာဦးသတ္တဝါ အချို့ကို အကောင်လိုက်သော် လည်းကောင်း၊ အစိတ်အပိုင်းအနေဖြင့်သော် လည်းကောင်း ပြန်လည် မြင်တွေ့ရသည့်အတွက် ထိုပယင်းများမှာ ကမ္ဘာကျော်လူသိများသည်။ မကြာသေးမီကလည်း ဒိုင်နိုဆောခေတ် ငှက်ရုပ်ကြွင်းနှင့် ပိုးဟပ်တို့ကို မြန်မာနိုင်ငံမှထွက်သော ပယင်းအတွင်း၌ တွေ့ရသည်။

ပယင်းဆိုသည်မှာ မာကျောနေပြီဖြစ်သော သစ်စေးတစ်မျိုး ဖြစ်သည်။ သစ်ပင်မှ သစ်စေး စတင်ဖြစ်ပေါ်ချိန်တွင် အဆိုပါ သစ်စေးအတွင်း၌ သက်ရှိအမျိုးမျိုးပိတ်မိနေရာမှ နောက်ပိုင်းတွင် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်သို့ ပြောင်းလဲလာခြင်း ဖြစ်သည်။ ပယင်းသည် အဖိုးတန်ရတနာ များကဲ့သို့ ရှားပါးဖြစ်တည်မှု၊ သန့်ရှင်းမှု စသည်တို့နှင့် ပြည့်စုံသော ရတနာတစ်ပါး ဖြစ်သည့်အပြင် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၂ဝ ခန့်က အဖိုးတန်သက်ရှိများ သိုမှီးရာ ပြတိုက်တစ်ခု အဖြစ်လည်းကောင်း၊ ကမ္ဘာကြီး၏ ဖြစ်ပျက်ပြောင်းလဲမှု ဖြစ်စဉ်အများအပြားကို သက်သေပြနိုင်သည့် တစ်ခုတည်းသော အဖိုးတန် ရတနာတစ်မျိုး အဖြစ်လည်းကောင်း လူအပေါင်းတို့ တန်ဖိုးထားကြသည်။

ထို့ကြောင့် ရတနာကိုးပါးနှင့် ပြည့်စုံသော ဤပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသား ဖြစ်ရသည်မှာ ဂုဏ်ယူဖွယ်ပင် ဖြစ်ရကား ဤမြေဤရေကို စောင့်ရှောက် ကာကွယ်ကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 85 times Last modified on Friday, 17 May 2019 11:48