SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အနုအယဉ် ရှုမြင်မငြီးသည့် ယွန်းထည်ပစ္စည်း

Friday, 24 May 2019 08:33 font size decrease font size decrease font size increase font size increase font size

လူတို့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများတွင် ခရီးသွားကြသည့်အခါ ဒေသထွက်ပစ္စည်းများကို အမှတ်တရလက်ဆောင် ပေးတတ်သည့် အစဉ်အလာရှိသည်။ ပြည်တွင်းခရီးသွား လာကြသည့်အခါ ပုဂံ-ညောင်ဦးသို့ ရောက်လျှင် ယွန်းထည်အသုံးအဆောင်ပစ္စည်းများကို မိမိအတွက်ဖြစ်စေ၊ ဆွေမျိုးမိတ်သင်္ဂဟများအတွက် ဖြစ်စေ ဝယ်ယူကြသည်။ မြန်မာနိုင်ငံသို့ လာရောက်ကြသော ပြည်ပခရီးသွား ဧည့်သည်များသည်လည်း အလားတူ ဝယ်ယူသွားကြသည်။

သစ်သား သို့မဟုတ် ဝါးဖြင့်ပြုလုပ်ပြီး သစ်စေးသရိုးကိုင်ထားသော ယွန်းထည်ပစ္စည်းထုတ်လုပ်သည့် အတတ်ပညာသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေဖြစ်သည်။ ရိုးရာယဉ်ကျေးမှုအမွေကို ပုဂံ-ညောင်ဦးဒေသခံ ပြည်သူတို့က ဆက်လက်ထိန်းသိမ်း လုပ်ကိုင်နေကြရာမှ ရေရှည်တည်တံ့ရေး၊ တိုးတက်ထွန်းကားရေး တို့ကို ဆောင်ရွက်နိုင်ရန် ပုဂံ-ညောင်ဦး၌ ယွန်းထည်အတတ်ပညာကောလိပ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ခရီးသွားနှစ်အဖြစ် ၁၉၉၆ ခုနှစ်ကို သတ်မှတ်ဆောင်ရွက်ချိန်တွင် မြန်မာတို့ယွန်းထည်ပစ္စည်း လုပ်ငန်းစတင် ဖွံ့ဖြိုးလာခဲ့ရာ ယနေ့အချိန်တွင် ပြည်တွင်းဝယ်လိုအားထက် ဥရောပနှင့် အနောက်နိုင်ငံများက ဝယ်လိုအားပိုများသဖြင့် ပြည်ပဈေးကွက်တိုးချဲ့နိုင်ရန် လုပ်ငန်းရှင်များ ဆောင်ရွက်နေကြသည်။ ယွန်းထည်ပစ္စည်း လုပ်ငန်းရှင်အများစုက ပြည်တွင်းဈေးကွက် အကြိုက်ကိုသာ ထုတ်လုပ်နေကြသော်လည်း ပြည်ပခရီးသွား ဧည့်သည်များက ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် အသုံးပြုနိုင်သည့် ယွန်းထည်ပစ္စည်းများကို နှစ်သက်ကြောင်း လုပ်ငန်းရှင် တစ်ဦး၏ပြောကြားချက်အရ သိရသည်။ ယွန်းထည်ပစ္စည်းထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းမှာ ချင်းပြည်နယ်မှ လာသောဝါးနှင့် ရှမ်းပြည်နယ်မှလာသော သစ်စေးတို့ဖြစ်သည်။ ကုန်ချောပစ္စည်းချင်းတူသော်လည်း ထုတ်လုပ်ထားသော အရည်အသွေးပေါ်မူတည်၍ ရောင်းချနိုင်သည့် ဈေးနှုန်းကွာခြားမှု ရှိသည်။ မျက်မှောက်ကာလ လူတို့အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ကြရာတွင် နည်းပညာဖြင့် တီထွင်ထားသော ကုန်ကြမ်းများကို အသုံးပြုသဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လူတို့အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ သဘာဝသစ်တောထွက်ကုန်ကြမ်း များဖြင့်သာ ထုတ်လုပ်ထားသော ယွန်းထည်အသုံးအဆောင် ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် လူတို့ကျန်းမာရေး ထိခိုက်မှုမရှိသဖြင့် ပြည်ပနိုင်ငံသားများက ပို၍နှစ်သက်ကြခြင်း ဖြစ်သည်။

ကုန်ထုတ်ဓာတု နည်းပညာဖြင့် ထုတ်လုပ်ထားသော လူတို့အသုံးအဆောင်ပစ္စည်းများမှ ခေါင်းလျှော်ရည်၊ ကလေးကစားစရာ အရုပ်နှင့်ကြမ်းခင်း ပစ္စည်းများကို အသုံးပြုခြင်းကြောင့် အဝလွန်ရောဂါ၊ ဆီးချိုအမှတ်(၂) ရောဂါတို့ ဖြစ်စေနိုင်သည့်အပြင် အသည်းကိုပါ ထိခိုက်စေကြောင်း ဆားဗီးယားနိုင်ငံ တက္ကသိုလ်မှ ပညာရှင်များက တွေ့ရှိထားကြသည်။ ပလတ်စတစ် အသုံးအဆောင်ပစ္စည်းများမှ ရေဘူးနှင့်အမွှေးနံ့သာရည် ထည့်သောဘူးများ ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ပစ္စည်းများတွင် လူတို့အတွက် ကျန်းမာရေးကို ထိခိုက်နိုင်သော အက်စစ်ပါဝင်ကြောင်း တွေ့ရပြီးနောက် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၌ ကလေးကစားစရာ အရုပ်များ ထုတ်လုပ်ရာတွင် ကျန်းမာရေးအတွက် ထိခိုက်စေသော အက်စစ်သုံးမျိုးကို အသုံးမပြုရန် တားမြစ်ထားသည်။ အဆိုပါအက်စစ်သုံးမျိုးသည် မျိုးဆက်ပွားကျန်းမာရေး အားနည်းစေခြင်း၊ အဝလွန်ရောဂါ ဖြစ်စေခြင်းနှင့် အရေပြားကင်ဆာ ဖြစ်စေနိုင်သည့်အပြင် အသည်းကိုပါ ထိခိုက်စေနိုင်သော အာနိသင်ရှိကြောင်း ဥရောပနိုင်ငံများမှ ဆေးပညာရှင်တို့၏ ဟော်မုန်းဗေဒဆိုင်ရာ နှစ်ပတ်လည် ညီလာခံ၌ ထုတ်ဖော်ပြောကြားကြသည်။ ညီလာခံသို့ တက်ရောက်လာကြသော အချို့ဆေးပညာရှင်များကမူ ယခုလေ့လာတွေ့ရှိချက်သည် သုတေသနလုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်သဖြင့် ပြီးပြည့်စုံအောင် လေ့လာပြီးမှ ထုတ်ဖော်ပြောကြားသင့်ကြောင်း ဆွေးနွေးကြသည်။

ပုဂံဒေသမှ ထုတ်လုပ်သော မြန်မာတို့ရိုးရာအမွေ ယွန်းထည်အသုံးအဆောင်ပစ္စည်းများသည် သဘာဝသစ်တောထွက် ပစ္စည်းများဖြင့် ပြုလုပ်ထားသဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်ပေါ်စေခြင်းနှင့် လူတို့အတွက် ကျန်းမာရေးကို ထိခိုက်စေသော အာနိသင်မရှိခြင်းတို့က ထူးခြားမှုဖြစ်သည်။ သစ်သားဖြင့် ပြုလုပ်သော ယွန်းထည်ပစ္စည်းများသည် ပန်းပုအတတ်ပညာနှင့် ပန်းချီမျက်စိဖြင့် ပုံဖော်ထားခြင်းဖြစ်ပြီး ဝါးဖြင့်ပြုလုပ်သော ယွန်းထည် အသုံးအဆောင် ပစ္စည်းများ သည်လည်း အလားတူလက်မှုပညာနှင့် ပန်းချီပညာတို့ကို ပေါင်းစပ်ပုံဖော်ထားကြသည်မှာ ရှုမငြီးနိုင်စရာ မြင်တွေ့နေရသဖြင့် မြန်မာတို့ ဂုဏ်ယူဖွယ်ယွန်းထည်ပစ္စည်းများ ဖြစ်သည်။

ထို့ကြောင့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာကို ကမ္ဘာက ပိုသိအောင် ယွန်းထည်ပစ္စည်း လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သော လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တိုးချဲ့ရရှိနိုင်ရေး ကြိုးစားအားထုတ်ကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 128 times Last modified on Friday, 24 May 2019 08:40