SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သားသမီးကောင်း များအဖြစ် မိဘတို့ ဂုဏ်ယူနိုင်ကြပါစေ

Sunday, 26 May 2019 11:37 font size decrease font size decrease font size increase font size increase font size

ဘုရင်မင်းခေါင်က သားသမီးကောင်း၏ မိဘဖြစ်ခဲကြောင်းကို မေးရာတွင် မင်းရာဇာက အကျယ်ထုံး ပုံဆောင်၍ လျှောက်ခဲ့သည်။ အဘိုးရာဇာ လူတို့တွင် မိကောင်းဖကောင်း သားသမီးကား ဖြစ်လွယ်၏။ သားကောင်းသမီးကောင်းတို့ မိဘတစ်မူကား အလွန်ပင် ဖြစ်ခဲသည် မဟုတ်တုံလောဟု မင်းကြီးမင်းခေါင်က မေးတော်မူသော် အရှင့်သား ဆိုတော်မူတိုင်း ဟုတ်လှပေ၏။ အရှင့်သား၊ အကြင်သားသမီး တို့သည် မိဘတို့အား ကျင့်ရာသော ဝတ်ငါးပါးနှင့် ပြည့်စုံအောင်ပြုမှ ချမ်းသာရသည် ဖြစ်ရာ၏။ သားသမီးတို့ ကျင့်ဝတ်ငါးပါး ဟူသည်ကား...မိဘကို လုပ်ကျွေးခြင်းလည်း တစ်ပါး၊ မိမိအမှုကိုပစ်၍ မိဘတို့၏ အမှုကို ရွက်ဆောင်ခြင်းလည်း တစ်ပါး၊ အမျိုးပွားပြန့်အောင် ပြုခြင်းလည်းတစ်ပါး၊ အမွေကိုခံထိုက်အောင် ကျင့်ခြင်းလည်းတစ်ပါး၊ မိဘသေလွန်လျှင်လည်း ငါ့မိဘတို့ရစေဟု ကုသိုလ်ကောင်းမှုပြု၍ ဝေငှခြင်းလည်းတစ်ပါး၊ ဤသည်လျှင် ကျင့်ဝတ်ငါးပါးတည်း။ အကြင်သားသည် အဆင်းအရောင် လှပငြားသော်လည်း ဤကျင့်ဝတ်ငါးပါးလည်းမရှိ၊ ဓမ္မသတ်နီတိကျမ်းလည်းမတတ်၊ ထိုသားကိုမွေးသဖြင့် ငါ့သားဟူ၍ မျက်စိဖြင့် ကြည့်ရသည့် အကျိုးတစ်ခုသာလျှင် အကျိုးရှိသည်။

ထိုသို့သောသားသည် သူရူးနှင့်သာတူသည်ဟူ၍ ပညာရှိတို့ဆိုကုန်၏။

ဤသည်မှာ ပုဂံခေတ်မင်းကြီးစွာ စော်ကဲ၊ သားတော်တရဖျားကြီး၊ ညီတော်ပထမ မင်းခေါင်ကြီးတို့ လက်ထက် မင်းသုံးဆက်မြောက် အဂ္ဂမဟာသေနာပတိရာထူးဖြင့် ချီးကျူးခန့်ထားခြင်း ခံရသော ရာဇာအမည်ရှိ ပညာရှိ အမတ်ကြီး၏ လျှောက်ထုံးစကားရပ်ကို ဇိနာလင်္ကာရမဟာဓမ္မရာဇဂုရုတံဆိပ်တော်ရ ရဟန်းတော် ရှင်စန္ဒလင်္ကာ ပြုပြင်စီရင်အပ်သော မဏိရတနာပုံကျမ်းမှ ကောက်နုတ်ချက် ဖြစ်ပါသည်။ ကုန်းဘောင်ခေတ်က ရေးသားပြုစုသော ကျမ်းဖြစ်သော်လည်း  ဤကျမ်းပါလျှောက်ထုံးများကား ကုန်းဘောင်ခေတ်လျှောက်ထုံးများ မဟုတ်ပါ။ ဤကျမ်းတွင် လောကကြောင်း၊ ဓမ္မကြောင်း၊ ရာဇကြောင်းတို့ကို ဖော်ပြထားသည်မှာ မှတ်သားဖွယ်ဖြစ်ပေသည်။

ယနေ့ခေတ် တိုင်အောင်ပင် အသုံးဝင်လှသော ကျမ်းဖြစ်သည့်အတွက် သားသမီးကောင်းတို့၏ မိဘဖြစ်ရန် ခက်ခဲလျက်ရှိသည်မှာ ယနေ့ခေတ်တိုင်အောင်ပင် ဖြစ်ပေသည်။ သားသမီးများကို ငယ်ငယ်ကတည်းက မဆုံးမသော် မိဘသည်လည်း ရန်သူမည်၏ ဆိုစကားပမာ မိမိတို့၏ ရင်သွေးများကို အချစ်လွန်ကာ အလိုလိုက်ခြင်းကြောင့် လမ်းမှား ရောက်သွားသော လူငယ်မောင်မယ်များ များပြားလှပေသည်။ အဓိက အရင်းခံသည် မိဘများဖြစ်ပေသည်။ သားသမီးကောင်းတို့၏ မိဘဖြစ်လိုသော် ငယ်စဉ်ကလေးဘဝက အစပြု၍ လိမ္မာယဉ်ကျေးအောင် ဆုံးမထားသင့်သည်။ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဘဟု ဆိုထားသည်။ မြန်မာမှုနယ်ပယ်တွင် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို ပညာရှင် အဆက်ဆက်တို့က မှတ်မိလွယ်အောင် စာကဗျာများ ရေးသား စပ်ဆိုထားရှိခဲ့သည်။

အဘိုးရာဇာ ပြောပြသော သားသမီးဝတ်ငါးပါးကို ပြန်ကြည့်ပါက ''ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ဝတ်ငါးသွယ်ကျင့်ဖွယ်သားတို့တာ''ဟူ၍ သင်္ဂဇာဆရာတော်က စပ်ဆိုထားခဲ့သည်။ သားသမီးဝတ်၊ မိဘဝတ်၊ ဆရာ့ဝတ် အစရှိသည်ဖြင့် ကိုယ်စီတာဝန်များ ရှိထားသည်မှာ ရှေးပဝေသဏီမှ ယနေ့တိုင် ဖြစ်ပါသည်။ တောင်းဆိုးပလုံးဆိုးကိုသာ ပစ်ရိုးရှိသည်။ သားသမီးဆိုးတို့ကို ပစ်ရိုးမရှိဟူသော စကားအတိုင်းပင် မိဘတို့မှာ သားသမီးတို့ကို အချစ်လွန်ကြသည်မှာလည်း ဓမ္မတာပင်ဖြစ်ပေသည်။

သားသမီးကောင်းဖြစ်ရန်မှာ  ပတ်ဝန်းကျင် ကောင်းရှိရန် လိုအပ်သကဲ့သို့  ဆရာသမားကောင်းနှင့် တွေ့ဆုံရန် လိုအပ်လှပေသည်။ လူငယ်တို့၏ သဘာဝမှာ အရာရာကို လေ့လာစူးစမ်း တတ်ကြသည်။ အသစ်အဆန်းကို မြင်တတ်သည်။ စိတ်ဝင်စားတတ်သည်။ ကျောင်းတွင် စာကြိုးစားသော သူငယ်ချင်းနှင့် အပေါင်းအသင်းဖြစ်သော သားသမီးသည် စာကြိုးစားချင်စိတ်ရှိကာ ကြိုးစားသည်။ စာမကြိုးစားဘဲ ရေစုန်မျှောနေတတ်သော အပေါင်းအသင်းနှင့် နီးစပ်သော သားသမီးသည် စာကြိုးစားချင်စိတ်လျော့နည်းတတ်သည်။ ထိုအခါ ကျောင်းသားတစ်ယောက် ဖြစ်သော်လည်း စာမှလွဲ၍ အားလုံး စိတ်ဝင်စားတတ်သော သားသမီး ဖြစ်သွားတတ်သည်။

အထူးသဖြင့် ယနေ့လူငယ်ထုကို ဖျက်ဆီးနေသောအရာမှာ  မူးယစ်ဆေးဝါးဖြစ်သည်။ မူးယစ်ဆေးဝါးသည် အကောင်းထက် ဆိုးကျိုးကိုသာ ပေးသည်။ မူးယစ်ဆေးဝါးကြောင့် မိမိဘဝတိုးတက် မြင့်မားသွားသူဟူ၍ တစ်ယောက်တလေမျှ မရှိသော်လည်း မူးယစ်ဆေးဝါးကြောင့် ဘဝဆုံးသွားသူများကား ဒုနှင့်ဒေးဖြစ်သည်။ ယနေ့ လူငယ်များကို ပန်းကလေးများနှင့် တင်စားချင်သည်။ ပန်းကလေးများကို ကောင်းကောင်းမွန်မွန် ဖူးပွင့်စေချင်သည်။ အချိန်မတိုင်မီ ပိုးကိုက်ခံရသော ပန်းအဖြစ်မျိုးကို မလိုလားပါ။ ''ပန်းကောင်းအညွန့်ချိုး'' ဟူသော စကားပုံသည် ပန်းမျိုးကောင်းကို အညွန့်မလူအောင် ချိုးနှိမ်လိုက်သကဲ့သို့ အမျိုးကောင်းသားသမီးကို လူရာမဝင်အောင် အသရေကို ချိုးနှိမ်သည်ဟုဆိုလိုသည်။ မူးယစ်ဆေးဝါး စွဲလမ်းသွားသော လူငယ်များအဖို့ ပန်းကောင်းအညွန့်ချိုးခံရခြင်း ဖြစ်သည်။ လူငယ်ဘဝအစသည် လွန်စွာ အရေးကြီးသည်။ အစကောင်းမှ အနှောင်းသေချာ ဆိုသကဲ့သို့ မိဘကောင်း၊ ဆရာသမားကောင်း၊ ပတ်ဝန်းကျင်ကောင်းတွင် ကြီးပြင်းမှသာ ပန်းကောင်းတစ်ပွင့်ဖြစ်လာပေလိမ့်မည်။

မည်သည့်မိဘမဆို မိမိတို့၏ သားသမီးများကို လိမ္မာရေးခြား ရှိစေချင်သည်။ ပညာတတ်ကြီး ဖြစ်စေချင်သည်။ ရာထူးဌာနန္တရ ကြီးကြီးမားမားနှင့် နိုင်ငံဝန်ကို ထမ်းဆောင်နေသူ ဖြစ်စေချင်သည်။ နိုင်ငံတော်အတွက် သားကောင်း သမီးကောင်းများ ဖြစ်စေချင်သည်။ အသက်ရှည်ရှည်၊ အနာကင်းကင်း၊ ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် ဘဝလမ်းခရီးကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်း စေချင်သည်မှာ မိဘတို့၏ ဆန္ဒဖြစ်သည်။ ဆရာကောင်းတပည့် ပန်းကောင်းပန် ဆိုသကဲ့သို့ မိဘတို့ အနေဖြင့်လည်း သားကောင်းသမီးကောင်းတို့၏ မိဘများဖြစ်စေချင်သည်မှာ သဘာဝဖြစ်သည်။ သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့ဖြစ်စေချင်သည်။ သားသည် မိဘအတွက် အားဖြစ်စေချင်သည်။ သမီးသည် မိဘအတွက် ထီးဖြစ်စေချင်သည်။ သားသမီးတို့၏ အောင်မြင်မှုကို ဂုဏ်ယူမဆုံး ဖြစ်နေသည်မှာ မိဘများဖြစ်သကဲ့သို့ သားသမီးတို့ ကျဆုံးနေလျှင်လည်း ဝမ်းနည်းမဆုံး ဖြစ်နေသည်မှာ မိဘများပင်ဖြစ်သည်။ ထို့ကြောင့် သားသမီး အပေါင်းတို့သည် မိဘတို့၏ ကျေးဇူးကို သိတတ်သူများ၊ ဆပ်တတ်သူများ ဖြစ်စေချင်သည်။

ထို့ကြောင့် အဘိုးရာဇာ လျှောက်ထုံးကဲ့သို့ မဖြစ်အောင် သားသမီးတို့ အနေဖြင့် မိမိတို့ ဘဝကို တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင်ပြီး အနာဂတ် နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားရင်း မိဘများအပေါ် တာဝန် ကျေပွန်နိုင်ကြပါစေ။     

Read 201 times Last modified on Sunday, 26 May 2019 11:38