SJ WorldNews - шаблон joomla Авто

ဖူဆယ်အားကစားနည်း ဖွံ့ဖြိုးရေး

Monday, 27 May 2019 09:53 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ အားကစားမြှင့်တင်ရေးကို အားကစားအဖွဲ့ချုပ်များက သက်ဆိုင်ရာ အားကစားနည်းအလိုက် ဆောင်ရွက်နေကြရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ဖူဆယ်အားကစား မြှင့်တင်ရေးအတွက် နိုင်ငံတကာ အဆင့်မီအားကစားရုံ တည်ဆောက်ရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်သို့ ၂ဝ၁၈ ခုနှစ်က တင်ပြတောင်းခံခဲ့ရာ ယခုအချိန်တွင် ခွင့်ပြုချက်ရပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ဖူဆယ်အားကစားရုံ တည်ဆောက်ရေးအတွက် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တင်ဒါခေါ်ယူခဲ့ရာ Suntac Company က တင်ဒါအောင်မြင်သဖြင့် ယခုအချိန်မှစ၍ သုဝဏ္ဏအားကစားကွင်း၌ လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ ဖူဆယ်အားကစားကွင်း တည်ဆောက်ရေးအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အနေဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်း ပံ့ပိုးပေးမည်ဖြစ်ပြီး လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖူဆယ်ဟူသောဝေါဟာရသည် ပေါ်တူဂီဘာသာစကား Futebol De Salao မှ ဆင်းသက်လာခြင်း ဖြစ်ပြီး မြန်မာလို ရုံတွင်းဘောလုံးပွဲ သို့မဟုတ် ခန်းမဘောလုံးပွဲဟု အဓိပ္ပာယ်ရကြောင်း အားကစားပညာရှင်များက အဓိပ္ပာယ် ဖွင့်ထားကြသည်။ အားကစားနည်းသည် ၁၉၃ဝ ပြည့်နှစ်လွန် ကာလများကတည်းက ဘရာဇီးနှင့်ဥရုဂွေးနိုင်ငံတို့တွင် ဖွံ့ဖြိုးနေပြီ ဖြစ်ပြီး ၁၉၈၅ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားပွဲ နောက်ပိုင်းမှသာ ဖူဆယ် (Futsal) အမည်ပြောင်းခဲ့ရာမှ ယခုအချိန်အထိ ဆက်လက် အသုံးပြုနေကြခြင်း ဖြစ်သည်။

ဘောလုံးအားကစားနည်းနှင့် ဖူဆယ်အားကစားနည်း တို့ကို နှိုင်းယှဉ်ကြည့်လျှင် ခြေအစုံကို အဓိကအသုံးပြုပြီး ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသော ရည်မှန်းချက်ချင်း တူညီသည်။ မတူညီသော အချက်များမှာ ဘောလုံးအားကစားနည်းက ကွင်းကျယ်နှင့်အားကစားသမား အရေအတွက် များသော်လည်း ဖူဆယ် အားကစားနည်းက ကွင်းအရွယ်အစား သေးငယ်ပြီး အားကစားသမား အရေအတွက် လျော့နည်းသည်။ ဖူဆယ်အားကစားနည်းသည် ဘောလုံးအားကစားနည်းကဲ့သို့ မြက်ခင်းပြင်တွင် မကစားဘဲ အားကစားရုံ အတွင်း၌ ယှဉ်ပြိုင်ရသည့်အပြင် အသုံးပြုသော ဘောလုံးနှင့် စည်းမျဉ်းသတ်မှတ်ချက်များလည်း မတူကွဲပြားသည်။

ဖူဆယ်အားကစားကွင်း အရွယ်အစားမှာ အလျားမီတာ ၄ဝ နှင့် အနံမီတာ ၂ဝ ရှိရန် နိုင်ငံတကာစံအဖြစ် သတ်မှတ်ထားသော်လည်း ယေဘုယျအားဖြင့် အလျား ၂၅ မီတာမှ ၄၂ မီတာအတွင်းနှင့် အနံ ၁၅ မီတာမှ ၂၅ မီတာရှိလျှင် ပြိုင်ပွဲကျင်းပနိုင်သော ကွင်းအဖြစ် အသိအမှတ်ပြုထားသည်။ ကွင်းမျက်နှာပြင်ကို သစ်သား သို့မဟုတ် အထူးပြုလုပ်ထားသော အခင်းဖြင့် ပြုလုပ်နိုင်ပြီး အားကစားသမားများအတွက် အန္တရာယ်မဖြစ်စေရန် ညီညာချောမွတ်သောမျက်နှာပြင်ဖြစ်အောင် ခင်းထားရမည့်အပြင် ကွင်းမျက်နှာပြင်နှင့် အဆောက်အအုံ မျက်နှာကြက် အကွာအဝေး ၄ မီတာရှိရမည်ဖြစ်သည်။ ဖူဆယ်အားကစားကွင်းအတွက် အသုံးပြုသော ဂိုး၏အကျယ်မှာ ၃ မီတာနှင့် အမြင့် ၂ မီတာ ရှိရမည်ဖြစ်ပြီး ဂိုးစည်းလိုင်းမှ ၆ မီတာအတွင်းကို ဂိုးဧရိယာအဖြစ် သတ်မှတ်သည်။ ပယ်နယ်တီ အမှတ်အသား နှစ်ခုရှိရာ ပထမအမှတ်အသားသည် ဂိုးနှင့် ၆ မီတာအကွာ၌ ရှိပြီး ထိုဧရိယာအတွင်း ဖြစ်သော ပြစ်ဒဏ်ဘောများကို ကန်သွင်းရန်ဖြစ်သည်။ ဒုတိယအမှတ်အသားသည် ဂိုးနှင့် ၁ဝ မီတာအကွာ၌ ရှိပြီး ကွင်းအတွင်း မည်သည့်နေရာတွင် မဆို ပြစ်ဒဏ်ဘော ခြောက်ကြိမ်ဖြစ်သော ပြစ်ဒဏ်ဘောများကို ကန်သွင်းရန်ဖြစ်သည်။

ကမ္ဘာ့ဖူဆယ် အားကစားလောကတွင် ဘရာဇီးနှင့်စပိန်တို့က ဦးဆောင်နေကြပြီး အာရှနိုင်ငံများ၌ အီရန်နိုင်ငံက ဦးဆောင်လျက်ရှိသည်။ အရှေ့တောင်အာရှ (အာဆီယံ) နိုင်ငံများ၏ ဖူဆယ်အားကစားတွင် ထိုင်းနိုင်ငံက ပြိုင်ဘက်နိုင်ငံများထက် ခေါင်းတစ်လုံးသာသော အနေအထားဖြင့် အောင်မြင်မှုရနေကြောင်း သိရသည်။ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက် ရှိရာ မြန်မာဖူဆယ်ကလပ် (MIU) သည် ၂ဝ၁၅၊ ၂ဝ၁၆ နှင့် ၂ဝ၁၈ ခုနှစ်တို့တွင် ကြေးတံဆိပ်ဆု သုံးကြိမ်ရရှိထားပြီး လာမည့် ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂ဝ၁၉ အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဘောလုံးကွင်းကျယ်နေရာ ခက်ခဲသော ဘရာဇီးနိုင်ငံမှ နာမည်ကျော်ကြယ်ပွင့် ဘောလုံးကစားသမား အများစုသည် ဖူဆယ်အားကစားသမားဘဝမှ စတင်ခဲ့ကြခြင်း ဖြစ်သည်ကို နမူနာယူ၍ နည်းစနစ်နှင့် ကျွမ်းကျင်မှုကို အလေးထားသော ဖူဆယ်အားကစားသမားများ ပေါ်ထွက်ရေး အလေးထား ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံဖူဆယ် အားကစားလောကဖွံ့ဖြိုးရေး မှတစ်ဆင့် ဘောလုံးအားကစားလောကအတွက် အကျိုးပြုနိုင်မည့် အလားအလာ ကောင်းနိုင်ကြောင်း မြဝတီက အကြံပြုအပ်ပါသည်။ ။

Read 57 times Last modified on Monday, 27 May 2019 09:55