SJ WorldNews - шаблон joomla Авто

ရှန်ငေါ်တောင်တန်းဖူးပွင့်လန်းစေမည်

Tuesday, 28 May 2019 09:25 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြောက်ဘက်ပိုင်းမှ မေခနှင့်မလိခမြစ်နှစ်မြွှာ မြစ်ဖျားခံ စီးဆင်းရာ ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ်၊ နောင်မွန်းမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တို့ ပါဝင်ကြသဖြင့် စုစုပေါင်းဧရိယာအားဖြင့် ကီလိုမီတာ တစ်သောင်းကျော် ကျယ်ဝန်းသည်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ် တည်ရှိရာ ဟိမဝန္တာတောင်မှ သွယ်ဆင်းလာသော တောင်စွယ်တောင်တန်းများနှင့် သဘာဝသစ်တောကြီးများကို ဖြတ်သန်းစီးဆင်းသော ချောင်းများ၊ စိမ့်စမ်းများကြောင့် ကချင်ပြည်နယ်အတွင်း ရာသီဥတု ကောင်းမွန်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးခါကာဘိုရာဇီ တောင်ထိပ်သည် နောင်မွန်းမြို့နယ်တွင် တည်ရှိပြီး ပေပေါင်း ၁၉၂၉၆ ပေအမြင့်၌ ရေခဲဖုံးလွှမ်းလျက်ရှိသည့် တစ်ခုတည်းသော တောင်ထိပ်ဖြစ်သကဲ့သို့ အရှေ့တောင်အာရှတွင်လည်း အမြင့်ဆုံးသောတောင်ထိပ် ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၂၉ ပေတွင်တည်ရှိသော ပူတာအိုမြို့သည် အလျားမိုင် ၂ဝ နှင့် အနံ ၁၂ မိုင်ခန့်ကျယ်ဝန်းသော တောင်ကြားလွင်ပြင်၌ တည်ရှိပြီး ဖုန်ကန်ရာဇီတောင်ထိပ်၊ ဂမ်လန်ရာဇီတောင်ထိပ်တို့နှင့် မိုင် ၆ဝ ကျော် အသီးသီး ကွာဝေးသည်။ ဟိုယခင်က မြစ်ကြီးနား-ပူတာအိုကုန်းလမ်းခရီး အကွာအဝေး ၂၁၈ မိုင်ကို ရက်ပေါင်း ၂ဝ ကျော် အချိန်ယူ သွားကြရသည်။ မြစ်ကြီးနား-ပူတာအို လေကြောင်းခရီးမှာ ပုံမှန်အတိုင်း မိနစ် ၄ဝ ခန့်ပျံသန်းရသည်။ ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ သွားလိုသော် တောတောင်အထပ်ထပ် လျှိုမြောင်အသွယ်သွယ်နှင့် မေခ၊ မလိခမြစ်နှစ်မြွှာကို ဖြတ်ကျော်ရသော ၁၃၂ မိုင်ခရီးကြမ်းကို ပင်ပင်ပန်းပန်းဖြင့် ကိုးရက်ကြာ သွားကြရသည်။ ဤသို့ လမ်းခရီးဆက်သွယ်ရေး ခက်ခဲခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက် အမြင်နီး၍ လက်တွေ့တွင် အလှမ်းကွာသော အကြောင်းတရားတစ်ခု ဖြစ်သည်။

မြန်မာမှုနယ်ပယ်၌ တောင်ကြီးဖဝါးအောက်၊ လှိုင်းကြီးလှေအောက် ဆိုရိုးစကားများ ရှိသည့်အားလျော်စွာ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်ထောင်စုကြီး၏ တစ်နံတစ်လျား ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန် တည်ဆောက်ရေး စီမံကိန်းများ အကောင်အထည်ဖော်၍ တောင်ပေါ်နှင့်မြေပြန့် ဖွံ့ဖြိုးတိုးတက်သည့် အခြေအနေကွာဟမှု ကျဉ်းမြောင်းစေရန် ဆောင်ရွက်ခဲ့ရာ ဟိုယခင်ကာလများဆီက ကုန်းကြောင်းခရီးဖြင့် ရက်ပေါင်း ၂ဝ ကျော်သွားရသော မြစ်ကြီးနား-ပူတာအိုခရီးကို ယနေ့အချိန်တွင် တစ်နေ့ခရီးအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း တွေ့ရသည်။ အလားတူ ပူတာအိုမြို့မှ ၁၃၂ မိုင်ဝေးသော ခေါင်လန်ဖူးမြို့သို့ ယခင်က ကိုးရက်ကြာသွားရသော ခရီးကြမ်းကို ယနေ့အချိန်တွင် အဆင့်မြင့်လမ်းအဖြစ် ဖောက်လုပ်လျက်ရှိရာ ပူတာအိုမှ မချမ်းဘော့-မဂွေဇခေါင်လန်ဖူး လမ်းခရီးကို နှစ်ညအိပ်သုံးရက်ဖြင့် သွားနိုင်ကြလေပြီ။

မဂွေဇမှ ခေါင်လန်ဖူးသို့သွားသော ၆၅ မိုင် ၄ ဖာလုံလမ်းကို နယ်စပ်ရေးရာဝန်ကြီး ဌာနက ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းအမြန်ပြီးစေရန် မောင်းနှင် အသုံးပြုလျက်ရှိသော ယန္တရားကြီးများအတွက် လိုအပ်သော စက်သုံးဆီဂါလန် ၃ဝဝ ကို မေ ၂ဝ ရက်က တပ်မတော် ရဟတ်ယာဉ်ဖြင့် ပူတာအိုမှ ခေါင်လန်ဖူးသို့ ပို့ရာတွင် ပူတာအိုမြို့နှင့် ခေါင်လန်ဖူး

မြို့မှ နယ်မြေခံ တပ်မတော်သားများက ရဟတ်ယာဉ်နှင့် မော်တော်ယာဉ်များပေါ် ရောက်အောင် အတင်အချ ပြုလုပ်ပေးကြသည်။ တပ်မတော်ရဟတ်ယာဉ်ဖြင့် စက်သုံးဆီများ ပို့ဆောင်ပေးသည့် မေ ၂ဝ ရက်တွင် ခေါင်လန်ဖူးမြို့ အမှတ်(၁)ရပ်ကွက်မှ ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ဦးသည် မီးဖွားရန် အခက်အခဲ ဖြစ်နေသဖြင့် ရဟတ်ယာဉ်ဖြင့်

ခေါ်ဆောင်၍ ပူတာအိုမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ထိုနေ့ညနေပိုင်းမှာပင် အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်ရောကလေးပါ ကျန်းမာလျက်ရှိကြောင်း သိရသည်။

တောတောင်တန်းနှင့်စိမ့်စမ်းရေတို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသော ပူတာအိုခရိုင်အတွင်း ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို ၁၉၉၆ ခုနှစ်တွင်လည်းကောင်း၊ ဖုန်ကန်ရာဇီ ဘေးမဲ့တောကို ၂ဝဝ၁ ခုနှစ်တွင်လည်းကောင်း အသီးသီး တည်ထောင်ထားပြီး ပတ်ဝန်းကျင် ဂေဟစနစ်များကို ထိန်းသိမ်းလျက်ရှိသည်။ ကူမွန်တောင်တန်းကို ဖြတ်၍

မြစ်ကြီးနား-ပူတာအိုကုန်းလမ်းခရီးကို နီးအောင်တည်ဆောက်ခဲ့ပြီး ယခုတစ်ဖန် ရှန်ငေါ်တောင်တန်းကိုကျော်၍ ပူတာအို-မဂွေဇ-ခေါင်လန်ဖူးကုန်းလမ်းခရီးကို နီးအောင် ဖန်တီးလျက်ရှိရာ ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ လူမှု-စီးပွားဘဝဖွံ့ဖြိုးရေး အလားအလာကောင်းကို မှန်းဆ၍ မြဝတီက မုဒိတာ ပွားမိရပါသည်။ ။

Read 55 times Last modified on Tuesday, 28 May 2019 09:25